ဒီဇင်ဘာ ၊ ၇ ၊ ၂၀၂၃
SP ( VOM)
မြန်မာ – အိန္ဒိယ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး ၊ ကလေး – တမူး ကားလမ်းမှာ မနေ့ ဒီဇင်ဘာ ၆ ရက် ကစပြီး တိုက်ပွဲတွေဖြစ်ပြီး ထိခိုက်သေဆုံးသူတွေ များပြားလာတာကြောင့် ဒေသခံ အရပ်သား နှစ်ထောင်ကျော်ဟာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
” မနေ့ကစလို့ ခါမ်းပါတ်မြို့နယ်ခွဲမှာ ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေနဲ့ နစကတပ်ဖွဲ့တွေ တိုက်ခိုက်နေတယ် ၊ အဲ့ဒါကြောင့် ၊ ကနန် ၊ ကမ္မကြီး ၊ တိန်းခရား ၊ ထင်းစင် ၊ ဝိတုတ် ၊ နောက်ပြီး တမူးနားက ထန်းတပင် ၊ မန်မော် ၊ အင်ဒိုင်း စတဲ့ရွာတွေဘက်က ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြတယ် ၊ ခန်းမှန်းချေ လူ နှစ်ထောင်လောက်ရှိမယ် ၊ အခုချိန်က စပါးရိတ်တဲ့ရာသီဆိုတော့ တချို့ မိသားစုတွေက တောထဲမှာနေကြတယ် ၊ ရွာတွေမှာက လူတွေနေထိုင်တာ မရှိတော့ အရေအတွက် မသိရဘူး ၊ မနေ့ မနက်ပိုင်းမှာ နန်းကတိတ်ရွာနားမှာ တိုက်ပွဲဖြစ်လို့ လူတွေ သေဆုံးတာရှိတယ် ၊ ဘယ်အဖွဲ့က သေတယ်ဆိုတာ မသိရသေးဘူး ” လို့ ပြောပါတယ်။
မြန်မာ – အိန္ဒိယ နှစ်နိုင်ငံ နယ်စပ်ကုန်းသွယ်ရေး ကလေး တမူးကားလမ်း တိုက်ပွဲ ဖြစ်တာနဲ့ ပတ်သက်ပြီး တမူးခရိုင်လုံခြုံရေး အဖွဲ့နဲ့ နီးစပ်သူတယောက်က
” မနေ့က နန်းကတိတ်ရွာနားမှာ ထိတွေ့တိုက်ပွဲဖြစ်တယ် ၊ အမျိုးသား အလောင်း ခုနှစ်လောင်း ၊ အေကေ-၄၇ သေနတ် ၁ လက် ၊ အမ်-၁၆ သေနတ် ၁ လက်၊ တရုတ်စက်လတ် ၁ လက် ၊ HK-33 သေနတ် ၁ လက် ၊ စနိုက်ဘာသေနတ် ၁ လက် ၊ လက်လုပ်သေနတ် ၂ လက် ၊ ကျည်အိမ်မျိုးစုံ ၇ ခု ၊ အမ်-၁၆ ကျည် ၉၅ တောင့်အေကေ-၄၇ ကျည် ၂၃ တောင့် ၊ ၇.၆၂ မမကျည် ၁၃၈ တောင့် ၊ HK-33 ကျည် ၆၈ တောင့် သိမ်းဆည်းရရှိတယ် ” လို့ ပြောပါတယ်။
တမူးမြို့ခံတယောက်က ” ပြီးခဲ့တဲ့လကတည်းက ကလေး တမူး ကားလမ်းမှာ တိုက်ပွဲတွေဖြစ်တယ် ၊ အထူးသဖြင့် နန့်မွန်းတား ၊ ခွန့်မွန်းနွန်း ၊ ပန်းသာ ၊ ထန်းတပင် ရွာတွေမှာဖြစ်တယ် ၊ အဲ့ဒါကြောင့် ကားလမ်းတွေ ပိတ်ထားပြီး ကားတွေသွားလို့ မရဖြစ်တယ် ၊ နောက်ပြီး ဒေသခံ အများစုက ရွာမှာ မနေကြတော့ဘူး ၊ တချို့ကလည်း တောထဲက တောင်ယာခင်းတွေမှာ သွားနေကြတယ် ” လို့ ပြောပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ နိုဝင်ဘာ ၇ ရက်က ကလေး တမူးကားလမ်းပေါ်က ခါမ်းပါတ်မြို့နယ်ခွဲကို ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေက ထိန်းချုပ်ထားပြီးနောက် တလအကြာမှာ နစကတပ်ဖွဲ့တွေက ပြန်လည် တိုက်ခိုက်နေတာဖြစ်တယ်လို့ သိရပါတယ်။
တမူးနယ်မှာ ပြီးခဲ့တဲ့ မတ်လကစလို့ နစက တပ်ဖွဲ့တွေနဲ့ ဒေသတွင်း လက်နက်ကိုင် အဖွဲ့တွေကြား တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။