မူဆယ် ၁၀၅ မိုင်မှာ တိုက်ပွဲ​တွေ ဆက်လက်ဖြစ်ပွား ၊ကုန်သွယ်ရေးဇုန်ထဲက အဆောက်အဦးနဲ့ ကားအချို့ ထိခိုက်ပျက်စီးပြီး ကုန်ကားသမား တယောက်သေဆုံး

 

နိုဝင်ဘာ ၂၇၊ ၂၀၂၃

Shy V(VOM)

မူဆယ် ၁၀၅ မိုင် နယ်စပ် ကုန်သွယ်ရေးစခန်း ရှိရာ မူဆယ် ၁၀၅ မိုင်မှာ တိုက်ပွဲ ဖြစ်ပွားပြီး ကုန်သွယ်ရေးဇုန်ထဲက အဆောက်အဦး အချို့နဲ့ ကား အချို့ ထိခိုက်ပျက်စီးပြီး ကုန်ကားသမား တယောက် သေဆုံးသွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။

“ည ၈ နာရီ လောက်ကတည်းက တိုက်ပွဲ ပြင်းထန်လာတာ။ ကားသမား ၁ ဦးတော့ သူငှားနေတဲ့ အခန်းပေါ် လက်နက်ကြီးကျလာလို့ ထိသွားတယ်။ ကူဖို့သွားတာ အသက် မမီ လိုက်ဘူး။ ကုန်သွယ်ရေး ဇုန်ထဲတော့ လူ မထိဘူး။ ကားတွေနည်းနည်း ပါးပါးထိတယ်။ ကုန်စစ်စ်နဲ့ အဆောက်အဦးတွေထိတယ်။ လမ်းဆုံနားက တိုက်တန်းလျားထိတယ်။ ရွာထဲတော့ ဘယ်လောက်ထိထားလဲ အကုန် မသိရသေးဘူး” လို့ဘဒေသခံ အမျိုးသား တယောက် က ပြောပါတယ်။

၁၀၅ မိုင် စေတီ ကုန်းပေါ်က စစ်တပ်စခန်းကို မြောက်ပိုင်း မဟာမိတ် တပ်ပေါင်းစုတွေက ဒရုန်းနဲ့ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“တညလုံး လက်နက်ကြီးတွေ ပစ်နေတယ်။ လေယာဉ်တွေရော တအားပဲ။ ဘယ်တွေ ဘယ်တွေ ထိလဲ မသိဘူး။ ကျွန်မတို့က အသိအိမ်မှာ ပဲ သွားပုန်းနေကြတယ်။ ကြောက်စရာ ကောင်းလိုက်တာ” လို့ ဒေသခံ အမျိုး သမီး တ​ယောက်က ပြောပါတယ်။

စစ်တပ်ဘက်က လက်နက်ကြီး အများအပြား ပစ်ခတ်နေခဲ့ပြီး ဂျက်လေယာဉ် နဲ့ ၅ ကြိမ်ထက်မနည်း ဗုံး ကြဲ သွားပြီး တစ်ခါ ကြဲရင် ၈လုံး ၁၀ လုံး‌ေလာက်ကျသံ ကြားရတယ်လို့ ဆိုပါတယ်။

ယမန်နေ့ မွန်းလွဲ ၁ နာရီခန့်မှာတော့ ၁၀၅ မိုင်နဲ့ နမ့်တောင်းကြားမှာ ရှိတဲ့ လုံခန် စစ်တပ်စခန်းကို မြောက်ပိုင်း မဟာမိတ် တပ်ပေါက်းစုတွေ လာရောက် တိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်ကလည်း လေကြောင်းနဲ့ ၇ ကြိမ်ခန့် ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ နောက်ထပ်ဒေသခံ အမျိုးသား တ​ယောက်က ပြောပါတယ်။

မူဆယ် ၁၀၅ မိုင် အပါအဝင် ပြည်ထောင်စု လမ်းမ တကြောရှိ မော်တောင်း၊ တာလုံ ရွာတွေနဲ့ နမ့်ပေါ်တံတားက တပ်စခန်း အနီးဝန်းကျင်လည်း လေကြောင်း ဗုံးကြဲခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

