ပြည်တွင်းရွှေဈေး ကျပ် ၃၅ သိန်းကျော် ရောက်ရှိ

 

နိုဝင်ဘာ ၂ – ၂၀၂၃

SN (VOM)

ဒီကနေ့ နိုဝင်ဘာ ၂ ရက်၊ နေ့လယ်ပိုင်းကစလို့ ပြည်တွင်း အခေါက်ရွှေဈေး ကျပ် ၃၅ သိန်းကျော်ကို ရောက်ရှိလာတယ်လို့ ရွှေလုပ်ငန်းရှင် အသိုင်းအဝိုင်းက သိရပါတယ်။

အခုလို ပြည်တွင်း‌ရွှေဈေး အတက်ဘက်သို့ ရောက်ရှိလာခြင်းဟာ အောက်တိုဘာ ၃၁ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်လိုက်တဲ့ အမေရိကန်ပြည်ထောင်စုရဲ့ မြန်မာနိုင်ငံအပေါ် ဒဏ်တပ်ပိတ်ဆို့ အရေးယူမှုနဲ့လည်း သက်ဆိုင်နေပြီး အဲ့ဒီ့လို အရေးယူမှုကြောင့် အမေရိကန်ဒေါ်လာဈေး မြင့်တက်လာတဲ့အတွက် ပြည်တွင်းရွှေဈေး လိုက်ပါ မြင့်တက်လာခြင်းဖြစ်တယ်လို့ သိရပါတယ်။

“ဒီနေ့တော့ ရွှေဈေးက သုံးဆယ့်ငါးသိန်းတသောင်းလောက်အထိ နည်းနည်းတက်သွားတယ်။ ကမ္ဘာ့ရွှေဈေး နည်းနည်းတက်တာရယ်၊ ဒေါ်လာဈေးတက်တာရယ်၊ ဒီနှစ်ခုကြောင့် ပြည်တွင်းရွှေဈေး လိုက်တက်လာတာပေါ့။ ဒေါ်လာဈေးတက်တာက အမေရိကန်ရဲ့ ဆန်ရှင်ထိတာနဲ့လည်းဆိုင်မယ်။ အဲ့ဒါကြောင့် ရွှေဈေးပါ လိုက်တက်သွားတာ။ ပြည်တွင်းရွှေဈေးကတော့ ဒေါ်လာဈေးပေါ်မှာ မူတည်နေမှာပဲ။ သိပ်တော့ ကျသွားစရာမရှိဘူး။ ၃၄ သိန်း၊ ၃၅ သိန်းအောက်တော့ ရောက်စရာ မရှိပါဘူး။ လက်ရှိပေါက်ဈေး သုံးဆယ့်ငါးသိန်းတသောင်း အထက်ကို ရောက်ဖို့ကတော့ ဒေါ်လာဈေးပေါ်မှာပဲ မူတည်တယ်။ ဒေါ်လာတွေ ဆက်တက်ရင်တော့တက်မယ်” လို့ ရွှေလုပ်ငန်းရှင်တဦးက ပြောပါတယ်။

အမေရိကန်ဒေါ်လာ ငွေလဲဈေးနှုန်းဟာ ပြီးခဲ့တဲ့ အောက်တိုဘာ နောက်ဆုံးပတ်က တဒေါ်လာ ၃၂၃၀ ကျပ် ဝန်းကျင်ရှိခဲ့ပြီး ဒီကနေ့ နိုဝင်ဘာ ၂ ရက်မှာတော့ တဒေါ်လာ ၃၂၇၀ ကျပ်ဝန်းကျင်ကို ရောက်ရှိနေပြီး ဈေးအနည်းငယ် မြင့်တက်နေတာ ဖြစ်ပါတယ်။

ကမ္ဘာ့ရွှေဈေးကတော့ ပြီးခဲ့တဲ့ အောက်တိုဘာ နောက်ဆုံးပတ်က တအောင်စ ၂၀၀၆ ဝန်းကျင်ကို ရောက်ရှိခဲ့ပေမယ့် ဒီကနေ့ နိုဝင်ဘာ ၂ ရက်မှာတော့ တအောင်စ ၁၉၈၆ ဒေါ်လာကို ရောက်ရှိနေပြီး အနည်းငယ် ပြန်လည် ကျဆင်းလျက်ရှိပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လအတွင်းကလည်း စင်္ကာပူဘဏ်က မြန်မာဘဏ်တွေနဲ့ အဆက်အသွယ်ဖြတ်တောက်မှု၊ နှစ်သောင်းတန် ငွေစက္ကူသစ် ရိုက်နှိပ်ထုတ်ဝေမှုအပါအဝင် ထိုင်း-မြန်မာကုန်သွယ်ရေး ရပ်တန့်သွားမှု၊ ဈေးကွက်အတွင်း အပြိုင်အဆိုင် ဈေးကစားမှုတွေကြောင့် ပြည်တွင်းရွှေဈေးနဲ့ အမေရိကန်ဒေါ်လာဈေးနှုန်းတွေ စံချိန်တင် မြင့်တက်ခဲ့ပြီး အခေါက်ရွှေ တကျပ်သားကို ‌ကျပ် သိန်း ၄၀ နီးပါး၊ အမေရိကန်တဒေါ်လာကို ကျပ် ၄၀၀၀ နီးပါးအထိ မြင့်တက်ခဲ့ပါသေးတယ်။

 

Related posts

Leave a Comment

VOM News

FREE
VIEW