နိုဝင်ဘာ ၂၂ ၊ ၂၀၂၃
SP (VOM)
စစ်ကိုင်းတိုင်း ၊ မော်လိုက်ခရိုင် ၊ ဖောင်းပြင်မြို့နယ်နဲ့ ဟုမ္မလင်းခရိုင် ၊ ဟုမ္မလင်းမြို့နယ်ကြားမှာ မနေ့ကစလို့ ဒီကနေ့အထိ ထိတွေ့တိုက်ပွဲတွေဖြစ်နေနာကြောင့် ချင်းတွင်းမြစ်ကြောင်းက ရေလမ်းနဲ့ မုံရွာ ဟုမ္မလင်း ခန္တီး ကုန်းလမ်းတွေကို မနေ့ကစပြီး ပိတ်ထားတယ်လို့ မုံရွာမှာရှိတဲ့ ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်တွေဆီက သိရပါတယ်။
” မနေ့က ဖောင်းပြင်မြို့နယ် ၊ လွင်ကြီး ( ပြည်သူ့စစ်)ကျေးရွာကို ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေက ဝင်တိုက်တယ် ၊ လွင်ကြီးရွာဆိုတာ မုံရွာ ၊ ဖောင်းပြင် ၊ ဟုမ္မလင်း ကားလမ်းနဲ့ ကောလင်း ၊ ပင်လည်ဘူး ၊ ဖောင်းပြင် ၊ ဟုမ္မလင်း ကားလမ်း ဆုံတဲ့ နေရာဖြစ်တယ် ၊ လမ်းပန်းဆက်သွယ်ရေးအတွက် အဓိက အချက်ခြာကျတဲ့နေရာဖြစ်တယ် ၊ အဲ့ဒီနေရာမှာ တိုက်ပွဲဖြစ်တယ် ၊ နောက်ပြီး ဟုမ္မလင်းမြို့နယ်ထဲက လွှစင်ကုန်းရွာနဲ့ ရွှေပြည်အေး မြို့သစ်ဘက်မှာ ပစ်ခတ်မှုတွေဖြစ်နေတယ် ၊ အဲ့ဒါကြောင့် ဒေသတွင်း လက်နက်ကိုင် အဖွဲ့တွေက ရေလမ်း နဲ့ ကုန်းလမ်းကို သွားလာမှု မလုပ်ကြဖို့ ကြေညာထားတယ် ၊ အဲ့ဒါကြောင့် ကားတွေနဲ့ ရေယာဉ်တွေဟာ ရောက်ရာအရပ်မှာပဲ ခိုလှုံနေကြတယ် ” လို့ ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်တယောက်က ပြောပါတယ်။
ဖောင်းပြင်မြို့နယ်နဲ့ ဟုမ္မလင်းမြို့နယ်မှာရှိတဲ့ ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေက လူမှုကွန်ရက်ပေါ်မှာ ထုတ်ပြန်ကြေညာထားတာက ” ဖောင်းပြင်မြို့နယ်နဲ့ ဟုမ္မလင်းမြို့တွေမှာ SNA အဖွဲ့တွေနဲ့ ဒေသတွင်း လက်နက်ကိုင် အဖွဲ့တွေကြား တိုက်ပွဲတွေ မကြာခဏ ဖြစ်နေတာကြောင့် နောင်ပိုအောင် – ပင်ခုတ်- နတ်နန်း-ဖောင်းပြင် လမ်းပိုင်း နဲ့ ရွှေပြည်အေး – ဟုမ္မလင်း – ဖောင်းပြင် ရေကြောင်းခရီးတွေကို ဖြတ်သန်းသွားလာခြင်း မပြုလုပ်ကြဖို့ ” ဖော်ပြထားတယ်လို့ သိရပါတယ်။
အဲ့ဒီ ဖြစ်စဉ်နဲ့ ပတ်သက်လို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ၊ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဌာနရုံးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” စစ်ကိုင်းတိုင်းအတွင်းရေလမ်း ၊ ကုန်းလမ်းတွေ ပိတ်ထားတာမရှိဘူး ၊ ဒေသ အသီးသီးကို ကုန်စည် စီးဆင်းမှုမြန်ဆန်ဖို့ ကူညီပေးနေတာပဲရှိတယ် ၊ မနေ့က မုံရွာ – ဟုမ္မလင်း ကားလမ်းက လွင်းကြီးရွာနားမှာ တိုက်ပွဲဖြစ်တယ်လို့ သိရတယ် ၊ အမျိုးသား ရုပ်အလောင်း နှစ်လောင်းနဲ့ AK 47 သေနတ် တလက် ၊ M22 သေနတ် တလက် သိမ်းဆည်းရမိတယ် ၊ အခု အဲ့ဒီဘက်မှာ နယ်မြေရှင်းလင်းနေပြီ ” လို့ ပြောပါတယ်။
ဒါ့အပြင် ဖောင်းပြင် ၊ ဟုမ္မလင်းနဲ့ ခန္တီး မြို့နယ်တွေဟာ လူသုံးကုန်ပစ္စည်းတွေနဲ့ စားသောက်ကုန် ပစ္စည်းတွေကို မုံရွာ – မန္တလေးဘက်က နေ အဓိက တင်သွင်း သုံးစွဲရတာဖြစ်ပြီး ပြီးခဲ့တဲ့ အောက်တိုဘာလကုန်ပိုင်းကစလို့ ကောလင်းတိုက်ပွဲ ၊ ပင်လည်ဘူး တိုက်ပွဲနဲ့ မဟာမြိုင်လမ်းတိုက်ပွဲတွေကြောင့် ကုန်စည်ဝင်ရောက်တာ မရှိတဲ့အတွက် ၊ ကုန်စည်ပြတ်လပ်နေတယ်လို့ သိရပါတယ်။