အောက်တိုဘာ ၊ ၄ ၊ ၂၀၂၃
SP ( VOM)
ပြီးခဲ့တဲ့ ၂ နှစ်ကျော်ကာလအတွင်း စစ်ကိုင်းတိုင်း ၊ မကွေးတိုင်း ၊ ချင်းပြည်နယ်နဲ့ ကယားပြည်နယ်ဘက်တွေမှာ ထိတွေ့တိုက်ပွဲတွေဖြစ်ပွားပြီး ကျေးရွာ အများစု မီးလောင်ပျက်စီးခဲ့ပါတယ်။
အဲ့ဒီလို မီးဘေးသင့်ခဲ့ရတဲ့ ဒေသတွေထဲက စစ်ကိုင်းတိုင်း ၊ ယင်းမာပင်ခရိုင် ၊ ဆားလင်းကြီးမြို့နယ် ၊ ညောင်ပင်ကြီးကျေးရွာမှာနေထိုင်သူ တယောက်က ” ညောင်ပင်ကြီးရွာမှာရှိတဲ့ ညောင်ပင်ကြီးရဲစခန်းနဲ့ ဒေသတွင်း လက်နက်ကိုင် အဖွဲ့တွေ ပြီးခဲ့တဲ့ ဇူလိုင် ဝန်းကျင်က တိုက်ပွဲဖြစ်တယ် ၊ အဲ့ဒီ တိုက်ပွဲဖြစ်နေတဲ့အချိန် ရွာက အိမ်ခြေ ၇၀၀ ကျော် မီးလောင်ပျက်စီးတယ် ၊ သစ်နဲ့ဝါးတွေ စျေးကြီးလို့ အခုထိ အိမ်ပြန်မဆောက်နိုင်သေးဘူး ” လို့ ပြောပါတယ်။
ဒေသခံ လက်သမား လုပ်ငန်း လုပ်ကိုင်သူတယောက်က ” ၈ ပေပတ်လည် ၊ ၄ ပင် ၊ ၃ ခန်း လူနေဖြစ် အိမ်တလုံးဆောက်မယ်ဆိုရင် ၊ ဝါး ၁၅၀ ၊ သစ် ၁တန်ခွဲ ၊ မိုးကပ် ၃၀၀ ကျော် ကုန်တယ် ၊ အရင်က ဝါးတလုံးကို ၇၀၀ ကျပ်လောက်ဘဲရှိတယ် ၊ အခုဆို ဝါး တလုံး ၁၅၀၀ ဖြစ်နေတယ် ၊ သစ်က အင် ၊ ကညှင် ဆို အရင်က ၁ တန်ကို ၁၀ သိန်းဝန်းကျင်ကနေ အခု ၁၅ သိန်း အထက်မှာရှိတယ် ၊ အိမ်ရိုက်သံတွေကလည်း အရင်က တပိသာကို ၅၀၀၀ ဝန်းကျင်ကနေ ၊ အခု ၁၅၀၀ အထိရှိတယ် ၊ အဲ့ဒါကြောင့် အိမ်ဆောက်ပစ္စည်းစျေးနူန်းတွေက အရင်က အိမ် ၃ လုံး ကုန်ကျစရိတ်က အခုဆို အိမ် တလုံးပဲအနိုင်နိုင် ဆောက်ရတယ် ” လို့ ပြောပါတယ်။
စစ်ကိုင်းတိုင်း ၊ ရေဦးခရိုင် ၊ ဒီပဲယင်းမြို့နယ် အနောက်ခြမ်ဘက်မှာရှိတဲ့ အေးသာယာ ( ပျံကျ) ရွာခံ တယောက်က လည်း ” ရွာမှာက ၂၀၂၁ က မီးရှို့ခံရတယ် ၊ သုံးလလောက်နေပြီး အိမ်တွေပြန်ဆောက်ကြတယ် ၊ ၂၀၂၂ မှာ ရွာကို နောက်တကြိမ် မီးရှို့ခံရပြန်တယ် ၊ အိမ်ကြီးအိမ်ကောင်း ပြန်မဆောက်နိုင်ကြလို့ ထန်းရွက်မိုး ကပ်ကာနဲ့ လူနေဖြစ်ရုံ အိမ်ပြန်ဆောက်ကြတယ် ၊ အဲ့ဒီလို အိမ်ဆောက်ပြီး သိပ်မကြာလိုက်ဘူး ၂၀၂၂ နှစ်ကုန်ခါနီးမှာ နောက်တကြိမ် မီးရှို့ခံရပြန်တယ် ၊ မီးသုံးကြိမ် ဆက်တိုက် ရှို့ခံရသူတွေက အခုဆို နေစရာမရှိတော့ဘူး ” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၁ ကစပြီး မကွေးတိုင်း ၊ မြိုင် ၊ ရေစကြို ၊ ပေါက် ၊ ထီးလင်း ၊ ဂန့်ဂေါ စတဲ့မြို့နယ်တွေဘက်မှာလည်း ကျေးရွာတွေ မီးရှို့ဖျက်ဆီးခံရပြီး အိမ်ဆောက် ပစ္စည်းစျေးတွေ ကြီးမြင့်နေလို့ အိမ်ပြန်မဆောက်နိုင်ဘဲ နီးစပ်ရာ ဘုန်းကြီးကျောင်းတွေမှာ တည်းခိုနေထိုင်ရတယ်လို့ သိရပါတယ်။
” အရင်ကတည်းက ချင်းပြည်နယ်ရဲ့ အိမ်ဆောက်စရိတ်က ကြီးတယ် ၊ အုတ် ၊ သဲ ၊ ဘိလပ်မြေတို့ဆိုတာ အောက်ပိုင်းကနေ ဝယ်ယူရတာ ၊ အရင်က သဲ ၁ ကျင်းကို ၄၅၀၀၀၊ အခုဆို သဲ ၁ ကျင်း ၁ သိန်းအထက်မှာရှိတယ် ၊ ပြီးခဲ့တဲ့ ၂၀၂၁ မှာ ထန်တလန်မြို့ဆိုရင် အကြိမ်ကြိမ် မီးရှို့ခံရတယ် အိမ်ခြေ ၈၀၀ နီးပါးနဲ့ အဆောက်ဦး ၂၀၀ ကျော် ပျက်စီးတယ် ၊ မြို့လုံးကျွတ် ပျက်စီးတယ် ၊ အခုခေတ် စျေးနူန်းနဲ့ဆိုရင် ပြန်မဆောက်နိုင်တော့ ဘူး ” လို့ ပြောပါတယ်။
ဒါ့အပြင် စစ်ကိုင်းတိုင်းထဲမှာလည်း မြို့နယ် ၃၅ မြို့နယ်ရှိတဲ့အနက် မြို့နယ်ပေါင်း ၂၀ ကျော်က ကျေးရွာတွေ မီးရှို့ဖျက်စီးခံရတယ်လို့ သိရပါတယ်။
အဲ့ဒီလို မီးရှို့ဖျက်စီးခံရတာကြောင့် စစ်ကိုင်းတိုင်းမှာ အိမ်ခြေ ၆ သောင်းကျော် ၊ မကွေးတိုင်း ၊ ပခုက္ကူခရိုင်နဲ့ ဂန့်ဂေါခရိုင်ထဲမှာ အိမ်ခြေ ၁ သောင်းကျော် ၊ ချင်းပြည်နယ် ၊ ဟားခါးမြို့နဲ့ ထန်တလန်မြို့မှာက အိမ်ခြေ ၁၂၀၀ ကျော် ၊ မိုးဗြဲမြို့အပါ အဝင် ကယားပြည်နယ်မှာက အိမ်ခြေ ၃၀၀၀ ကျော် မီးရှို့ဖျက်စီးခံရတာကြောင့် ၂ နှစ်ကျော်ကာလအတွင်း အိမ်ခြေ ၈၀၀၀၀ နီးပါး ဆုံးရှုံးရတယ်လို့ သိရပါတယ်။
ဒါ့အပြင် ISP Myanmar ကလည်း ပြီးခဲ့တဲ့ ၂ ကျော်ကာလအတွင်း နိုင်ငံအဝှမ်း နေအိမ်ပေါင်း ၈၆၀၀၀ ကျော် မီးရှို့ဖျက်စီးခံထားရတယ်လို့ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။
ဓာတ်ပုံ ၊ ဆားလင်းကြီး ဒေသခံ တဦး