ဆူးငှက်
သူ့ကျွန်လက်အောက် ရောက်ရှိနေချိန်မှာ မြန်မာပြည်သူလူထုဟာ အဆင့်မြင့်ပညာရေးကို လိုလားကြလို့ကောလိပ်ကျောင်းတွေ၊ တက္ကသိုလ်ကျောင်းတွေ ဖွင့်လှစ်ပေးဖို့ တောင်းဆိုကြတယ်။ အင်္ဂလိပ်ကလည်း သူ့အုပ်ချုပ်ရေး ယန္တယားမှာ အထောက်အကူဖြစ်စေဖို့ ရည်ရွယ်ပြီး ရန်ကုန်မှာကောလိပ်ကျောင်း ဖွင့်ဖို့ စီစဉ်တယ်။ ဒါပေမယ့် အင်္ဂလိပ်အစိုးရ ဖွင့်ပေးတဲ့ကောလိပ်ကျောင်းဆိုတာ အိန္ဒိယ ကာလက္ကတား တက္ကသိုလ်ရဲ့ လက်အောက် က ကျောင်းခွဲလေး တစ်ခုပဲဖြစ်တယ်။
မြန်မာပြည် ကောလိပ်ကျောင်းသားတွေက အိန္ဒိယ ကာလက္ကတား တက္ကသိုလ် ရဲ့ လက်အောက်က ကျောင်းခွဲလေး ဖြစ်နေတာကို မကြိုက်ဘူး။ ကာလကတ္တား တက္ကသိုလ် က စစ်တဲ့ စာမေးပွဲကို ဖြေနေရတာလည်း မကြိုက်ဘူး။ ဒါကြောင့် ကိုယ်ပိုင်တက္ကသိုလ်ပေးဖို့ အင်္ဂလိပ်အစိုးရကို တောင်းဆိုကြတယ်။ အင်္ဂလိပ် အစိုးရက မြန်မာလူမျိုးတွေနဲ့ သင့်တော်မယ်လို့ ယူဆတဲ့တက္ကသိုလ်ဥပဒေမူကြမ်းကို ၁၉၂၀ မှာ ရေးဆွဲပေးခဲ့တယ်။ အဲဒီ့ တက္ကသို်လ် ဥပဒေကြမ်းကို ကျောင်းသားတွေ က လက်မခံကြဘူး။ ဒါကြောင့် အမျိုမျိုး ကန့်ကွက်ကြတယ်။ အဲလို ကန့်ကွက်ပေမယ့် ဒီဥပဒေကို ၁၉၂၀ ပြည့် ဒီဇင်ဘာ ၁ ရက်ကစပြီး အစိုးရက အတည်ပြုလိုက်ကာ ရန်ကုန်တက္ကသိုလ်ကို တည်ထောင်လိုက်ပါတယ်။
ဒါ့ကြောင့် ရန်ကုန်တက္ကသိုလ် အက်ဥပဒေကို မကျေနပ်လို့ ကျောင်းသားတွေ သပိတ်မှောက်ကြတယ်။ သပိတ်မှောက်ကြတာက ရန်ကုန်တက္ကသိုလ် တစ်ကျောင်းတည်း မဟုတ်ပါဘူး။ တစ်နိုင်ငံလုံးမှာ ရှိတဲ့ ကျောင်းတွေ အားလုံးက သပိတ်မှောက်ကြတာ။
ကျွန်ပညာရေးကို သင်ကြားပေးနေတဲ့ တက္ကသိုလ်အပါအဝင် အစိုးရကျောင်းတွေနဲ့ အစိုးရ အထောက်အပံ့ခံ ကျောင်းတွေကို ရာသက်ပန် သပိတ်မှောက်ကြဖို့ သဘောတူထားကြတော့ ကျောင်းသားကြီးတွေက အစိုးရ လိုက်လျောသည် ဖြစ်စေ၊ မလိုက်လျောသည် ဖြစ်စေ ကျောင်းပြန် မတက်တော့ဘူးလို့ ဆုံးဖြတ်လိုက်ကြတယ်။ သူတို့ဟာ ကျောင်းဆက် တက်ပြီးဘွဲ့ရရင် မြို့ပိုင် မြို့အုပ် ဝန်ထောက်စတဲ့ ရာထူးတွေ ရနိုင်ပါလျက်နဲ့ တစ်နိုင်ငံလုံးက ကျောင်းသားတွေ ကျွန်ဖြစ်မယ့် ပညာရေးကို အလိုမရှိကြတာမို့ စွန့်လွှတ်ပြီး ကောင်းမွန်တဲ့ ပညာရေး စံနစ်တစ်ခု တောင်းဆိုခဲ့ကြတဲ့ လုပ်ရပ်က ဂုဏ်ယူစရာပါပဲ။
