လောက်ကိုင်မြို့ကနေ ထွက်လာတဲ့ ခရီးသည်တင် ကားတစီး လက်နက်ကြီး ထိမှန်လို့ ၁၀ ယောက်သေ ၊ဒဏ်ရာရသူတွေ များပြား

 

နိုဝင်ဘာ ၊ ၂၂ ၊ ၂၀၂၃

SP ( VOM)

ရှမ်းပြည်နယ် မြောက်ပိုင်း ၊ ကိုးကန့်ဒေသ ၊ လောက်ကိုင်မြို့ ၊ တုံချိန်းအထွက်နားမှာ ဒီကနေ့ မနက်ပိုင်းက ခရီးသည်တင်ကားတစီး လက်နက်ကြီးကျည် ထိမှန်ပေါက်ကွဲတာကြောင့် ကားပေါ်မှာလိုက်ပါလာတဲ့ ခရီးသည်တွေ သေဆုံး ၊ ဒဏ်ရာရတာတွေ ဖြစ်ခဲ့တယ်လို့ လောက်ကိုင် လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။

” ကားပေါ်မှာလိုက်ပါလာတဲ့ ခရီးသည်တွေဟာ လောက်ကိုင်မြို့ကနေ ထွက်ပြေးတိမ်းရှောင်ဖို့နဲ့ နေရပ်တွေပြန်ကြဖို့ ခရီးသည်တွေဖြစ်တယ် ၊အဲ့ဒီကားဟာ လောက်ကိုင်မြို့ကနေအထွက် လက်နက် ကြီးပေါက်ကွဲသံတွေကြားရလို့ လမ်းခုလပ်ကနေ နောက်ကြောင်းပြန်ပြီး လောက်ကိုင်မြို့ထဲ ပြန်ဝင်အလာ တုံချိန် အထွက်နားက ဖရဲသီးဆိုင်ဘေးမှာ ရောက်တော့ လက်နက်ကြီးကျည် ( ရှော့တိုက်ဒုံး လို့ယူဆရ) ကျရောက်ပြီး အဲ့ဒီကားကို တည့်တည့်မှန်လို့ ပေါက်ကွဲတယ် ၊ အဲ့ဒီ ပေါက်ကွဲမှုကြောင့် ကားလည်းတစစီးဖြစ်ပြီး ကားပေါ်ပါ ခရီးသည်တွေလည်း ၁၀ ယောက်ထက်မနည်းသေတယ် ၊ နောက်ပြီး ဒဏ်ရာရသူတွေလည်း များပြားတယ် ၊ အရေအတွက်တော့ မသိရသေးဘူး ” လို့ ပရဟိတသမားတယောက်က ပြောပါတယ်။

ဒီမနက်က လောက်ကိုင်မြို့မှာ ခရီးသည်တင်ကားကို ထိမှန်တဲ့ လက်နက်ကြီး အမျိုးအစားနဲ့ ဘယ်အဖွဲ့က ပစ်ခတ်တယ်ဆိုတာ VOM အနေနဲ့ သိရှိထားခြင်း မရှိပါဘူး။

ဒါ့အပြင် အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်လို့ လောက်ကိုင်မြို့ခံ ကုန်သည်တယောက်က ” လောက်ကိုင်မှာက တိုက်ပွဲမဖြစ်သေးပေမယ့် စစ်ရိပ်သမ်းလာတယ်ဆိုတော့ ပြည်မထဲက အလုပ်သမားအများစုက ပြန်ချင်ကြတယ် ၊ ပြန်ရင်လည်း ခရီးစရိတ်က ကြီးတယ် ၊ နေပြန်ရင်လည်း ကုန်စျေးနူန်းက အဆမတန်ကြီးပြီး ဝယ်မရတာက များတာကြောင့် ရပ်တည်လို့ မရဘူး ၊ အဲ့ဒါကြောင့် ပြည်မထဲက လူတွေအများစု ရရာနည်းလမ်းတွေနဲ့ အသက်စွန့်ပြီး ပြန်ကြတယ် ၊ တချို့လည်း ပြန်ရောက်တယ် ကြားရတယ် ၊ တချို့လည်း အခုထိ ပြန်မရောက်သေးဘူး ၊ လမ်းမှာ သေတာတွေလည်းရှိတယ် ” လို့ပြောပါတယ်။

အဲ့ဒီ အပြင် လောက်ကိုင်မြို့ခံ ကားသမားတယောက်က ” အခြေနေရ ကားသမားတွေ တချို့လည်း ထွက်ကြတယ် ၊ အများစုကတော့ မထွက်ရဲကြဘူး ၊ လောက်ကိုင် ပတ်ဝန်းကျင်မှာ လက်နက်ကြီးတွေ မကြာခဏ ပေါက်ကွဲတယ် ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၁ ရက်ကလည်း လောက်ကိုင်မြို့ကနေ ၊ နေရပ်စွန့်ခွာလာတဲ့ ရာနဲ့ချီတဲ့ လူတန်းကြီးဟာ လောက်ကိုင်နဲ့ ပါစင်ကျော် အကြားမှာ အဲ့ဒီ လူတန်းကြီးပေါ်ကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို့ ခရီးသည် ခြောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

 

Related posts

Leave a Comment

VOM News

FREE
VIEW