ဂေါဝိန်ဆိပ် နေဝင်ချိန်

ဆူးငှက်

 

 

ဂေါဝိန်တဲ့..၊ လူမှန်း သိတတ်ကတည်းက ကြားဖူးနေသည့် စကားလုံးဖြစ်သည်။ မန္တလေးမှာမွေး မန္တလေးကြီးမို့ သည်စကားလုံးနှင့် မစိမ်းတာပေါ့ဟု သုံးသပ်ငြား မဟုတ်သေးဟု ငြင်းရဦးမည်။ ဂေါဝိန်တဲ့..၊ မြန်မာ့ သမိုင်းမှာက ဂေါဝိန်က ထင်ရှားသည့် ဇာတ်ကောင် ဖြစ်ခဲ့သည်။ ဇာတ်လိုက် မဟုတ်သော်လည်း ဗီလိန်ဟုတော့ စွပ်စွဲလို့ မရစကောင်းပေ။ သို့သော် ဂေါဝိန်ကပျော်ရွှင်ဖွယ် ဇာတ်ကွက်တော့ မဟုတ်။ သမိုင်းဇာတ်လမ်း၏ အစိတ်အပိုင်း ဇာတ်ကွက် တစ်ကွက် ဆိုငြားဇာတ်၏ အလှည့်အပြောင်းမှာ အရေးပါသော ဇာတ်ဝင်ခန်းဖြစ်ချေသည်။ အိပ်ငိုက်နေလို့ သည်ဇာတ်ဝင်ခန်းကို မသိလိုက်ဟု ဆိုသော် ဇာတ်ရည်လည်မှာ မဟုတ်။ ထို့ကြောင့် သမိုင်ကိုရေလည်ဖို့ မန္တလေးရောက်ခိုက် ဂေါဝိန်ကို သွားကြည့်စို့ဟုပြောဆို ညွှန်းရမည့် နေရာဖြစ်သည်။

 

ဂေါဝိန်တဲ့..။

 

ရတနာပုံ မန္တလေးနေပြည်တော် တနည်ထောင်စဉ် အပြင်မြေမြို့ရိုး၏ အနောက်ဘက်တံခါး၊ “ဂေါဝိန္ဒ၊ ဂေါယောန(အနောက်ယွန်း) ဂေါယာနုးဣန္ဒဂေါယာန်ဂေါဝိန်” – အနောက်အရပ်ကိုစိုးရသောတံခါး၊ မန္တလေးအဝင် အနောက်တံခါးဟု မှတ်ယူကာ မန္တလေးကအေလမ်းခေါ် ၃၅လမ်း၏ အနောက်ဖျား ဧရာဝတီမြစ်ကမ်းပါးက ဂေါဝိန်အရပ်ဆီ သွားကြဦးစို့လေ။

 

 

 

၃၅လမ်း၏ အဆုံးသတ်ရာ မြစ်ကမ်းရိုးပေါ်မှ အနောက်ဘက်ဆီ မျှော်ကြည့် လိုက်တော့ မင်းဝံတောင်ရိုးသည် တိမ်စိုင်တိမ်လိပ်ကြီးများကို စုတ်ချက်ထူထူဖြင့် ကလနားသပ် ပြေးနေ၏။ လှိုင်းအနည်းငယ် ရှိသော ဧရာဝတီမြစ်ပြင်တွင် ‘ခိုတောင်’ ရွာသို့ ဦးတည်သော လှေကလေးက စုန်မှာလေလား၊ ဆန်မှာလေလား ခွဲခြား သိရန် ခက်ခဲလှဘိသည်။ တာရိုးအောက်ခြေ တည့်တည့်မှာ ကျောက်ချထားသည့် ပင်လုံ နှစ်ထပ်သင်္ဘောကြီးက ဣန္ဒြေရစွာ ငိုက်မျဉ်းနေ၏။ သူ့ပေါ်ကနေ ဒိုင်ဗင်ထိုးကာ ရေကူးနေသူတွေ။ နှီးပုံးလေးနှင့် အခေါက်ခေါက် အခါအခါ ခပ်နေသူတွေ။ သူ့ဝမ်းဗိုက်ဘေးမှာ တဗုံးဗုံး ထုနှက် အဝတ်လျှော်နေသူတွေကို ဂရုမစိုက်အား …။

