ဖားကန့် ၊ ဒီဇင်ဘာ- ၇-၂၀၂၃
MH (VOM)
နိုင်ငံတွင်းမှာ ဒီဇင်ဘာလ ၄ရက်နေ့လောက်ကစပြီး လောင်စာဆီတွေ ဝယ်ရခက်နေတယ်လို့ ကားပိုင်ရှင်တွေ ရတက်ပွေနေရပါတယ်။
ဒီဇင်ဘာလ ၄ ရက်နေ့လောက်ကစပြီး ရန်ကုန် ၊မန္တလေးအပါအဝင် မြို့ကြီးတွေမှာ ၉၂ ၊ ၉၅ ဓါတ်ဆီတွေ ဆိုင်တိုင်းမှာ ထည့်မရတော့ပဲ တချို့သောဆိုင်တွေက အရောင်းပိတ်ထားတယ်လို့ အငှားယဉ်မောင်းတဦးက VOMကိုပြောပါတယ် ။
“မနေ့ကစပြီး 92ရော95ရော ထည့်မရတော့ဘူး၊ တမြို့လုံး မရောင်းတဲ့ဆိုင်ကများတယ် ရောင်းတဲ့ဆိုင်ကြတော့ ကားရာချီ တန်းစီရေတာ့ အလုပ်မဖြစ်ဘူး” လို့ မန္တလေး- ပြင်ဦးပြေးဆွဲနေတဲ့ အငှားယဉ်မောင်းတဦးက ပြောပါတယ် ။
လောင်စာဆီတွေ ဝယ်ရခက်ခဲတာကြောင့် ဖားကန့် -မန္တလေး ပြေးဆွဲနေတဲ့ ခရီးသည်ယဉ်တွေနဲ့ ကုန်တင်ယဉ်တချို့လည်း ဖားကန့်-မန္တလေး ၊ မန္တလေး-ဖားကန့် ခရီးတွေကို ဆက်မသွားနိုင်ပဲ လမ်းခုလပ်တွေမှာ ကားတွေထိုးရပ်ထားရတယ်လို့ သိရပါတယ် ။
” မနေ့ညက ဖားကန့်ကနေ မိုးညှင်းရောက်တယ် ။ဒီမနက် မိုးညှင်းမှာ ဘာဆီမှထည့်လို့မရဘူး ။ ဘယ်မှဆက်သွားလို့လည်းမရတော့ဘူး ၊ ခရီးသည်တွေလည်းစောင့်နိုင်ရင်စောင့်၊မစောင့်နိုင်လည်းမတတ်နိုင်ဘူး ” ဟု ဖားကန့်-မန္တလေး ခရီသည်တင်ယဉ်မောင်းတဦးက ပြောပါတယ် ။
နိုင်ငံတဝှမ်းမှာ စက်သုံးဆီတွေ ပြတ်လပ်နေပေမယ့် ကချင်ပြည်နယ် ဖားကန့် ကျောက်စိမ်းတွင်းတွေမှာတော့ ဧရာမစက်ယန္တယားကြီး အမြောက်အများသုံးပြီး ညစဉ်တရားမဝင်ကျောက်စိမ်းတူးရေး လုပ်ငန်းတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက VOM ကိုပြောပါတယ် ။
ဖားကန့်ဒေသရှိ ကျောက်စိမ်းထွက်ရှိရာ မှော်တိုင်းမှာ လောင်စာဆီ ဂါလံပေါင်း သောင်းသိန်းချီအသုံးပြုပြီး ညစဉ်တရားမဝင်ကျောက်စိမ်းတူးဖော်မှုလုပ်ငန်းတွေ လုပ်ဆောင်နေတယ်လို့လည်း အဆိုပါဒေသခံကပါ ဆက်လက်ပြောဆိုခဲ့ပါတယ် ။
” ကျနော်တို့မှာသာ ဆီထည့်စရာမရှိတာ ၊ မှော်ထဲမှာတော့ ညတိုင်း ဘုရားပွဲလှည့်နေတဲ့အတိုင်းပဲ အပြိုင်အဆိုင် ကျောက်ခိုးတူးနေကြတာ ၊ တညတည တမှော်လုံးမကုန်ပါဘူးဆိုရင် ဆီပေပါ လေးငါးသောင်းအထက် ကုန်နိုင်တယ် ” ကျောက်ကုန်သည် ဒေသခံတဦးက ပြောပါတယ် ။
