ဆူးငှက်
ရှစ်မျက်နှာ ယှက်ကာခြုံသည်
ထက်အကာယံ့ နယ်ဖြစ်အင်။
ပက်ပါရွာအံ့ ခယ်ရစ်ဆင်သည်
တိမ်နယ့်ပိုင်ရှင် မာန်မူ၍
မင်ခဲမင်ညွန့် ကနုတ်ထောင်သည်
အဟုတ်ပြိုဆောင် ဖန်အားတတ်နိုင်ပေ့၊
ခွင့်မကာရဒါလကြံံမှာ . . .ခွာမြဝတ်မှုန် လပြည်ဝေ့ . . .
ငွေနှင်းစွေအန် ဟေမန်လေမို့
လေပြည်ဈာန် မွေ့ဖွေ့လှိုက်ခုန်
ရေထည်ခြုံလွှာ ပြန်ပြန်ထပ်တယ်
ဖန်ဖန်မြလက် ဘွင်သည်းစိမ့်ကာတုန် . . .။
မထင်မှတ်သော ဆောင်းလေအေးက လေးဖက်ရမ်းခဲ့သည်။ သူ့လက်ဖြည်မှ နှင်းက အပြေးအလွှား နေရာယူရလေတော့၏။ နှင်းရယ်လာမှ လာနိုင်ပါ့မလားရယ်လို့ စိုးရိမ်ပူပန်လိုက်ရတာကွယ်။ လာမည့် လာတော့လည်း ရက်လနှစ်ချီ အလီလီခွဲရလေသော သည်းသည်းလှုပ် ချစ်သူနှစ်ဦးဆုံတွေ့ရသလို နှင်းကလည်း ကဲလွန်းသည်းလွန်း လှချေ၏။ မိုးလေလား နှင်းလေလား ထင်မှတ်မှားရအောင် ဖြိုးဖြိုးဖြောက်ဖြောက် မိုးသီးမိုးပေါက်အလား ထင်မှတ်မှားရ၏။ သရက်ကုန်းကျောင်းတိုက်ဆီက ဆွမ်းခံတုံးမောင်းခေါက်တော့ အပျိုပေါက်နေခြည်က
“နှင်း”စောင်ထူထူအောက် အိပ်မောကျဆဲ..၊ ကိုမာလီက သူ့နို့စားနွားမဆီက နို့ညစ်ယူဖို့ သားခွဲသံ တဘူးဘူး ညံသော်လည်း နှင်းလွှာမကွဲသေး…။ နုဆတ် စိမ်းရွှင်သော ငှက်ပျောရွက်ဖားဖားတို့ ကင်းမိုးရေချိုးကြတာ အပြိုင်းအရိုင်း….။ တံစက်မြိတ်ကင်းမိုးရေသောက်ကြတာ အလုအယက်….။ ကန်သင်းလမ်းကွေ့ကောက်ကောက်ကလည်း မိုးစွေအပြီး နှင်းအရည် အဖျန်းအပက်မှာ စိုစိုစွတ်စွတ် အလူးအလဲ….။
ရွက်သစ်ခြုံလွှာ မဝယ်နိုင်မီစပ်ကြား ဒန့်ဒလွန်ပင်ပိန် ရှည်ရှည် လက်ပြင်ကိုင်းကလည်း နှင်းတောမှာ ခိုက်ခိုက်တုန်…..။ ငှက်ပျောခြံစပ်က ရှို့ထားသော အမှိုက်မီးခိုးအူအူကတော့ နှင်းကိုအံတုကာ ကခုန်ဖို့ ကြိုးစားနေရှာသည်။
သည်လိုနဲ့ . . .။
မနက်မိုးလင်းသည်နှင့် ရိုးမတောင်တန်းပြာပြာတွေဆီ ငေးမျှော်ရင်း၊ ဝီရိယလွန် ချိုးကူသံလေးတွေ နားထောင်ရင်း အညွန့် မတက်နိုင်သော သပြေပင်ပေါက်လေးတွေ ကြည့်ကာ သက်ပြင်းချရင်း၊ နို့စစ်စစ်၊ကော်ဖီ စစ်စစ်လေး တစ်ခွက် ငတ်မွတ်ရင်း….၊ မင်နံ့မပြယ်သေးသည့် လတ်ဆတ်သတင်းစာကို စောင့်မျှော်ရင်း၊ ဖောင်တော်ဦး ပရဟိတသွားမည့် ကလေးတွေပေးဖို့ သကြားသီးညို မှည့်မှည့်တွေ ခူးဆွတ်ရင်း….၊ မြန်မြန်နမ်းလှည့်ပန်း၏ အရောင်နီရဲရဲကို ရင်ခုန်ခံစားရင်း၊ ပုလင်းခွံ၊ အိတ်ခွံသည်ကို လည်ဆန့်ရင်း….၊ ခပ်ဝေးဝေးက ပျံ့လွင့်လာမည့်
အက်ဖ်အမ် ရေဒီယိုက သီချင်းသံကို နားစွင့်ရင်း ….
