တရားဝင်လူနေထိုင်ခွင့် မကျသေးတဲ့ တိုက်ခန်းတွေ ကြိုပွိုင့်စနစ်နဲ့ အရောင်းအဝယ်ဖြစ်နေ

ဩဂုတ် ၁၇ – ၂၀၂၃
SN (VOM)

ရန်ကုန်မြို့မှာ ကန်ထရိုက်တွေရဲ့ ကြိုပွိုင့်စနစ်နဲ့ တိုက်ခန်းရောင်းချခြင်းတွေကြောင့် တရားဝင် လူနေထိုင်ခွင့်မရှိသေးတဲ့ တိုက်ခန်းတွေအရောင်းအဝယ် ဖြစ်နေတယ်လို့ အိမ်ခြံမြေအကျိုးဆောင်တွေဆီက သိရပါတယ်။

အဆောက်အဦဆောက်လုပ်ခွင့်ပြီးစီးကြောင်း အသိအမှတ်ပြုလက်မှတ် (Building Completion Certificate – BCC) မကျသေးတဲ့ တိုက်ခန်းတွေဟာ လက်ရှိမှာ အိမ်ရာနေထိုင်မှု လိုအပ်ချက်အရ အရောင်းအဝယ်ဖြစ်နေပြီး တိုက်ခန်းဆောက်လုပ်မှု မပြီးသေးဘဲ လူဝင်ရောက်နေထိုင်တာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

“အခုက လူနေထိုင်ခွင့်မကျသေးတဲ့ အထပ်မြင့်တိုက်တွေက တိုက်ခန်းတွေကို လိမ်လည် ရောင်းချတဲ့နည်း၊ ဈေးလျှော့တဲ့ နည်းလမ်းတွေနဲ့ ကန်ထရိုက်တွေက စည်းကမ်းမဲ့ ရောင်းနေကြတာ။ တချို့က သိသိကြီးနဲ့ လတ်တလော လိုအပ်ချက်အရ နေစရာမရှိလို့ ဝယ်ပြီး တက်နေနေကြတာလည်း ရှိသလို တချို့ကတော့လည်း နားမလည်ဘဲနဲ့ ဝယ်လိုက်မိတာတွေလည်း ရှိတယ်။ တချို့ကျတော့လည်း ဒီဈေးက တန်တယ်ဆိုပြီး ဝယ်လိုက်ကြတာတွေ ရှိတယ်”လို့ မရမ်းကုန်းမြို့နယ်ရှိ အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက ပြောပါတယ်။

တိုက်ခန်းတွေကို ဆောက်လုပ်ရာမှာ မြို့နယ်စည်ပင်သာယာရေးကော်မတီက ဆောက်လုပ်ခွင့် ဘုတ်အစိမ်းစိုက်ထူမှု ခွင့်ပြုတာကို ကနဦးလုပ်ငန်းစဉ်အဖြစ် သတ်မှတ်ပေးထားကာ ကန်ထရိုက်တိုက်ခန်း ဆောက်လုပ်မှု အလုံးစုံပြီးမြောက်ပါက စစ်ဆေးပြီး အခွန်ဆောင်မှုပြီးမှသာ BCC ကို ချပေးတာဖြစ်တယ်လို့ သိရပါတယ်။

“ကိုယ်ဝယ်ယူမယ့်တိုက်ခန်းက BCC ကျပြီးမှသာ အိမ်ရာဝယ်ယူသူတွေအနေနဲ့ အဆင်ပြေနိုင်မှာ ဖြစ်ပါတယ်။ BCC မကျသေးတဲ့တိုက်ခန်းတွေက ဈေးသက်သာတာမှန်တယ်၊ ဒါပေမယ့် ဘာအာမခံချက်မှ မရှိဘူး။ ကန်ထရိုက်တွေကတော့ လူနေရအောင်ပဲ ဖြစ်သလိုလုပ်ပြီး စည်းကမ်းမဲ့ သူတို့ပိုက်ဆံရ ပြီးရော ရောင်းနေကြတာ။ ဝယ်မိတဲ့သူအတွက်က ဘာအာမခံချက်မှ မရှိဘူး”လို့ သာကေတမြို့နယ်ရှိ အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက ပြောပါတယ်။

တိုက်ခန်းတွေ ဝယ်ယူရာမှာ မဖြစ်မနေ စစ်ဆေးသင့်တဲ့ စာရွက်စာတမ်းတွေထဲမှာ BCC ဟာလည်း တစ်ခုအပါအဝင်ဖြစ်ပြီး တချို့ကတော့ အဆောက်အအုံ ဆောက်လုပ်ခွင့်ပြီးစီးကြောင်း စာရွက်နဲ့ အဆောက်အအုံ ဆောက်လုပ်ခွင့်ပြုတဲ့ စာရွက်ကို စစ်ဆေးရာမှာ ရောထွေးတတ်ကြတယ်လို့ သိရပါတယ်။

အဆောက်အဦဆောက်လုပ်ခွင့်ပြုတဲ့ စာရွက်စာတမ်း ဆိုတာဟာ အဆောက်အဦတစ်ခု ဆောက်လုပ်ဖို့ လိုအပ်တာတွေကို စည်ပင်သာယာရေးကော်မတီ (အင်ဂျင်နီယာဌာန)ကို တင်ပြပြီး ဌာနကနေ ကွင်းဆင်းစစ်ဆေးကြည့်ရှုပြီးနောက် ကျေနပ်မှုရှိတဲ့အခါ ၎င်းတို့ခွင့်ပြုတဲ့ ပုံစံအတိုင်း လူနေထိုင်ဖို့
(ဒါမှမဟုတ်) လုပ်ငန်းလုပ်ကိုင်ဖို့ အစရှိတဲ့ စည်းကမ်းချက်တွေနဲ့အညီ “အဆောက်အအုံ ဆောက်လုပ်ခွင့်ပြုတဲ့စာရွက်” ထုတ်ပေးတာဖြစ်ပြီး အဲ့ဒီသက်သေခံစာရွက်ဟာ BCC မဟုတ်ဘူးလို့ သိရပါတယ်။

အဆောက်အဦဆောက်လုပ်ပြီးစီးတဲ့အခါမှာလည်း စည်ပင်သာယာရေးကော်မတီ (အင်ဂျင်နီယာဌာန)မှ ထပ်မံ ကွင်းဆင်းလေ့လာပြီးနောက် သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေနဲ့ ကိုက်ညီမှုရှိတဲ့ အဆောက်အဦကို သက်သေခံလက်မှတ် BCC ထုတ်ပေးတာဖြစ်သလို အဲ့ဒီလက်မှတ် ပါရှိမှသာ အဆောက်အဦထဲမှာ လူနေထိုင်ခွင့် ရရှိတာဖြစ်ပြီး သတ်မှတ်ချက်နဲ့ ကိုက်ညီမှုမရှိပါက အဆောက်အအုံကို ပြန်လည်ဆောက်လုပ်ရမှာဖြစ်တဲ့အတွက် လူနေထိုင်ခွင့်မရှိဘူးလို့ သိရပါတယ်။

