ပြန်ကြော်ဆီတွေကို ဓာတုနည်းနဲ့ပြုလုပ်ရောင်းချသူတချို့ ဖမ်းဆီးစစ်ဆေးခံနေရ

စက်တင်ဘာ ၁၄ – ၂၀၂၃
SN (VOM)

ပြန်ကြောဆီတွေကို ဓာတုနည်းနဲ့ ပြုလုပ်ရောင်းချနေတဲ့ သိမ်ကြီးစျေးက ဆီလုပ်ငန်းရှင်တချို့ကို ဖမ်းဆီး စစ်ဆေးခံနေရတယ်လို့ ကုန်သည်အသိုင်းအဝိုင်းက သိရပါတယ်။

အဲ့ဒီ့ ဆီလုပ်ငန်းရှင်တွေကို သူတို့ရောင်းချထားတဲ့ ငွေလက်ငင်းဖြတ်ပိုင်း (ဘောင်ချာ)တွေနဲ့အတူ လာရောက်ဖမ်းဆီးသွားတာဖြစ်တယ်လို့ သိရပါတယ်။

“သူတို့ ဒီလိုလုပ်ရောင်းနေတာက အခုမှမဟုတ်ဘူး၊ တော်တော်လေး ကြာနေပြီလို့ သိရတယ်။ အခုမှ ထဖမ်းတာ။ ဘာလို့ အခုမှထဖမ်းလဲတော့ မသိဘူးပေါ့။ ဒီလို ဓာတုဆေးဝါးတွေ ရောတယ်ဆိုတာကတော့ ဘယ်လိုမှ မကောင်းတဲ့အရာပေါ့။ မလုပ်သင့်ပါဘူး”လို့ စီးပွားရေးလုပ်ငန်းရှင်တဦးက ပြောပါတယ်။

လက်ရှိ ရန်ကုန်တိုင်းအတွင်းမှာ ကုန်သွယ်ရေးတာဝန်ခံ ဗိုလ်ချုပ်အပါအဝင် စီးပွားရေးလုပ်ငန်းရှင်တချို့ကို နစက က ဖမ်းဆီး စစ်ဆေးနေတယ်လို့ သိရပြီး ဆီလုပ်ငန်းရှင်တွေကို ရည်ညွှန်းဈေးထက် ၁၀ ရာခိုင်နှုန်းသာ အမြတ်တင်ရောင်းချဖို့ ညွှန်ကြားခဲ့ပြီးနောက် အခုလို စားသုံးဆီတွေထဲ ဓာတုပစ္စည်းတွေ ရောနှောရောင်းချတဲ့ ဆီလုပ်ငန်းရှင်တွေကို ဖမ်းဆီးလာတာဖြစ်ပါတယ်။

“လက်ရှိ ထိန်းသိမ်းခံ၊ စစ်ဆေးခံနေရတဲ့ စီးပွားရေး လုပ်ငန်းရှင်တွေထဲ ဆီကုန်သည်က အများဆုံးလို့ သိရတယ်။ စားသုံးဆီ၊ ပြန်ကြော်ဆီတွေကို ဓာတုပစ္စည်းနဲ့ ရောနှောပြီး မြေပဲဆီအနံ့၊ နှမ်းဆီအနံ့ထွက်အောင်လုပ်ပြီး လိမ်လည်ရောင်းချသူတွေကိုပါ ဖမ်းဆီးထားတယ်လို့လည်း သိရတယ်။ အပြစ်ကြီးတဲ့လူတွေကိုတော့ ထောင်ချမှာပေါ့။ ပြန်လွတ်လာတဲ့သူတွေရှိသလို ပြန်မရောက်လာသေးတဲ့ သူတွေလည်းရှိတယ်” လို့ ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်တဦးက ပြောပါတယ်။

အခုလို ပြန်ကြော်ဆီတွေကို ဓာတုနည်းနဲ့ပြုလုပ်ရောင်းချသူတချို့ ဖမ်းဆီး စစ်ဆေးခံနေရတယ်ဆိုတဲ့ အကြောင်းအရာနဲ့ ပတ်သက်လို့ VOM အနေနဲ့ မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌထံ ဆက်သွယ်မေးမြန်းရာမှာ လက်ခံဖြေကြားခြင်း မရှိခဲ့ပါဘူး။

