မာရဝိဇယဘုရားအတွက် အထွေထွေကုန်ကျစရိတ်တွေကို ပြည်သူတွေက ပေးရမှာ ဖြစ်တယ်လို့ သိရ

ဩဂုတ် ၂၄ – ၂၀၂၃
SN (VOM)

နေပြည်တော်က မာရဝိဇယဘုရားအတွက် ဝန်ထမ်း ၇၀၀ နီးပါး ခန့်ထားဖို့ ရှိပြီး ဒီဝန်ထမ်းတွေအတွက် လစာပေးဖို့ရှိသလို တခြားသောကုန်ကျစရိတ်တွေလည်း ရှိတာကြောင့် ဒီကုန်ကျစရိတ်တွေအတွက် ဘုရားဖူးမြှော်ခွင့် အခကြေးငွေ ကောက်ခံရခြင်း ဖြစ်တယ်လို့ နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ဩဂုတ် ၂၂ ရက်က နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ ၂၂ ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

“ဘုရားကြီး ရေရှည်တည်တံ့ရေးအတွက် ထိန်းသိမ်းရမယ့်တာဝန်ရှိပါတယ်။ သန့်ရှင်းရေး၊ ရေ၊ မီးအတွက် ဒီဝန်ထမ်းတွေ ကျွန်တော်တို့ခန့်ရမှာဖြစ်ပါတယ်။ အနည်းဆုံး ၆၀၀ နဲ့ ၇၀၀ ကြားလောက် ခန့်ရမယ့် အနေအထားမှာ ရှိပါတယ်။ ဒီ့အတွက် ငွေကောက်ခံတာ ဖြစ်ပါတယ်” လို့ နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

ဒီဘုရားကြီးအတွက် ကျန်တဲ့စရိတ်တွေမပါဘဲ လျှပ်စစ်မီတာခတင် တစ်လကို သိန်း ၁၅၀၀-၂၀၀၀ ကြား ကုန်ကျတာကြောင့် ဒီကုန်ကျစရိတ်တွေကို နိုင်ငံ့ဘဏ္ဍာထဲကနေ သုံးစွဲဖို့အတွက် နိုင်ငံတော်ဘတ်ဂျက် မူဝါဒအရ မဖြစ်နိုင်ဘူးလို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

“ဒီကုန်ကျစရိတ်တွေအတွက် နိုင်ငံတော်ဘတ်ဂျက် မူဝါဒအရ မဖြစ်နိုင်ပါဘူး။ ဘယ်ဘုရားစေတီမှာမှလည်း ထုံးစံမရှိပါဘူး။ အရင်ကလည်း မရှိခဲ့ဖူးပါဘူး။ ဒါကြောင့်မို့လို့ ကျွန်တော်တို့က ဖူးမြှော်ကုသိုလ်ယူသူတွေကို ၁၀၀၀ ကျပ်နဲ့ ခွင့်ပြုတာဖြစ်ပါတယ်။ ကျောင်းသား၊ကျောင်းသူတွေ၊ ရဟန်းသံဃာတွေကတော့ အခမဲ့ ဖြစ်ပါလိမ့်မယ်။ ဝန်ထမ်းတွေကတော့ ဝန်ထမ်းကဒ်နဲ့ ၅၀ ရာခိုင်နှုန်း ကောက်ခံတာဖြစ်ပါတယ်။ ခုဏပြောတဲ့ဟာသည် ပြောပလောက်တဲ့ငွေ မဟုတ်ပါဘူး။ ကုသိုလ် ပါဝင်ခွင့်ရတာပဲ ဖြစ်ပါတယ်”လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

နစက အနေနဲ့ မာရဝိဇယဘုရားကို သြဂုတ် ၈ ရက်မှ စက်တင်ဘာ ၃ ရက်အထိ အခမဲ့ဖူးခွင့်ပြုထားပြီး စက်တင်ဘာ ၄ ရက်မှစတင်ကာ လူကြီးကျပ် ၁,၀၀၀၊ ကလေးတစ်ဦး (ရင်ခွင်ပိုက်မပါ) ကျပ် ၁,၀၀၀၊ နိုင်ငံခြားသားတစ်ဦး ဒေါ်လာ ၁၀ ၊ အပျော်ရိုက်ကင်မရာ (ဖုန်း/ကင်မရာ) ကျပ် ၅,၀၀၀၊ အလှဓာတ်ပုံရိုက်/ဗီဒီယိုအပါ (နာရီဝက်ပိုတိုင်း ကျပ် ၅,၀၀၀) ကျပ် ၅၀,၀၀၀၊ ယာဉ်ဝင်ခွင့် တစ်စီး (ကား parking အထိ) ကျပ် ၂၀,၀၀၀၊ Buggy တစ်စီး (လေးယောက်စီး) တစ်နာရီ ကျပ် ၁၀,၀၀၀ ကောက်ခံမှာလို့ ထုတ်ပြန်ထားပါတယ်။

ငွေကြေးကောက်ခံမှုကို အပျော်ရိုက်ကင်မရာ(ဖုန်း)အတွက် ပြန်လည်ပယ်ဖျက်ခဲ့ပြီး ရဟန်းသံဃာ၊ သီလရှင်တွေနဲ့ ကျောင်းသား ကျောင်းသူတွေကို အခမဲ့ ဖူးမြော်ခွင့်ပေးသွားမှာ ဖြစ်သလို ဝန်ထမ်းတွေကိုလည်း ၅၀ ရာခိုင်နှုန်း လျှော့ချကောက်ခံပေးသွားမယ်လို့လည်း ပြင်ဆင်ထုတ်ပြန်ထားပါတယ်။