”တိုက်ခန်း ဝယ်ယူမယ့်သူတွေအနေနဲ့ စာရွက်မှာ ရေးသားထားတဲ့ အကြောင်းအရာ ဆိုတဲ့ နေရာမှာပါတဲ့စာတွေကို သေသေချာချာ ဖတ်ရှုဖို့ လိုအပ်ပါတယ်။ တချို့က ဆောက်လုပ်ခွင့်ပြုတာနဲ့ နေထိုင်ခွင့်ပြုတာကို မှားတတ်ကြတယ်။ ဒါကို သေသေချာချာ စစ်ဆေးဖို့လိုတယ်။ BCC မကျသေးတဲ့ တိုက်ခန်းကို ဝင်ရောက် နေထိုင်မိတယ်ဆိုရင် တိုင်တန်းသူရှိတဲ့အခါ စည်ပင်သာယာရေးကော်မတီက ချမှတ်ထားတဲ့ ဥပဒေအရ အရေးယူခြင်းခံရနိုင်တယ်”လို့ အိမ်ခြံမြေအကျိုးဆောင် ရှေ့နေတစ်ဦးက ပြောပါတယ်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေပုဒ်မ-၆၁ (ဃ)မှာ မည်သူမျှ ကော်မတီက ခွင့်ပြုထားတဲ့ အဆောက်အအုံပုံစံနဲ့ ကွဲလွဲခြားနားတဲ့ အဆောက်အအုံကို ဆောက်လုပ်ခြင်းမပြုရဟုလည်းကောင်း၊ ပုဒ်မ ၆၁ (င) မှာ မည်သူမျှ ဆောက်လုပ်ပြီးသော အဆောက်အအုံတစ်ခုတွင်ဖြစ်စေ၊ အဲ့ဒီအဆောက်အအုံရဲ့ အစိတ်အပိုင်းတစ်ခုတွင်ဖြစ်စေ၊ ကော်မတီရဲ့ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်နေထိုင်ခြင်း၊ အသုံးပြုခြင်းမပြုရဟုလည်းကောင်း တားမြစ်ပြဋ္ဌာန်းထားတယ်လို့ သိရပါတယ်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေပုဒ်မ (၆၈)မှာ မည်သူမဆို ဥပဒေပါတားမြစ်ချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ဒါမှမဟုတ် လိုက်နာရန် ပျက်ကွက်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရပါက ထိုသူကို ထောင်ဒဏ် တစ်နှစ်အထိဖြစ်စေ၊ အနည်းဆုံးငွေဒဏ် ကျပ်တစ်သောင်းမှ အများဆုံး ငွေဒဏ် ကျပ်ငါးသိန်းအထိဖြစ်စေ၊ ဒဏ်ငွေနှစ်ရပ်လုံးဖြစ်စေ၊ ချမှတ်နိုင်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။

“ဥပဒေပုဒ်မ ၆၈ အရ ပြစ်ဒဏ်ချခံရသူဟာ အဲ့ဒီဥပဒေပြဋ္ဌာန်းချက်ကို ဆက်လက် ဖောက်ဖျက်ကျူးလွန်နေရင် ဒါမှမဟုတ် လိုက်နာဖို့ ပျက်ကွက်ရင် အဲ့ဒီလူကို ဆက်လက်ဖောက်ဖျက် ကျူးလွန်ခြင်း ဒါမှမဟုတ် ပျက်ကွက်ခြင်းပြုတဲ့ နေ့ကစလို့ တစ်ရက်ကို ဒဏ်ငွေ ကျပ် တစ်သောင်းကနေ ငါးသောင်းအထိ နေ့တိုင်း ဒဏ်တပ်ခံနေရမှာဖြစ်ပါတယ်”လို့ အိမ်ခြံမြေအကျိုးဆောင်ရှေ့နေက ပြောပါတယ်။

ဒါ့အပြင် BCC မကျသေးတဲ့ အဆောက်အဦမှာ နေထိုင်တဲ့အခါ ကိုယ်ပိုင်မီတာလျှောက်ထားခွင့်ရှိမှာမဟုတ်ဘဲ အဆောက်အဦတစ်ခုလုံးအတွက် စုပေါင်းအသုံးပြုရတဲ့ မီတာကိုသာ အခန်းတွေအားလုံးက အချိုးကျ ထည့်ဝင်ကြရမှာဖြစ်တယ်လို့ သိရပါတယ်။

Photo Crd – Original Uploader
#voiceofmyanmar #VOM #တရားဝင်လူနေထိုင်မကျတဲ့တိုက်ခန်း #ကြိုပွိုင့်စနစ် #အရောင်းအဝယ်ဖြစ်

Related posts

Leave a Comment

VOM News

FREE
VIEW