အင်္ဂလိပ်အစိုးရရဲ့ ပညာရေးစံနစ်ကိုမကြိုက်လို့ ဆန့်ကျင်ကြ သပိတ်မှောက်ကြတာနဲ့အတူ အမျိုးသားပညာရေးလှုပ်ရှားမှုကလည်း ပိုမိုထက်မြက် အားကောင်း လာပါတယ်။ အဲဒီ လှုပ်ရှားမှုကတော့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အမျိုးသားကျောင်းတွေ အမျိုးသားကောလိပ်တွေ ယူနီဗာစီတီတွေ ဖွင့်လှစ်ကြဖို့ပါပဲ။ ရာသက်ပန် သပိတ်မှောက်ပြီး အစိုးရကျောင်းတွေမှာကျောင်းပြန် မတက်တော့ဘူးလို့ ဆုံးဖြတ်ထားတဲ့ ကျောင်းသားကြီးတွေက အမျိုးသား ကျောင်းတွေ မှာ ဆရာအဖြစ် တာဝန်ယူခဲ့ကြတယ်။ ဒါကြောင့် မူလကရှိပြီး ဗုဒ္ဓဘာသာကျောင်းများနှင့် တိုင်းရင်းသား ဘာသာသင် ကျောင်းတွေကို စုစည်းပြီး အမျိုးသားကျောင်းများ အဖြစ် တစ်နိုင်ငံလုံး ဖွင့်လှစ်နိုင်ခဲ့ပါတယ်။
အမျိုးသားကောလိပ်တွေနဲ့ အမျိုးသားကျောင်းတွေကို တစ်နိုင်ငံလုံးက သောင်းသောင်းဖြဖြ ကြိုဆိုကြတယ်။ ဘာလို့လဲဆိုတော့ တစ်နိုင်ငံလုံးက အင်္ဂလိပ်အစိုးရ လက်အောက် ကျရောက်နေချိန် အမျိုးသားကျောင်းတွေက အင်္ဂလိပ်တွေရဲ့ အင်ပါယာကြီးကို ဖြိုခွဲပစ်ပြီး လွတ်လပ်တဲ့ မြန်မာနိုင်ငံတော်ကြီး ထူထောင်ကြဖို့ အမျိုးသားပညာရေး သင်ခန်းစာတွေကို သင်ကြားပေးခဲ့လို့ပါပဲ။
မြန်မာစာ မြန်မာစကားနဲ့ မြန်မာ့ယဉ်ကျေးမှုတွေကို သိရှိလေးစားအောင် သင်ပေးတယ်။
အင်္ဂလိပ်တွေက ကပျက်ယပျက်လုပ်ထားတဲ့ မြန်မာ့သမိုင်းကိုလည်း အမှန်အတိုင်း သိရှိကြအောင် သင်ပေးတယ်။ အင်္ဂလိပ်စာကိုလည်း သူတို့အင်ပါယာနဲ့ အရှင်သခင်ကို ကြောက်ရွံ့ အထင်ကြီးစေတဲ့ သင်ခန်းစာ တွေအစား တစ်ကမ္ဘာလုံး ခြုံငုံသိရှိနားလည်သဘောပေါက်စေတဲ့ ကြားခံ ဘာသာရပ်အဖြစ် သင်ကြား ပေးခဲ့တယ်။ တစ်နိုင်ငံလုံးက မြို့ကြီးတွေမှာ အမျိုးသားကျောင်းတွေဖွင့်လှစ်ခဲ့တော့ နောင်တစ်ချိန် ကိုယ်ကျိုးစွန့် အနစ်နာခံပြီး တိုင်းပြည် လွတ်လပ်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်သူ အများစုဟာ အမျိုးသား ကျောင်းထွက်တွေ ဖြစ်ကြပါတယ်။