““ ငွေနှင်းမှုန်ရီ ဝေဝေစီ
မြောက်လေဆော်သွေးအေးတဲ့ လရာသီသမယအခါဆီ
ပြာသိုခွာညို ညှာစိုစိမ်းလဲ့လန်း ရွှေနန်းတော်သွင်း လဲ့ဝင်းမူရာပလီ
သူဇာ ဒေဝီ တော်ဝင်ပန်းကို မြန်းလို့ဆင်ရှာသည်
ဗျာပါဆံလေးချ အရွယ်ညီ
ဗွေသဖန်း ရဝေနန်း ရွှေကြငှာန်းဆောင်ဘုံဆီ။ ””
ဆောင်းအဝင် နောက်ကျသော်လည်း ပြာသိုလပြည့်ကျော်တွင် ဆောင်းက ဆောင်းအစွမ်းပြလာချေပြီ။ လွန်ခဲ့သော နှစ်ကာလများဆီက တန်ဆောင်မုန်းလပြည့် စစ်ကိုင်းတောင် ကထိန် ညများသည် ငွေနှင်းဖွဲဖွဲအောက်၌ ခိုက်ခိုက်တုန်မျှ ချမ်းသော်လည်း မန္တလေးသူ မန္တလေးသားတို့၏ မောင်ရင်းနှမအသွင် ရင်းနှီးချစ်ကြည်မှုဖြင့် ပုညရှင်ရင်ပြင်တော်ပေါ်၌ သွေးနွေးခဲ့ကြသည်။
ခုတော့ အတန်ဆောင်မုန်းလပြည့် စစ်ကိုင်းတောင် ကထိန်ညများက စရိုက်ပြောင်းလဲခြင်းနှင့်အတူဝေနေသော၊ဝေခဲ့သော နှင်းတွေ ဘယ်ဆီမှာလဲမသိ။
နှင်းမရှိတော့ ဆောင်းလည်းမရှိ။ နှင်းဝတ်လွှာရုံ မရှိလေသောအခါ ဆောင်းနတ်သမီးကား အဘယ်မှာလျှင် လူကြားတိုးဝံ့ပါမည်နည်း။ ဆောင်းကား ပျောက်ပေါ့။ ဆောင်းနေရာတွင် လောဘကြီးလွန်းသောကနေရာယူထားဆဲဖြစ်သည်။ကားမိုးကို သိမ်းပိုက်ရုံမျှမက သူနှင့်အလှမ်းကွာလွန်းသော ဆောင်းနတ်သမီးကိုပင် ထိကပါးရိကပါး လုပ်ချင်သည့်သဘော…..။ အခုတော့ ခြေခင်းလက်ခင်းသာလို့နေလားမသိ။ ပြာသိုလပြည့်ကျော်မှ ဆောင်းနတ်သမီး ရုတ်ချည်းထွက်လာပြီ။ နှင်းဝတ်ရုံက ပါးလွန်းလှတော့ သူမက မဝံ့မရဲ…..၊ ရှက်ကိုးရှက်ကန်း….ဒါပေမယ့် ဝတ်ရုံမပါဘဲ ဆောင်းနတ်သမီး အလှကြီးလှလို့ ချမ်းတုန်အေးလှရှိချေ၏။
တကယ်တော့ ဆောင်းကား သူ့နယ်မြေဝေစုကို နွေ နှင့် မိုးအတွက် ဖဲ့ဖဲ့ပေးနေရတာ ကြာချေပြီ။ ဆောင်း၏ပိုင်ဆိုင်မှု ကျန်တော့လေမည်လားမသိ။ နှစ်ဆယ့်တစ်ရာစု၏ ကမ္ဘာကြီးမှာဖြင့် စားဖို့သောက်ဖို့ အလုအယက် ပြေးလွှား ရှာဖွေနေကြရသည့် အထဲ၊ အတ္တ မာနတွေဖြင့် ကြီးနိုင်ငယ်ညှင်း စစ်တလင်းခင်းကြရရုံ သာမက ဖောက်လွှဲဖောက်ပြန် ရာသီဥတုကြောင့် ရှိမြဲနေမြဲ သဘာဝတရားက တန်ပြန်ဒဏ်ခတ်ရန် ပြင်ဆင်ပါလေပကော…။
နွေရဲလျှင် မိုးရဲပါမှ၊ မိုးရဲလျှင်လည်း ဆောင်းရဲပါမှ၊ ဆောင်းမပီသော ဆောင်းသည် အန္တရာယ်ဟု သိမှတ် လက်ခံနိုင်ကြပါလေကုန်။ ဆောင်း ပီသနိုင်ဖို့ နှင်းမင်းသမီးတို့ ငွေလွှာဝတ်ရုံတို့ ဖြန့်ကာ ပျော်မြူးကခုန်ကြလေကုန်။
သေချာတာကတော့ နက်ဖြန်မနက်ခင်းတွေ ဝေနေမှဖြစ်မှာပါလေ။
#voiceofmyanmar #VOM #ဆူးငှက် #ဆောင်းပါး