နယ်စပ် ကုန်သွယ်ရေး ယာဉ်တွေကိုတော့ လုံခြုံရာ နေရာ ရွှေ့ပြောင်း ထားဖို့ အခက်အခဲ ဖြစ်နေကြရလို့ ကျင်စန်းကျော့ကလို ကြုံလာမှာကို နယ်စပ် ကုန်သည် လုပ်ငန်းရှင်၊ ကားအုံနာနဲ့ ယာဉ်မောင်းတွေက စိုးရိမ်နေကြပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၃ ရက်နေ့က စစ်တပ်နဲ့ MNDAA မဟာမိတ် တပ်ပေါင်းစု တွေအကြား တိုက်ပွဲကြောင့် သွင်းကုန်ကား ရပ်နားကွင်းထဲ လက်နက်ကျကွဲကာ သွင်းကုန်ကား ၁၂၈ စီး မီးလောင်ကာ သိန်းပေါင်း မနည်း ဆုံးရှုံးခဲ့ပါတယ်။

ဒါ့အပြင် နမ့်ခမ်းဘက်မှာလည်း စစ်တပ်နဲ့ TNLA ပူးပေါင်း မဟာမိတ် အဖွဲ့ တို့အကြား တိုက်ပွဲ ပြင်းထန်ခဲ့ပြီး တိုက်ပွဲ အတွင်း လက်နက်ကြီး ပစ်ခတ်မှုနဲ့ လေကြောင်း ဗုံးကြဲမှုတွေကြောင့် အရပ်သား ပြည်သူနေအိမ် အများအပြား ထိခိုက်ပျက်စီးခဲ့ပြီး ကလေး အပါအဝင် ပြည်သူ ၃ ဦးသေဆုံးကာ ၂ ဦးထင်မနည်း ထိခိုက် ဒဏ်ရာရခဲ့ကြောင်း ဒေသခံတွေဆီ ကသိရပါတယ်။

မုံးစီး ဒေသ၊ သိန္နီ မြို့ အနီး နဲ့ လောက်ကိုင်ဘက်‌ေတွလည်း နေ့စဉ် တိုက်ပွဲ ဖြစ်နေဆဲ ဖြစ်တယ်လို့ ဒေသခံ ‌အမျိုးသား တ​ယောက်က ‌ေပြာပါတယ်။

“ကျနော်တို့ ကွတ်ခိုင်က လားရှိုးလည်း သွားမရ။ ဘယ်မှ သွားမရ။ ကုန်ပစ္စည်း တွေလည်း ပြတ်လာတာ ကြောင့် တော်တော် အခက်အခဲ ဖြစ်နေတယ်။ လမ်းကြော အကုန်လုံးက သွားမရဘူး” လို့ သူက ပြောပါတယ်။

လောက်ကိုင် ရောက် ရွှေ့ပြောင်းလုပ်သားတွေကတော့ MNDAA ဘက်က နိုဝင်ဘာ ၂၈ ရက်နေ့ နောက်ဆုံးထား ရှောင်တိမ်းကြဖို့ အသိပေး ကြေညာ ထားတာကြောင့် နိုဝင်ဘာ ၂၅၊ ၂၆ ရက်တွေမှာ လူထောင်ချီ လောက်ကိုင်မြို့ကနေ ရတဲ့ နည်းလမ်းနဲ့ ထွက်ခွာ နေရပ် ပြန်နေကြတာကို လူမှုကွန်ယက်‌ေတွမှာ တွေ့‌ေနရပါတယ်။

တိုက်ပွဲ ဖြစ်ပွားရာ အနီးဝန်းကျင်က ဒေသခံတွေက ‌ေဘးလွတ်ရာ တိမ်းရှောင်နေကြရပြီး အခြေအနေက ကောင်းလာဖို့ လမ်းမမြင်ပဲ ပိုပို ဆိုးလာနိုင်တာကြောင့် ထိတ်လန့် စိုးရိမ်နေကြရကြောင်း ဒေသခံတွေ ဆီက သိရပါတယ်။

သီပေါ၊ ‌ေကျာက်မဲ နောင်ချို ဘက်တွေမှာလည်း တိုက်ပွဲ တွေ ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။

Photo Crd# ဒေသခံများ

 

Related posts

Leave a Comment

VOM News

FREE
VIEW