အကောင်း လွန်နေတာ

 

ဆူးငှက်

ဂန္ထဝင် အဆိုတော်ကြီး မာမာအေး ဟာ ဒီနှစ် နှစ်ဦး ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၈ ရက် အမေရိကန် အရှေ့ဘက်ကမ်းရိုးတန်း စံတော်ချိန် ညနေ ၆:၂၈ ၊ မြန်မာစံတော်ချိန် ဇန်နဝါရီ ၉ ရက် မနက် ၅:၅၈ အသက် ၈၁ နှစ်အရွယ်မှာ ကွယ်လွန်သွားပါတယ်။ အစ်မကြီး ကွယ်လွန်တဲ့ အချိန်မှာ အစ်မကြီး မာမာအေးနဲ့ ပတ်သက်လို့ သတိရတာလေး တစ်ခု ပြောပါရစေ။ လွန်ခဲ့တဲ့ ၁၁နှစ်၊ ၂၀၁၃ခုနှစ်ဇွန်လ ၈ ရက်နေ့က မန္တလေးမြို့တော်ခန်းမ ၁ မှာအစ်မကြီးရဲ့ ဂီတပွဲ အစီအစဉ်တစ်ရပ်ကို မြို့မနဲ့တွဲဖက် ကျင်းပတယ်။

ဒီပွဲမှာ မြို့မကကနဦး အဖွင့် အောင်မင်္ဂလာ ယိုးဒယားသီချင်းကြီးကို တီးမှုတ်ပြီး ဖွင့်ပါတယ်။ ဒါဟာ မြို့မ မူပါ။ မန္တလေးမူပါ။ မန္တလေးမှာက ဂန္တဝင် မဟာဂီတ သီချင်းကြီးတွေကို အစဉ်အဆက် ထိန်းသိမ်းခဲ့ကြတဲ့ မြို့ပါ။ လက်ထက်တော် ကြီး၊ လက်ထက်တော်လေး ကာလ၊ နန်းတွင်းမှာ မဟာဂီတကို အထူး အားပေးခဲ့ပါတယ်။ အခါအားလျော်စွာ မြို့ဘွဲ၊ ဘုရင် ဘွဲ့၊ မိဖုရားဘွဲ့၊ သားတော်သမီးတော်ဘွဲ့၊ ကန်ဘွဲ့၊ ချောင်းဘွဲ့၊ ရာသီဘွဲ့စတဲ့ မဟာဂီတ ဆိုင်ရာ သီချင်းကြီးတွေကို ရေးသား ဆက်သွင်း တီးမှုတ်စေခဲ့ပါတယ်။ ဒါကြောင့် မန္တလေး ရတနာပုံ နန်းတော်ကြီးအတွင်းမှာ မဟာဂီတ သီချင်းသံတွေ ဝေစည် ထွန်းကားခဲ့တယ်။ ဒီအစဉ်အလာဟာ ပါတော်မူပြီး နောက်ပိုင်းအထိ မပျက်မယွင်းရှိရအောင် မန္တလေးသားတွေက ထိန်းသိမ်းခဲ့တယ်။ မဟာဂီတ အမွေတွေကို လူကြီး လူငယ်တွေဆီ လက်ဆင့်ကမ်းခဲ့တယ်။

ဒါကြောင့် ကိုလိုနီခေတ်မှာ ကြီးပြင်းခဲ့တဲ့ မန္တလေးသား လူငယ်လေးတွေရဲ့ လက်ထဲက တူရိယာပစ္စည်းတွေနဲ့ နှုတ်ဖျားက သီချင်းသံတွေဟာ မဟာဂီတ ချည်းဖြစ်ခဲ့တာပါ။ ဒါကြောင့် အဲဒီခေတ် လူငယ်တွေရဲ့ အသွေးအသားထဲ မဟာဂီတ သီချင်းရဲ့ အသံတွေ၊ စာသားတွေ စီးဝင်နေကြတာပေါ့။ ဒါကြောင့် ၁၉၂၅ ခုနှစ်မှာ မြို့မဗုဒ္ဓဝေယျာဝစ္စ အပျော်တမ်း တူရိယာအသင်း ဖွဲ့စည်းတော့ မဟာဂီတ သီချင်းကြီးတွေကို ခေတ်ပေါ် တူရိယာပစ္စည်းတွေနဲ့ တီးမှုတ်နိုင်ရေးကို အထူး ကြိုးပမ်း ခဲ့ကြပါတယ်။ ဒီလိုကြိုးပမ်းရာမှာလည်း မဟာဂီတ သီချင်းရဲ့ သံစဉ်တေးသွားမှာ မြန်မာ့ဆိုင်းအဖွဲ့က တီးမှုတ်ခဲ့ကြ တဲ့ ဟန်တွေ၊ ဋ္ဌာန်တွေကို အမိအရ ယူခဲ့ကြတယ်။ ဒါမှ သန္ဓေမ ပျောက်မှာကိုး..။ စခွန့် အဆို့အပတ်၊ ပတ်မဆစ် အဝင် အထွက်၊ နှဲအရစ်အဆွဲ၊ ကြေးနောင်ရဲ့ အတို့အခတ်၊ အုပ်စုံရဲ့ အဖြည့်အစွက်တွေကို ခေတ်ပေါ် လေမှုတ်တူရိယာတွေနဲ့ သန္ဓေ မပျက်အောင် တီထွင်ခဲ့ကြတာပါ။