“ဘုရားက ရတဲ့ပိုက်ဆံနဲ့ ဝန်ထမ်းတွေကို လစာပေးမယ့်ကိစ္စက ရေရှည်မှာအလုပ်ဖြစ်ဖို့လိုတယ်။ သူက မီတာခတင် သိန်း ၁၅၀၀-၂၀၀၀ ကြား ရှိတယ်ဆိုတော့ ဒါကို ဘုရားကိုလာမယ့် ပြည်သူတွေက ဝိုင်းဝန်းပြီး မီတာဆောင်ပေးရမှာဖြစ်တယ်။ နောက် ဝန်ထမ်းတွေအတွက် လစာကိုလည်း ဒီဘုရားဖူးတွေကပဲ အကုန်ကျခံရမှာဆိုတော့ ဒါက ရေရှည်မှာ အလုပ်ဖြစ်နိုင်ပါ့မလား။ ပြီးတော့ ဒီဘုရားဖူးတွေဆီက ရမယ့်ပိုက်ဆံကို ဒီကုန်ကျစရိတ်တွေအတွက် တကယ်သုံးမှာလားပေါ့။ ဒါကလည်းရှိသေးတယ်။ အခုခေတ် ကုန်ဈေးနှုန်းကြောင့် ချွတ်ခြုံကျနေတဲ့ ပြည်သူတွေကရော ဒါကို ရေရှည်အတွက် အကုန်ကျခံပေးနိုင်မှာလား။ ဘယ်လိုဆက်သွားမလဲဆိုတာတော့ စောင့်ကြည့်ရမှာပေါ့။ တချို့နိုင်ငံတွေက ဘုရားတွေ ဝင်ကြေး‌ပေးရတာနဲ့ မနှိုင်းယှဉ်နဲ့။ သူတို့နိုင်ငံတွေက ဒီနိုင်ငံလို ဆင်းရဲနေတာမဟုတ်ဘူး”လို့ နိုင်ငံရေးလေ့လာစောင့်ကြည့်သူတစ်ဦးက ပြောပါတယ်။

မာရဝိဇယဘုရား တည်ဆောက်ရာမှာ နိုင်ငံတော်ဘတ်ဂျက်ကို မသုံးစွဲထားဘဲ တပ်ရဲ့ငွေကြေး၊ လုပ်ငန်းရှင်တချို့ရဲ့ ငွေကြေးနဲ့သာ တည်ဆောက်ထားတာဖြစ်ပြီး ဘုရားပရဝုဏ်ဟာ ဧက ၂၅၅ ဧက ကျယ်ဝန်းတယ်လို့ သိရပါတယ်။

“ကျွန်တော့်အသက် ၆၀ ကျော်ပြီ။ မြန်မာပြည်မှာ ဘုရားကို ဝင်ကြေးပေးပြီး ဖူးရမယ်ဆိုတာ ဒီတစ်ခါပဲကြားဖူးတယ်။ သမိုင်းဝင် သက်တမ်းရင့် တန်ခိုးကြီးဘုရားတွေတောင်မှ ဆင်းရဲချမ်းသာ၊ လူတန်းစားမရွေး အခကြေးငွေမယူဘဲ ကြိုက်တဲ့အချိန် ဖူးလို့ရတယ်။ ဒီ အခကြေးငွေ ကောက်တာကလည်း ဘုရားမှာခန့်မယ့် ဝန်ထမ်းတွေအတွက်တဲ့။ တစ်ခါမှ မကြားဖူးတဲ့စကားတွေ။ သူတို့ ဘာလေးပဲ လုပ်လိုက်လုပ်လိုက် အကုန် အဆန်းတွေချည်း”လို့ ပြည်သူတစ်ဦးက ပြောပါတယ်။

နစကအနေနဲ့ ဒီဘုရားကြီး ဖြစ်တည်လာဖို့အတွက် ၂၀၁၈ ခုနှစ်မှာ မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ စကျင်ကျေးရွာမှာ တွေ့ရှိခဲ့တဲ့ ၆၅ ပေရှိတဲ့ စကျင်ကျောက်ကို ဘုရားအဖြစ် ထုလုပ်ကိုးကွယ်ပြီး မာရဝိဇယ အမည်မှည့်ခဲ့တာ ဖြစ်ပါတယ်။

အလေးချိန် ၅,၂၉၂ တန်၊ ၆၅ ပေရှိတဲ့ စကျင်ကျောက်တုံးကြီးကို ၂၀၁၉ ခုနှစ်မှာ တူးဖော်ခဲ့ပြီး ၂၀၂၁ ခုနှစ်၊ မတ်လ ၁၇ ရက်မှာ လေးပိုင်းခွဲကာ နေပြည်တော်ကို သယ်ဆောင်ခဲ့ကာ ၂၀၂၃ ခုနှစ်၊ မတ်လအတွင်း ထုလုပ်ပြီးစီးခဲ့တာကြောင့် သြဂုတ် ၁ ရက်မှာ ရေစက်ချခံတာ ဖြစ်ပါတယ်။

#voiceofmyanmar #VOM #မာရဝိဇယဘုရား #အထွေထွေကုန်ကျစရိတ်

Related posts

Leave a Comment

VOM News

FREE
VIEW