 

ဟို … တောင်ဘက် ချော်ဆိပ်ဘက်ဆီမှာ သဲမှုန်တွေ လေအဝှေ့၌ အုံကြွ ထနေသည်။ သဲကားတစ်စီး ကမ်းပေါ် တအိအိတက်လာ၏။ သဲလှေများက လှိုင်းနှင့်အတူ ခေါင်းညိတ်နေကြသည်။ သကာရည်ပိုင်းများ တင်လာသည့် ထော်လာဂျီ တစ်စင်းကအင်ဂျင်ကို လီဘာတင်ကာ အိတ်ဇောသံ တထုန်းထုန်းနှင့် ရုန်းနေ၏။ ကျွန်တော်သည် မန္တလေးသားပီပီ လူမှန်း သိကတည်းကဂေါဝိန်ကို စိတ်ဝင်စားသည်။ လူကြီးများ၏ အိပ်ရာဝင် ပုံပြင်များတွင် ပါတော်မူခြင်း ကြောင်းခြင်းရာက တခမ်းတနား ပါသည်ချည်းမို့ ဂေါဝိန်နာမည်ကို အမေ့ရင်ခွင်ကြားမှာ ကတည်းက ရင်းနှီးနေသည်။ ထို့ကြောင့် ဂေါဝိန်ကို ရောက်ဖူးချင်သည်။ မြင်ဖူးချင်သည်။

 

 

၄နှစ်သားလောက်မှာ အမေတို့နှင့် မြစ်ဆိပ်သို့ လိုက်ပါခွင့် ရသော်လည်း ဂေါဝိန်မဟုတ်။ ထင်းဝင်းဆိပ်ပဲ ဖြစ်သည်။ အမေတို့က တစ်လ တစ်ကြိမ်လောက် ဥပုသ်နေ့ဆိုလျှင် အိမ်ကအိပ်ရာ ခြင်ထောင် အပါအဝင် အဝတ်တွေစုကာ မြစ်ဆိပ်သို့သွားရောက် လျော်ဖွပ်ခြင်းဖြစ်ပါ၏။ တကယ်တမ်း ဂေါဝိန်ကို ရောက်ဖူးတာက ၈တန်းနှစ်လောက်မှ ဖြစ်သည်။ မရမ်းခြံသား ဥသျှစ်ကုန်းသား သူငယ်ချင်းများနှင့် ကျောင်းပြေးရင်း ရောက်ဖူးသည် ဆိုပါစို့။ ဘာသိမှာလဲ၊ သင်္ဘောတွေ လှေတွေ မော်တော်တွေပေါ့၊ မီးခိုး တဝုတ်ဝုတ် မှုတ်ထုတ်နေသော အင်ဂျင်ကြီးများနှင့် သစ်စက်ကြီးတွေပေါ့၊ ဥသြသံ တတူတူပေးရင်း ခုတ်မောင်းသွားသောဆီတင် သစ်တင် ရထားတွဲကြီးတွေပေါ့။ ဒါပါပဲလေ..။

 

 

ဟို … တောင်ဘက် ချော်ဆိပ် ဘက်ဆီမှာ သဲမှုန်တွေ လေအဝှေ့၌ အုံကြွထနေသည်။ သဲကားတစ်စီး ကမ်းပေါ် တအိအိ တက်လာ၏။ သဲလှေများက လှိုင်းနှင့်အတူ ခေါင်းညိတ်နေကြသည်။ သကာရည်ပိုင်းများ တင်လာသည့် ထော်လာဂျီ တစ်စင်းကအင်ဂျင်ကို လီဘာတင်ကာ တဒုန်းဒုန်းနှင့် ရုန်းနေ၏။ ကျွန်တော်သည် လွန်ခဲ့သည့် နှစ်များဆီကဂေါဝိန်သို့ သတိရ ပုံဖော်ကြည့်နေသည်။ ထိုမှ တစ်ဆက်တည်း လွန်ခဲ့သော နှစ်တစ်ရာကျော်၏ ရက်တစ်ရက် က ဂေါဝိန်ကိုလည်း မှန်းဆနေမိသည်။

