ခရေပင်လမ်းခွဲမှာ ဖယ်ရီကားနဲ့ တွဲကား တိုက်မိလို့ အယောက် ၃၀ ကျော် ထိခိုက် ဒဏ်ရာရ

 

ဇန်နဝါရီ ၁၇ – ၂၀၂၄

SN (VOM)

ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်၊ ခရေပင်လမ်းခွဲ လမ်းဆုံအနီးမှာ ဒီကနေ့ ဇန်နဝါရီ ၁၇ ရက်၊ မနက် ၇ နာရီ ၁၀ မိနစ်ဝန်းကျင်က အထည်ချုပ်ဖယ်ရီ ဒိုင်နာကားနဲ့ တွဲကား တိုက်မိလို့ အယောက် ၃၀ ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ကြယ်စင်မေတ္တာလူမှုကူညီရေးအသင်း (တညင်ကုန်း) က သိရပါတယ်။

“ဒဏ်ရာရတဲ့သူတွေက ဖယ်ရီကားပေါ်က လူတွေပါ။ စုစုပေါင်း ၃၂ ယောက်ထဲမှာ မိန်းကလေးတယောက်ကတော့ ခေါင်းထိထားတော့ နည်းနည်းတော့ စိုးရိမ်ရတဲ့ အနေအထားပေါ့။ ယောင်္ကျားလေးထဲကလည်း ခါးနာပြီးတော့ မထနိုင်တာ တယောက်ရှိတယ်။ ကျန်တဲ့သူတွေကတော့ မစိုးရိမ်ရပါဘူး။ ခေါင်းနည်းနည်းထိ၊ ခြေထောက်လေးတွေ နည်းနည်းကွဲ၊ ခြေထောက်ထိ၊ လက်ထိ၊ ဖူးရောင်ပေါ့။ အဲ့ဒါလေးတွေပါပဲ။ သူတို့အားလုံးကို အင်းစိန်ဆေးရုံကို ပို့ဆောင်ထားပါတယ်” လို့ ကြယ်စင်မေတ္တာလူမှုကူညီရေးအသင်း (တညင်ကုန်း) မှ တာဝန်ရှိသူတယောက်က ပြောပါတယ်။

အဲ့ဒီ့ဖြစ်စဉ်ဟာ ခရေလမ်းခွဲနဲ့ ၁၀၆ မှတ်တိုင်ကြားမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ဖယ်ရီကားပေါ်က အမျိုးသား ၁၁ ယောက်၊ အမျိုးသမီး ၂၁ ယောက်၊ စုစုပေါင်း ၃၂ ယောက် ဒဏ်ရာရရှိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

“ဒီဖြစ်စဉ်က တွဲကားမှားတယ်လို့ သိရတယ်။ ဖယ်ရီကားက သူ့လမ်းကြောင်းအတိုင်း ဒဲ့မောင်းလာတာပေါ့။ ဟိုဘက်ရော ဒီဘက်‌ရော လမ်းရှင်းတယ်။ အဲ့လို အနေအထားပေါ့။ တွဲကားက ကွေ့ကြောမှာ ကွေ့လိုက်တဲ့အချိန်မှာ ဟိုဘက်ကို လမ်းကျွံသွားတာ။ ဟိုဘက်ကကားကလည်း တည့်တည့်မောင်းချလာတော့ အဲ့မှာ တိုက်မိသွားတာ” လို့ သူက ပြောပါတယ်။

အဲ့ဒီ့ ဖြစ်စဉ်အတွင်း အထည်ချုပ် ဝန်ထမ်းကြို့/ ပို့ ကားပေါ်က ယာဉ်မောင်းတယောက် ကားခေါင်းခန်းထဲ ညပ်နေတာကြောင့် အရေးပေါ် ကယ်ဆယ်လိုက်ရတယ်လို့လည်း သိရပါတယ်။

ဒီဖြစ်စဉ်အတွင်း ထိခိုက် ဒဏ်ရာရသူတွေသာ ရှိခဲ့ပေမယ့် လူမှုကွန်ယက်ပေါ်မှာတော့ အဲ့ဒီ့ ယာဉ်တိုက်မှုကြောင့် သုံးယောက် ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ သတင်းတွေ ပျံ့နှံ့နေတာဖြစ်ပါတယ်။

ဒါနဲ့ပတ်သက်လို့ ကြယ်စင်မေတ္တာလူမှုကူညီရေးအသင်း တာဝန်ရှိသူက “သုံးယောက်သေတယ်ဆိုတာ လုံးဝ မဟုတ်ပါဘူး။ ကျွန်မတို့က ဆေးရုံမှာ အားလုံး အစအဆုံးလိုက်ပြီး ကူညီပေးခဲ့တာပါ။ သေတယ်ဆိုတာ လုံးဝမရှိပါဘူး” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၈ ရက်ကလည်း အဲ့ဒီ့ ခရေပင်လမ်းမှာ ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး အမျိုးသမီးတယောက် စိုးရိမ်ရ ဒဏ်ရာ ရရှိခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နဲ့ လူမှုကူညီရေးအသင်း တွေဆီက သိရပါတယ်။

အဲ့ဒီ့ အောက်တိုဘာလထဲမှာပဲ ၁၇ ရက်နေ့မှာ ခရေပင်လမ်းမပေါ်က ရာသက်ပန်မှတ်တိုင်အနီး ယာဥ် ငါးစီး ဆင့်တိုက်မှု ဖြစ်ပွားခဲ့ပြီး နံဘေးရှိ လျှပ်စစ်ပစ္စည်းဆိုင်ထဲကိုပါ ကားတွေ ဝင်ရောက်တိုက်မိခဲ့တာကြောင့် ယာဥ်မောင်းတယောက် ရင်ဘတ်အောင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီ့လိုပဲ အောက်တိုဘာ ၁၆ ရက်ကလည်း တညင်းကုန်းဈေးအနီး၊ ၁၄ လမ်းဆုံနားက ပုလဲလမ်းမပေါ်မှာ လူနာတင်ယာဉ်တစီးက လမ်းဘေးမှာ ရပ်ထားတဲ့ တွဲကားကို ဝင်တိုက်မိခဲ့တာကြောင့် လူမှုကူညီရေးအသင်းဝင်တယောက်နဲ့ ယာဉ်ပေါ်ပါ လူနာတို့ သေဆုံးခဲ့ရတဲ့ ဖြစ်စဉ်တခု ဖြစ်ပွားခဲ့ပါသေးတယ်။

Photo Crd: Original Uploader

 

Related posts

Leave a Comment

VOM News

FREE
VIEW