ဒီ အစဉ်အလာအတိုင်း မြို့မက ‘အောင်မင်္ဂလာ’ ယိုးဒယား သီချင်းကြီးကို ဋ္ဌာန်ပြည့်၊ မာန်ပြည့်၊ တီးမှုတ် သွားတာပါ။ ပွဲဦးအစမှာပဲ မန္တလေးသား ပရိသတ်တွေ ကျေနပ် နှစ်သက်သွားကြလေရဲ့။ နောက်. မြို့မရဲ့ အဖွင့် ပဏာမ တေးသွားကို တီးမှုတ်ပါတယ်။ ဂန္တဝင် အဆိုတော်ကြီး မာမာအေးရဲ့ တေးဂီတ အစီအစဉ် အဖွင့်မှာ နန်းတော်ရှေ့ ဆရာတင်ရဲ့ ‘လက်ရေတပြင်တည်း’ သီချင်းကို မြို့မနဲ့ တွဲဖက် ဖျော်ဖြေသွားပါတယ်။ အစ်မကြီး မာမာအေးရဲ့ ‘လက်ရေတပြင်တည်း’ ဆိုဟန် ဆိုပေါက်ကို ကြားရတဲ့အခါမှာ လွန်ခဲ့သောနှစ်ပေါင်း ၃ဝကျော် ကာလက မြို့မရဲ့ ပင်တိုင် အဆိုတော်ကြီးများ ဖြစ်ကြတဲ့ ဦးသိန်းတန်နဲ့ ဦးဖူးအံ့တို့ရဲ့ ‘လက်ရေတပြင်တည်း’ကို ၂ယောက်တွဲ သီဆိုခဲ့ကြတဲ့ ဟန်ကို ပြန်လည် မြင်ယောင်မိပါ တော့တယ်။ ဦးသိန်းတန်က လက်နှစ်ဖက်ကို ယှက်ပြီး ရှေ့မှာချ၊ မျက်နှာကို မော့၊ မျက်မှန်ကြီး တဝင်းဝင်းနဲ့..။ ဦးဖူးအံ့ကလည်း မိုက်ရှေ့မှာ မားမားကြီးရပ်ပြီး ကွမ်းမြုံ့ကာ ပရိသတ်ကို ပြုံးပြုံးကြီး မျက်နှာမူလို့..။ လက်ရေတပြင်တည်းရဲ့ ခြေဆင်းပိုဒ်ကို ဦးဖူးအံ့က သီဆိုပြီးတဲ့ အခါမှာ ‘ဟေ့..သူငယ်ချင်းရေ..’ ဆိုတဲ့ စာသားလည်း အ ရောက်၊ ၂ယောက်သား မျက်နှာချင်းဆိုင်ပြီး၊ လက်ဆွဲ နှုတ်ဆက်လိုက်ကြသေးရဲ့။ ဒီတင် ပရိသတ်က ဝေါကနဲ ပွဲကျ သွားတော့ တာပါပဲ။