 

 

ထိုအချိန်တွင် ဟောသည် ဂေါဝိန်သည် ရတနာယာဉ်မွန် မီးသင်္ဘောကြီး စုန်ကာဆန်ကာ ခုတ်မောင်းနေပေမည်။ မြန်မာ့တို့လက်ဝယ် တစ်စင်းတည်းသာ ရှိတော့သော မီးသင်္ဘောကြီး၏ ထူးထူးခြားခြား လှုပ်ရှားမှုကို ဆိပ်ကမ်းတစ် လျှောက် ပရိသတ်ကအံ့အားသင့်စွာ တိုးဝှေ့ကြည့်နေကြသည်။ အားလုံးမျက် နှာတွင် ပူပန်မှုတွေ ဖုံးလို့ဖိလို့မရ။ ကျောက်မြောင်း အတွင်းဝန် ဦးရွှေအိုးနှင့် ဝက်မစွပ်ဝန်ထောက် ဦးရွှေအုပ်တို့ ဂေါဝိန်သို့ ရုတ်ချည်းရောက်လာသည်။ ထို့ နောက် ရတနာယာဉ်မွန် သင်္ဘောတော်ပေါ်တက်၏။ ရတနာယာဉ်မွန်သည် ‘ခိုတောင် ရွှေခဲ’ မင်းစီးလှေကို တွဲကာ ဂေါဝိန်ဆိပ်မှ အမောတကော ပြန်ထွက် သွားသည်။

 

 

ကမ်းပေါ်က ပရိသတ်က သက်ပြင်း ကိုယ်စီချကာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်။ ထိုနေ့ကား ၁၂၄၇ခုနှစ်တန်ဆောင်မုန်းလဆုတ် ၆ ရက်၊ ၁၈၈၅ ခုနှစ် နိုဝင်ဘာ ၂၆ရက်။

 

ထို့နောက် …၊ ထို့နောက် …၊

 

၁၂၄၇ခုနှစ် တန်ဆောင်မုန်းလဆုတ် ၇ ရက်၊ ၁၈၈၅ ခုနှစ် နိုဝင်ဘာ ၂၈ရက်မှာတော့။

ဆောင်းဦးနေမို့ အုံ့၏။ မြစ်ပြင်တွင် နံနက်စောစော ကတည်းက နှင်းငွေ့ဝေနေသည်။ နေသည် အုံ့ရာမှ တဖြည်းဖြည်းထွန်းလာချေပြီ။ နေရောင်ကြောင့် ဖျပ်ဖျပ်လူးနေသော မြစ်ပြင်ငွေရောင်တွင် ဟောဟို စစ်ကိုင်း တောင်ဘက် ဆီမှ ခပ်မည်းမည်းအုပ်တစ်အုပ်ကို ဂေါဝိန်က လှမ်းမြင်နေရသည်။

 

 

သင်္ဘောအုပ်စုတစ်စု…။

 

ဂေါဝိန်သို့ တဖြည်းဖြည်း နီးကပ်လာသောအခါ ဗြိတိသျှ သင်္ဘောအုပ်ကြီးမှန်း သေချာပေပြီ။ ရှေ့ဆုံးမှာက ဘေးတွဲ သမ္ဗန်ကြီ းနှစ်စင်းတပ် သင်္ဘောကြီး။ ထို့နောက် ကိုက်၁ဝဝခြားစီ သင်္ဘောတန်းကြီးက အစင်း၂ဝကျော်၊ ဂေါဝိန် ကမ်းနားမှာတော့ မမြင်စဖူး၊ မတွေ့စဖူး သင်္ဘောတန်းကြီးကို ကလေးလူကြီးအဘိုးအို၊ အဘွားအိုကအစ ကမ်းလုံးညွှတ်မျှ အံ့အားတသင့် ငေးကြည့်နေကြသည်မှာ အသက်ရှူဖို့ မေ့လျှော့ …။