ဖားကန့်ကျောက်စိမ်းတွင်းဒေမှာ ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းသုံး စက်ယန္တယားမျိုးစုံ အစီးရေ တသောင်းခွဲနီးပါးခန့်ရှိပြီး ၊ အဲဒီထဲက စက်ယန္တယား ရှစ်ဆယ်ရာခိုင်နှုံးဟာ တရားမဝင်ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းတွေမှာ အသုံးပြုနေတာ ဖြစ်ပါတယ် ။
မြန်မာပြည်ကိုတင်သွင်းနေတဲ့လောင်စာဆီအားလုံးရဲ့ ၂၀ ရာခိုင်နှုန်းနီးပါးက ဖားကန့်ဒေသက တရားမဝင်ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းတွေမှာ အသုံးပြုနေတယ်လို့ ဆီလုပ်ငန်းရှင်တဦးကလည်း သူအမြင်ကိုပြောပါတယ် ။
” ကိုမတ်စု 777 တစီးက တညကို ဆီနှစ်ပေပါနီးပါးကုန်တယ်ဗျာ ။အဲလိုမြေသယ်ကားအစီးရေ ရာပေါင်းများစွာရှိတယ် ။တခြားယန္တယားတွေအများမှအများကြီးကျန်သေးတယ် ။တညတည လောင်စာဆီဂါလံပေါင်း သိန်းချီမကုန်ဘဲနဲ့ ဒီလုပ်ငန်းဘယ်လိုမှလည်ပတ်လို့မရဘူး “လို့ ဆိုပါတယ် ။
ဖားကန့်ကျောက်စိမ်းတွင်းဒေသက ကျောက်စိမ်းမှော်တွေဖြစ်တဲ့ ဆန်ခါ ၊ဖဝါ ၊ ငိုးပင်း ၊ ကုဋေ ၊ မှော်စီစာ ၊ အောင်သာယာ ၊ ဆောင်းချိန် ၊ မော်ဝမ်းကြီး၊ မော်ဝမ်းလေး ၊ ဗလခ ၊တောင်ပြို ၊ ရှရော်ခ ၊စဗျိခူး ၊ မန ၊ ဆိုင်းဂျာဘွမ် ၊ မက်လင်ချောင် ၊ မမုံ ၊ဖားပြင် ၊ ဘဇံချောက် ၊စပေါ့ ၊ ချောင်းဖျား ၊ ကရင်ချောင် ၊တောင်းကော့ ၊ကောင်စံ၊နမ့်မှော် ၊ရှမ်းကုန်း စတဲ့မှော်အနှံ့မှာ တရားမဝင်ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းတွေ လုပ်ဆောင်နေတာဖြစ်ပါတယ် ။
မြန်မာနိုင်ငံတဝှမ်းရှိ မြေပေါ်မြေအောက် ဓါတ်သတ္ထုအရိုင်းတူးဖော်မှူ ခွင့်ပြုမိန့်လိုင်စင်တွေဟာ ၂၀၂၁ခုနှစ်ထဲက အားလုံး သက်တမ်းကုန်ဆုံးခဲ့တာဖြစ်တယ်လို့ ကျောက်စိမ်းလုပ်ငန်းရှင်တွေဆီက သိရပါတယ် ။
ပြည်မမှာ ဆီရှားတဲ့ပြဿနာရှိသလို ဖားကန့်ဒေသမှာ ဓါတ်ဆီနဲ့ ဒီဇယ်ဟာ တလီတာ လေးထောင်အထက်ဝယ်သုံးရပေမယ့် ငွေကြေးတတ်နိုင်တဲ့ ဖားကန့်လောပန်းတွေမှာတော့ တည ဂါလံသောင်းချီသုံးပြီး ဘာ့ကြောင့် ညအချိန်မတော်တွေမှာ လုပ်ကိုင်နိုင်ကြသလဲဆိုတာ လုပ်နိုင်သူတွေဘဲ သိမှာဖြစ်တယ်လို့ ဖားကန့်ဒေသခံက ဆိုပါတယ်။