ပြန်ကြော်ဆီတွေကို ဓာတုနည်းနဲ့ပြုလုပ်ရောင်းချရာမှာ စားသုံးဆီတွေကို သန့်စင်စေဖို့ Solvent (အရည်ပျော်စေတဲ့ ဂုဏ်သတ္တိရှိသော) ဓာတုပစ္စည်းတွေကို သုံးရပြီး Hexane (အရောင်အသွေးမရှိတဲ့ ဟိုက်ဒရိုကာဗွန် ဓာတ်ပေါင်းရည်) Solvent ကို အများဆုံး အသုံးပြုကြတယ်လို့ သိရပါတယ်။

“Hexane ဟာ ပင်ကိုယ်အားဖြင့် ကင်ဆာရောဂါဖြစ်နိုင်တဲ့ ဓာတ်ပစ္စည်းတမျိုးဖြစ်ပါတယ်။ စနစ်တကျ မှန်မှန်ကန်ကန် အသုံးမပြုရင် စားသုံးသူတွေကို ကင်ဆာရောဂါမျိုးစုံနဲ့ နှလုံး၊ သွေးတိုး၊ ဆီးချို အစရှိတဲ့ ရောဂါတွေကိုလည်း ဖြစ်စေနိုင်ပါတယ်” လို့ အာဟာရဆရာဝန်တဦးက ပြောပါတယ်။

အုန်းဆီ၊ စားအုန်းဆီ၊ ဟင်းရွက်ဆီခဲ (Magarine) တွေဟာ ပြည့်ဝဆီ (Saturated fats) ဖြစ်တာကြောင့် အခန်းအပူချိန်အောက် အေးတဲ့ အနေအထားဖြစ်ပါက အဆိုင်အခဲတွေ ဖြစ်ပေါ်တတ်ပြီး အဲ့ဒီ့လို မဖြစ်ဖို့ Solvent တွေကို သုံးရတဲ့အတွက် ရောဂါတွေ ဖြစ်လာနိုင်တယ်လို့ သူက ပြောပါတယ်။

ရောစပ်ရာမှာအသုံးပြုတဲ့ ဆီတွေဟာ ပြည်ပနိုင်ငံတွေက တင်သွင်းလာတဲ့ ဆီတွေလည်း ရှိသလို၊ ပြည်တွင်းထွက် ဆီတွေလည်း ရှိတယ်လို့ သိရပါတယ်။

အဲ့ဒီ့ ဆီတွေမှာ စျေးပေါပြီး ကျန်းမာရေး အန္တရာယ်ရှိတဲ့ စက်မှုလုပ်ငန်းသုံးဆီတွေ ပါဝင်နေသလို ပျက်စီးနေတဲ့၊ ပုပ်နေတဲ့ ဆီထွက် သီးနှံတွေကို ကြိတ်ခွဲ ထုတ်လုပ်ထားတဲ့ ဆီတွေ၊ နည်းစနစ်မှန်ကန်စွာ သန့်စင်ထားခြင်းမရှိတဲ့ဆီတွေလည်း ပါဝင်နေတယ်လို့ သိရပါတယ်။

ရောစပ်ရာမှာ အပူချိန်မြင့်မားစွာပေးပြီး ရောစပ်နေကြတာတွေ (Over 90’C)၊ အနံ့ (Artificial Flavor) ကို အချိန်အဆနဲ့ နည်းစနစ် မှားယွင်းစွာ ရောစပ်နေကြတာ၊ ထုတ်လုပ်တဲ့ နိုင်ငံရဲ့ ထောက်ခံချက်မပါတဲ့ အနံ့ဆေးတွေကို အသုံးပြု ရောစပ်နေကြတာ စတဲ့ အကြောင်းရင်းတွေကြောင့် ရောစပ် အနံ့သုံးဆီတွေဟာ ကျန်းမာရေး အန္တရာယ် ရှိနိုင်တယ်လို့ သိရပါတယ်။

Photo Crd – Original Uploader
#voiceofmyanmar #VOM #ပြန်ကြော်ဆီလုပ်ငန်းတချို့ #ဖမ်းဆီစစ်‌ဆေးခံနေရ

Related posts

Leave a Comment

VOM News

FREE
VIEW