 

 

နံနက်၁၁နာရီရောက်တော့ သင်္ဘောအားလုံး ဂေါဝိန်တွင် ကျောက်ချရပ် နားကြသည်။ တပ်ရင်းအလိုက် ခွဲခြားထားသောအလံများကို တလူလူလွှင့်ကာ ဗြိတိသျှစစ်သားများကမ်းပေါ် တပ်စုလိုက် တပ်စုလိုက် တက်လာသည်။ စစ်ဘင်ခရာအဖွဲ့၏ စည်းချက်ချချ တီးမှုတ်လိုက်သော တေးသွားက ဂေါဝိန်တွင် ပဲ့တင်ထပ်သွားလေပြီ။ စစ်ဘင်ခရာသံနှင့်အတူ ဗြိတိသျှတပ်ရင်း အလံများ အေလမ်းတစ်လျှောက် နန်းမြို့တော်ဆီ ချီတက်သွားကြပါပကော။ ခွေးတွေ သံရှည် အူ။ ကလေးတွေ သည်းသည်းလှုပ်ငိုယို ၊လူတွေ တီးတိုးသံဆူညံ။ သို့သော် မြန်မာပိုင် သူရိယ မီးသင်္ဘောတော်ကတော့ ဂေါဝိန်မှာ ငြိမ်သက် တိတ်ဆိတ်စွာ ကျောက်ချရပ်နားလျက်။

 

၁၂၄၇ခုနှစ် တန်ဆောင်မုန်းလဆုတ် ၈ ရက်၊  ၁၈၈၅ ခုနှစ် နိုဝင်ဘာ ၂၉ရက်။

 

နေသည် စောင်းသထက် စောင်းလာ၏။ တောင်ဘက်ယွန်းယွန်း မင်းဝံတောင်ရိုးဆီ စိုက်ကာ ဝိုက်ကာဆင်းဆင်းလာချေပြီ။ မင်းဝံတောင်ခြေမှာ အရိပ်တွေ မှောင်မည်း။ မြစ်ပြင်မှာ ဆည်းဆာအနီရောင် ပြန့်ကျဲ။ ဂေါဝိန်မှာတော့ထိတ်လန့် ငြိမ်သက်ဆဲ…။

 

ညနေ ၆နာရီ ထိုးပြန်ပေါ့…။

 

စင်ဘင်ခရာသံသဲ့သဲ့ ကြားရပြန်ပြီ။ အေလမ်းတစ်လျှောက်က အသံများသည် ဂေါဝိန်ဆီ တဖြည်းဖြည်း ချဉ်းကပ် လာချေပြီ။ စစ်ခရာသံနှင့်အတူ ကြက် ခြေခတ်အလံများ သဲသဲကွဲကွဲ မြင်ရပါပကော…။

 

 

သီပေါအရှင်၊ နန်းမတော် စုဖုရားလတ်၊ သမီးတော် နစ်ပါးကို ဘီရိုလှည်းနှစ်စင်းနှင့် တင်ဆောင်၊ ဝက်မစွပ်ဝန်ထောက်၊ပင်းတလဲ ဝန်ထောက်တို့က ထီးဖြူနှစ်ချက်မိုးကာ ရွေးတော်မူ တံခါးကထွက်၊ ကျော်မိုးတံခါးက ထွက်ကာ ဂေါဝိန်သို့ ဆင်းသက်လာပါပကော။

 

ဂေါဝိန်ဆိပ် နေဝင်ချိန်

 

