ဒီဇင်ဘာ ၊ ၁၁ ၊ ၂၀၂၃
SP ( VOM)
ပြီးခဲ့တဲ့ နိုဝင်ဘာ ၃ ရက်ကနေ ၇ ရက်အထိ လေးရက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ဒေသတွင်းလက်နက်ကိုင်အဖွဲ့တွေက ထိန်းချုပ်ရယူထားတဲ့ စစ်ကိုင်းတိုင်း ၊ တမူးမြို့နယ် ၊ ကလေး – တမူး ကားလမ်းပေါ်က ခါမ်းပါတ်မြို့နယ်ခွဲ အပါအဝင် ကာကင်းစခန်းတချို့ကို သုံးရက်ကြာ တိုက်ခိုက်ပြီးနောက် မနေ့ နိုဝင်ဘာ ၁၁ ရက် မနက်ပိုင်းက နစက လုံခြုံရေးအဖွဲ့တွေက ပြန်လည် ရယူထိန်းချုပ်လိုက်တယ်လို့ ခါမ်းပါတ်မြို့နယ်ခွဲ ဒေသခံတွေဆီက သိရပါတယ်။
” ကလေး တမူးကားလမ်းဘက်မှာ လွန်ခဲ့တဲ့ လေးငါးရက်လောက်က စပြီး နစကရဲ့ ကွန်မန်ဒို အထူးစစ်ကြောင်းအဖွဲ့တွေ ဝင်ရောက်လာတယ်လို့ သိရတယ် ၊ အဲ့ဒါကြောင့် ကျွန်းတောရေရှင် ၊ ဖက်ရားရေရှင် ၊ နန်းခေါက်ခေါက် ၊ နန်းကတိတ် ၊ ခါမ်းပါတ် ၊ ကနန် ၊ ကမ္မကြီး ၊ တိန်းခရား ၊ စတဲ့ ရွာတွေက ဒေသခံတွေတသောင်းနီးပါးဟာ ထွက်ပြေးတိမ်းရှောင်နေကြတယ် ၊ တချို့လည်း စပါးရိတ်သိမ်းရာသီဆိုတော့ မိသားစုလိုက် ယာခင်းတောတွေမှာ ပြောင်းရွေ့နေထိုင်ကြတယ် ၊ ရွာတွေမှာက လူမရှိသလောက်ဖြစ်နေတယ် ၊ ၊ လွန်ခဲ့တဲ့ သုံးလေးရက်ကတော့ နန်းကတိတ်ရွာနားမှာ လူခုနှစ်ယောက် သတ်ခံရတယ်လို့ ကြားတယ် ၊ သေဆုံးသူတွေဟာ ဒေသတွင်း လက်နက်ကိုင်အဖွဲ့က မိုင်းရဲဘော်တွေလို့ ကြားရတယ် ၊ ခါမ်းပါတ်ရွာအဝင်မှာလည်း တနေ့က လူ လေးယောက် သတ်ဖြတ်ခံရတယ် ၊ မနေ့ကတော့ အဲ့ဒီ စစ်ကြောင်း အဖွဲ့ ခါမ်းပါတ်မြို့ထဲကို ဝင်ရောက်လာပြီး လူ ၃၀ နဲ့ ၅၀ ကြားကို ဖမ်းဆီးစစ်ဆေးနေတယ်လို့ ကြားရတယ် ၊ စစ်ဆေးနေတုန်းဆိုတော့ ဒီမနက်အထိ ပြန်လွတ်မလာသေးဘူး ၊ ခါမ်းပါတ်မြို့ထဲမှာ သေနတ်သံတွေတော့ ကြားရဆဲဖြစ်တယ် ” လို့ ခါမ်းပါတ်မြို့ခံတယောက်က ပြောပါတယ်။
ခါမ်းပါတ်မြို့နယ်တွေကို နစက လုံခြုံရေးတပ်ဖွဲ့တွေက ပြန်လည်သိမ်းပိုက်ရယူပြီးနောက် မနေ့ နိုဝင်ဘာ ၁၀ ရက်က ခါမ်းပါတ်မြို့နယ်ခွဲ ၊ ဧဝံဂေလိ AG အသင်းတော် ၊ မိဘမဲ့ ကလေးဂေဟာမှာရှိတဲ့ ကလေး လေးယောက် သေနတ်မှန်သေဆုံးတယ်လို့ ဒေသတွင်း လက်နက်ကိုင် အဖွဲ့တွေက သူတို့ရဲ့ လူမှုကွန်ရက်ပေါ်မှာ ထုတ်ပြန်ထားတာကို တွေ့ရပါတယ်။
အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး တမူးခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” တလနီးပါးကြား ထိန်းချုပ်ခံထားရတဲ့ ခါမ်းပါတ်မြို့နယ်ခွဲကို မနေ့က အပြီးသတ် ပြန်လည်ရယူနိုင်ပြီဖြစ်တယ် ၊ နောက်ဆက်တွဲ နယ်မြေရှင်းလင်းရေးတွေ လုပ်နေတယ်၊ နှစ်ဘက် ထိခိုက်သေဆုံးတာတွေရှိတယ် ၊ အရေအတွက် စာရင်းတော့ တက်မလာသေးဘူး ” လို့ ပြောပါတယ်။
အခုရက်ပိုင်းအတွင်း ကလေး – တမူး နယ်စပ်ကုန်သွယ်ရေး ကားလမ်းမှာရှိတဲ့ ခါမ်းပါတ် ၊ ကနန် ၊ ကမ္မကြီး ၊ ထင်းစင် ၊ ဝိတုတ် ၊ ဖိုင်လင်း ၊ ဘုတ္ကန် ၊ နန့်မွန်းတာ ၊ ခုန့်မွန်းနွံ ၊ ပန်သာ ၊ မန်မော် ၊ ထန်းတပင် စတဲ့ ရွာတွေဘက်မှာလည်း ထိတွေ့တိုက်ပွဲတွေ ဖြစ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၀ ရက် မနက်ပိုင်းက တမူး – စေတီ – အောင်ဇေယျ ကားလမ်းဘက်မှာရှိတဲ့ ဦးအောင်ဇေယျ စခန်း တိုက်ခိုက်ခံရပြီးနောက် အောင်ဇေယျ ၊ နန်းအောက်မော် နဲ့ စိုးသာယာ စတဲ့ကျေးရွာတွေဘက်မှာ လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲတာကြောင့် ကျွဲနွား အကောင်ရေ ၃၀ ဝန်းကျင် ထိခိုက်သေဆုံးတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲ့ဒါကြောင့် တမူး – ကလေး ကားလမ်းတွေ ပိတ်ထားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ မတ်လ ဝန်းကျင်ကလည်း ခါမ်းပါတ်နဲ့ တမူမြို့ကြားက ဘုက္ကန်ကျေးရွာမှာရှိတဲ့ ရဲကင်းစခန်းအတိုက်ခံရပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းခံရကာ ရဲတပ်ဖွဲ့ဝင်အားလုံး စခန်းကို စွန့်ခွာ ထွက်ပြေးသွားတယ်လို့ သိရပါတယ်။