လသာမြို့နယ် သေနတ်ပစ်ခတ်မှု သံသယရှိသူ (၃)ယောက်ကို ဖမ်းဆီးစစ်ဆေးနေ

အောက်တိုဘာ ၄ – ၂၀၂၃
SP + SN (VOM)
ရန်ကုန်တိုင်း၊ လသာမြို့နယ်မှာ အောက်တိုဘာ ၂ ရက် ၊ ည ၁၀ နာရီဝန်းကျင်အချိန်က အမျိုးသားတဦးပစ်ခတ်ခံရမှုက ကျူး လွန်တယ်ဆိုတဲ့ သံသယရှိသူတွေကို ၂၄ နာရီအတွင်း ရဲတပ်ဖွဲ့က ဖမ်းမိပြီဖြစ်တယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
အဲ့ဒီ့ ပစ်ခတ်မှုဖြစ်စဉ်အပြီး ရဲတပ်ဖွဲ့နဲ့ စစ်တပ် တာဝန်ရှိသူတွေက လသာ၊ လမ်းမတော်မြို့နယ် အပါအဝင် ရန်ကုန်မြို့တွင်းက မြို့နယ်အချို့မှာ လုံခြုံရေးတင်းကြပ်ကာ စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
“ရဲတပ်ဖွဲ့က ပိတ်ဆို့ ဖမ်းဆီးတဲ့အခါ ပထမ ၁ ယောက် အရင် ဖမ်းမိတယ် ၊ နောက် ကွင်းဆက်၂ ယောက်ထပ်မိတယ် ၊ ၂၄ နာရီအတွင်းမှာပဲ ၃ ယောက်ဖမ်းမိတယ် ၊ အဲ့ဒီလူတွေက ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာ ထုတ်ဖော်ပြောလို့မရသေးဘူး ၊ အဲ့လူတွေကို စစ်ဆေးနေတုန်း ” လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတဦးက ပြောပါတယ်။
ကိုဉာဏ်လွင်အောင်ဟာ လသာမြို့နယ်၊ ၂ ရပ်ကွက်၊ အနော်ရထာလမ်းနဲ့ ၁၇ လမ်းထိပ်က “ဖက်တီးမ” ထမင်းကြော်ဆိုင်မှာ ထမင်းကြော်စားနေချိန် သေနတ်နဲ့ အနီးကပ် ၃ ချက် ပစ်ခတ် လုပ်ကြံခံခဲ့ရတာဖြစ်ပြီး ဝဲဘက်နားထင်ကနေ ဖောက်ထွက်ဒဏ်ရာ ရရှိပြီး အသက်အန္တရာယ် စိုးရိမ်တာကြောင့် လက်ရှိမှာ ရန်ကုန်ဆေးရုံကြီးမှာ အရေးပေါ် အတွင်းနာအဖြစ် ဆေးကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။
အဲ့ဒီ့ ပစ်ခတ်မှုကို ရန်ကုန်မြို့ပြ ပြောက်ကျားအဖွဲ့တခုဖြစ်တဲ့ Urban Owls အဖွဲ့က လုပ်ဆောင်ခဲ့ခြင်း ဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားပြီး ကိုဉာဏ်လွင်အောင်ဟာ North Gate Engineering and Technology ကုမ္ပဏီနဲ့ WELL & FAIR COMPANY LIMITED အမည်ရ ခရီးသွားကုမ္ပဏီတည်ထောင်ထားသလို နစကတို့ရဲ့ ရုရှားခရီးစဉ်တွေကိုလည်း လိုက်ပါလေ့ရှိကာ ရုရှားကာကွယ်ရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးနဲ့လည်း ရင်းနှီးသူတဦးဖြစ်တယ်လို့ အဲ့ဒီ့အဖွဲ့ရဲ့လူမှုကွန်ရက်ပေါ်မှာ ထုတ်ပြန် ဖော်ပြထားပါတယ်။
အဲ့ဒီ အပြင် အသက် ၃၀ ကျော်အရွယ် ကိုဉာဏ်လွင်အောင်ဟာ ကာကွယ်ရေးဝန်ကြီးဌာနအတွက် စစ်လက်နက်ပစ္စည်းတွေနဲ့ ပြည်ထဲရေးဝန်ကြီးဌာနအတွက် မျက်နှာတွေကို မှတ်တမ်းတင်နိုင်တဲ့ Facial Recognition CCTV လုံခြုံရေးကင်မရာတွေ တပ်ဆင်ပေးနေသူဖြစ်တယ်လို့ Urban Owls အဖွဲ့ရဲ့ ပစ်ခတ်မှုအပြီး သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားတာကို တွေ့ရပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၄ ရက်ကလည်း နစကနဲ့အတူ အကျိုးတူစီးပွားတွေပူးပေါင်းလုပ်ဆောင်နေတဲ့ Biz Law Consult Myanmar ရဲ့ CEO ဥပဒေပညာရှင် ဦးမင်းတေဇာညွန့်တင်ကို ရန်ကုန်မြို့၊ သန်လျင်မြို့နယ်မှာ Urban Owls အဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့သလို ဇွန်လအတွင်းကလည်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ရဲ့ လုံခြုံရေးအကြီးအကဲ ဗိုလ်မှူးဟောင်းရဲခိုင်ကို ပစ်ခတ်ရှင်းလင်းခဲ့ပါသေးတယ်။
ဗိုလ်မှူးဟောင်း ရဲခိုင်ဟာ နစကရဲ့ ထောက်တိုင်တဦးဖြစ်ပြီး လေဆိပ်တွင်း ပူးပေါင်းပိတ်ဆို့စစ်ဆေးခြင်း၊ နစကကို ဆန့်ကျင်သူတွေနဲ့ CDM တွေကို ပူးပေါင်းဖမ်းဆီးခြင်းတွေကို လုပ်ဆောင်နေသူတဦး ဖြစ်တယ်လို့ စွပ်စွဲထားပါသေးတယ်။
Photo: Crd

Related posts

Leave a Comment

VOM News

FREE
VIEW