နေရှင်နယ် ကျောင်းလို့ခေါ်တဲ့ အမျိုးသားကျောင်းတွေက အမျိုးသား ပညာရေးဌာနရဲ့ အုပ်ချုပ်မှု အောက်မှာ ထားတာမို့အစိုးရကျောင်းတွေ မစ်ရှင်ကျောင်းတွေရဲ့ သင်ကြားမှုပုံစံနဲ့ မတူပါဘူး။ ပြဋ္ဌာန်းတဲ့ စာအုပ်တွေလည်း မတူဘူးတဲ့။ မြန်မာစာမှာဆိုရင် မစ်ရှင်ကျောင်းတွေမှာ ကိုင်ကြည့်ဖို့တောင် မလွယ်တဲ့ သခင်ကိုယ်တော်မှိုင်းရဲ့ ဒေါင်းဋီကာ သစ် စာအုပ်ကို အမျိုးသားကျောင်းတွေက ပြဋ္ဌာန်း သင်ကြားပေးသတဲ့။ အင်္ဂလိပ်ရဲ့ ပညာရေးကို ဆန့်ကျင်ခဲ့ ကြပေမဲ့ အမျိုးသား ကျောင်းတွေမှာ မြန်မာစာကလွဲရင် ကျန်ဘာသာတွေ အားလုံးကို အင်္ဂလိပ်လိုပဲသင်ကြားပေးတယ်။
အင်္ဂလိပ်အစိုးရကျောင်းတွေ မစ်ရှင်ကျောင်းတွေမှာ အင်္ဂလိပ်စာ သင်တယ် ဆိုတာက စက်မှုထွန်းကားတဲ့ သူတို့အနောက်နိုင်ငံတွေ ဆိုတာ အလွန်ကြီးကျယ် ခမ်းနားပါလား၊ ခေတ်မီ တိုးတက် ကြပါလား၊ အလွန် ယဉ်ကျေးကြပါလား၊ ပညာတွေ အံ့မခမ်း တတ်မြောက်ကြပါလား၊ ဒို့လူမျိုးကတော့ အောက်တန်း နောက်တန်း ကျသေးတယ်၊ ရိုင်းစိုင်း သေးတယ်၊ခေတ်ပညာလည်း မတတ် ခေတ်အမြင်တွေလည်း မရှိသေးပါလား ဆိုပြီး သူတို့ကို အထင်တကြီး မော့ကြည့် အံ့သြပြီး ကိုယ့်လူမျိုး ကိုယ့်နိုင်ငံအတွက် သိမ်သိမ် ငယ်ငယ် စိတ်ပျက် လက်ပျက် ဖြစ်နေစေတဲ့ အကြောင်းအရာ တွေ သင်ခန်းစာတွေပါ။
အမျိုးသားကျောင်းတွေမှာ သင်ကြားတဲ့ စာအုပ်တွေ သင်ခန်းစာတွေက ကိုယ့်တိုင်းပြည်ကို ချစ်ရမယ်၊ ကိုယ့်လူမျိုးကိုချစ်ရမယ်၊ ဒို့လူမျိုး အချင်းချင်း သွေးစည်း ညီညွတ် လက်တွဲရမယ်၊ ဒို့ကို လက်နက်နဲ့ မတရား ဖိနှိပ် ကျွန်ပြု သွေးစုပ်နေသူတွေကို တစ်နေ့ကျရင် တော်လှန် မောင်းထုတ်ရမယ်ဆိုတဲ့ အသိတရားတွေ အတွေးအခေါ်တွေ ရရှိအောင် သင်ကြားပေးတယ်။နောက်ပြီး တိုင်းပြည်အတွက် တကယ့် လူချွန်လူကောင်းတွေ ပေါ်ထွက်ဖို့ ရည်ရွယ်ပြီး ပညာရေး သာမက ကိုယ်ကာယ ကြံ့ခိုင်ရေးအတွက် ကာယသင်တန်းတွေ အားကစား သင်တန်းတွေလည်း သင်ကြားပေးတယ်။ ဆရာကြီးဦးရာဇတ် တည်ထောင်ခဲ့တဲ့မန္တလေးက အမျိုးသားကျောင်းမှာ ဆိုရင် လက်ဝှေ့ သင်တန်းတွေပါ ပေးပြီး ကျောင်းထဲမှာကို လက်ဝှေ့ခုံကြီး ထားပေးကာ ပြိုင်ပွဲတွေ ကျင်းပပေးခဲ့တယ်။