နေလုံးသည် မင်းဝံတောင်စွယ် နောက်သို့ မျက်နှာပူစွာ ပုန်းကွယ်သွားပြီ။ ဂေါဝိန်ဆိပ်မှာ ကျောက်ချထားကြသည့်သင်္ဘောများဆီမှ မီးအိမ်များ လင်းလက် လာ၏။ ဘီရိုလှည်းနှစ်စင်းက မြစ်ကမ်းတွင် ရပ်ထားသော သင်္ဘောကုန်းဘောင် ထိပ်ရပ်တန့်သည်။ ဗြိတိသျှ စစ်ဗိုလ်က သင်္ဘောကုန်းဘောင်ထိပ်က မီးအိမ် မြှောက်ပြ။ မိဖုရားနှင့် ခြွေရံသင်းပင်းတို့ ကုန်းဘောင်မှတစ်ဆင့်…၊ ထို့နောက် တစ် ဆင့်…၊ တစ်ဆင့် …။

 

 

ထိုနေ့ညကဂေါဝိန်ဆိပ်က မြစ်လယ်တွင် ဆိုက်ကပ်ထားသောသူရိယသင်္ဘောပေါ်တွင် မင်းမိဖုရားတို့ အိပ်စက်ကြရ၏။

 

၁၂၄၇ခုနှစ် တန်ဆောင်မုန်းလဆုတ် ၉ ရက်၊ ၁၈၈၅ ခုနှစ် နိုဝင်ဘာ ၃ဝရက်။

 

ဂေါဝိန်သည် တရွေ့ရွေ့ ထွက်ခွာသွားသော သူရိယသင်္ဘောနှင့် အခြား စစ်သင်္ဘောအုပ်စုကို ငေးရီစွာ ကြည့်နေရင်းမြင်ကွင်းသည် ဝေဝါး မှုန်ရီသွားတော့ သည်။ မြင်ကွင်းသည် ဝေဝါးမှုန်ရီ …။

 

 

အခုတော့ သဲကားတွေ၊ ကုန်တင် လော်ရီကားကြီးတွေ၊ အဝေးပြေးကားတွေ၊ အင်ဂျင်သံ တဒုန်းဒုန်းနှင့် ထော်လာဂျီတွေ ဖြတ်သွားလေတိုင်း အုတ်အော်သောင်းတင်း ဖြစ်သွားသည့် ဖုံလုံးတွေကြောင့် မြစ်ကမ်းလေပွေတွင် မြင်ကွင်းသည် ဝေဝါးမှုန်ရီ…။

 

 

ဂေါဝိန်ဆိပ်ကမ်းသည် မြို့ပတ်ခြောက်လမ်းသွား၏ အစိတ်အပိုင်းတစ်ခုဖြစ်၏။ ယခင်က ကျွန်တော် လာရောက်ထိုင်ရင်း ခိုတောင်လှေလေးတွေ…၊ အဆန်သင်္ဘောကြီးတွေကို ငေးမောသည့် အပင်ခြေ အုတ်ခုံတန်းလေးများ နှင့် ဂေါဝိန်လည်းမဟုတ်တော့၊ ထို့အတူ ဆိပ်ကမ်း အလုပ်သမားကြီးတွေ ချက်အရက် သောက်သည့် ဂေါဝိန်လည်း မဟုတ်တော့။ ကမ်းနားဈေးရုံထဲက ဈေးခွေးလေး တစ်ကောင်နှစ်ကောင် ထိုးဟောင်သည့် ဂေါဝိန်လည်း မဟုတ်တော့။

 

 

သို့သော် ဂေါဝိန်၏ သွေးသားနှင့် သန္ဓေကတော့ အိုမင်းသည်အထိ အသစ်မျိုးဆက်ကို လက်ဆင့်ကမ်း အမွေမပေးနိုင်သေးဘ ဲခြေစုံကန် တွန့်ဆုတ်နေဆဲဖြစ်သည်။

 

ဂေါဝိန်မှာ နေဝင်ချေပြီ…။

 

ဆူးငှက်

 

#Voiceofmyanmar #VOM #ပါတော်မူ #ဂေါဝိန်

 

 

Related posts

Leave a Comment

VOM News

FREE
VIEW