ဆရာတွေဆိုရင် မြန်မာစာနဲ့ ရာဇဝင်ခေါ်တဲ့ သမိုင်းဘာသာရပ်များအတွက် မျိုးချစ် မြန်မာပညာရှိကြီးများကို ပင့်ဖိတ်ခေါ်ယူပြီး သင်ကြားစေတယ်။ ရန်ကုန် ဗဟန်းကျောင်းတိုက်မှာ ဖွင့်လှစ်တဲ့ အမျိုးသားကောလိပ် မှာဆိုရင် ဆရာကြီး သခင်ကိုယ်တော်မှိုင်းက ရာဇဝင် ပါမောက္ခ တာဝန်ယူခဲ့တယ်။ မန္တလေး အမျိုးသားကျောင်းမှာ ဆရာကြီး ရွှေပြည်ဦးဘတင် ကမြန်မာစာနဲ့ ရာဇဝင်သာမက ကျောင်းသားတွေကို မဟာဂီတ သီချင်းကြီးတွေပါ သင်ပေးခဲ့တယ်။ အင်္ဂလိပ် အစိုးရကျောင်းနဲ့ မစ်ရှင်ကျောင်းတွေတုန်းက ကျောင်းသူ ကျောင်းသားတွေက ပထမကမ္ဘာစစ် ပြီးဆုံးခြင်း အထိမ်းအမှတ်ပွဲတွေ၊ ခရစ္စမတ်ပွဲတွေ၊ နှစ်သစ်ကူးပွဲတွေကို ဆင်နွှဲကြရပြီး စန္ဒရားနဲ့ အင်္ဂလိပ် သီချင်းတွေ၊ ဘုရင်မနဲ့ အင်ပါယာ ချီးမြှောက် သီချင်းတွေ၊ ကျေးဇူးတော်ချီးမွမ်းသီချင်းတွေ သီဆိုကြရပြီး အမျိုးသားကျောင်းတွေ မှာတော့ နေရှင်နယ်ဒေးလို့ ခေါ်တဲ့ အမျိုးသားနေ့ အခမ်းအနားကိုမဟာဂီတ သီချင်းကြီးတွေ၊ မြန်မာမှုသရုပ်ဖော် ယိမ်းနဲ့ ကဇာတ်တွေ၊ မြန်မာရာဇဝင်က ပြဇာတ်တွေကို ကျောင်းသူ ကျောင်းသားတွေက ကပြကြတယ်။ ပြီးရင် မြို့ထဲကို စီတန်း လှည့်လည်ပြီးအမျိုးသားနေ့အကြောင်း ဟောပြောကြတယ်။
အမျိုးသားကျောင်းတွေမှာ အတန်းတက် စံနစ်ကလည်း အစိုးရကျောင်းတွေ မစ်ရှင်ကျောင်းတွေနဲ့ မတူဘူး။ အခြားကျောင်းတွေမှာ တစ်နှစ် တစ်တန်းတက် စံနစ်ဖြစ်ပေမဲ့ အမျိုးသားကျောင်းတွေမှာ စာတော်ရင် စာလိုက်နိုင်ပြီး ထူးချွန်ရင် (၆)လနဲ့ အတန်းတက်ခွင့် ပေးထားတယ်။ ဒါကြောင့် အမျိုးသားကျောင်းက စာတော်တဲ့ ဉာဏ်ကောင်းတဲ့ သူတွေ (၅)နှစ် (၆)နှစ်နဲ့၁၀တန်း အောင်ကုန်ကြပါတယ်။ အခြားကျောင်းတွေက ယောက်ျားလေးနဲ့ မိန်းကလေးကို အတန်းခွဲပြီး စာသင်ပေမဲ့ အမျိုးသားကျောင်းတွေမှာ အတူပေါင်းပြီး စာသင်ပေးတယ်။ စာရိတ္တပိုင်းကိုပါ သင်ကြားပေးတာမို့ ပြဿနာမရှိဘဲ အချင်းချင်း မောင်လို နှမလို ဆက်ဆံကြပြီး ယိုင်းပင်း ကူညီကာ နားလည် စာနာမှုတွေ ပိုရှိလာကြသတဲ့။
ဆူးငှက်
#voiceofmyanmar #VOM #ဆူးငှက် #အမျိုးသားကျောင်းများနှင့်ပညာရေး အပြောင်းအလဲ