အဲဒီအချိန် ဦးသိန်းတန်နဲ့ ဦးဖူးအံ့ ဆိုတာကလည်း အသက် ၆ဝကျော်၊ ၇ဝ ဝန်းကျင်တွေလေ။ အဲဒီအရွယ်မှာ ရှိသင့် ရှိအပ်တဲ့ အသံကို ထိန်းပြီး ပညာသားပါပါနဲ့ သီဆို သွားကြတာကလား။ အခုလည်း အစ်မကြီး မာမာအေးက လွန်ခဲ့တဲ့ နှစ်၃ဝ ဝန်းကျင် မြို့မ ဧည့်ခံတေးတွေ သီဆို အသံသွင်းစဉ်ကာလ၊ ငယ်မူငယ်သွေး၊ ငယ်သံနုနုကို ကြိုက်သလို တင်ပြီး သီဆိုတာ မဟုတ်ဘဲ၊ ရှိသင့် ရှိအပ်တဲ့ အရွယ်နဲ့ လိုက်ဖက်တဲ့ အသံမှာ ခံ့ခံ့ညားညား ပညာသားပါပါ သီဆို သွားတာ ကြားလိုက်ရတော့ ကျေနပ်ပီတိ ဖြစ်ကြရပါတယ်။

အစ်မကြီး မာမာအေးရဲ့ ဂီတပွဲတော်တွေကို ရန်ကုန်မှာကျင်းပတော့၊ ကျွန်တော်တို့ တိုက်ရိုက် ထုတ်လွှင့်မှု အစီအစဉ်တွေကနေ ကြည့်ရှု ခံစားကြရပါတယ်။ အခု မန္တလေးပွဲကတော့ မြို့မနဲ့ မျက်မြင်ကိုယ်တွေ့ နားဆင်ခဲ့ရတာပါ။ ဒီတော့ ပြောကြစို့ဆိုရင် ရှေ့က ပွဲတွေထက်၊ အခုပွဲကို ပိုပြီး ကြိုက်၊ ပိုပြီး ခံတွင်းတွေ့ပါတယ်။ အစ်မကြီးရဲ့ အသံ, ပုံမှန် ဖြစ်သွားတယ်လို့ ပြောရမလား။ ဒါကိုတော့ မကျွမ်းကျင်လို့ မပြောတော့ပါဘူး။ သို့သော်လည်း ကိုယ့်စိတ်ကြိုက် ပြောရမယ် ဆိုရင်တော့ အစ်မကြီးက အခုအသက်အရွယ်မှာ ‘မြို့မသီချင်း’တွေနဲ့၊ ပိုပြီး လိုက်ဖက်ပါပေတယ်လို့ ဆိုရပါမယ်။ မြို့မ သီချင်းတွေဟာ ‘အချွဲ့၊ အနွဲ့၊ အရစ်၊အဆွဲ’ ထက် ‘အဖြတ်၊ အတောက်၊ အရှူ၊ အရှိုက်၊ အပင့်၊ အနား’ တွေနဲ့ ဆိုရတာကိုး။ အစ်မကြီး မာမာအေးလို မြန်မာစကားလုံး၊ မြန်မာအသံထွက်အပေါ် စနစ်တကျ ဂရုမူ လေးနက်သူနဲ့ ပိုပြီး အဆင်ပြေ သွားတာပေါ့။ မြို့မသီချင်းတွေက ဟန်နဲ့မာန်နဲ့ ဋ္ဌာန်နဲ့ ဆိုရလေတော့ အစ်မကြီးရဲ့ အသံ၊ မာန်၊ ဋ္ဌာန် တွေနဲ့ စရွေးကိုက် ဖြစ်သွားတာပါပဲ။

‘မြို့မနှင့်မာမာအေး’ ဂီတ အစီအစဉ် မှာ ဝါရင့်အဆိုတော်ကြီး အကယ်ဒမီ ချိုပြုံး ကလည်း ‘လက်ဟောင်းမြို့မ’ ပီပီ သူသီဆိုနေကျ မြို့မသီချင်းတွေကို အပီအပြင် သီဆိုသွားခဲ့တယ်။ ဒီပွဲမှာ ထူးထူးခြားခြား သတိထား မိတာက ဖိုးသောကြာပါပဲ။ သူ့ဖခင် အဆိုတော် ရုပ်ရှင် သရုပ်ဆောင်၊ စာရေးဆရာ သုမောင် ကလည်း မြို့မသီချင်းတွေနဲ့ လိုက်ဖက်လှသမို့ ‘လက်ဟောင်းမြို့မ’ ကြီးပါပဲ။ အခု ဖိုးသောကြာဟာ သူသီဆိုသွားတဲ့ ‘အောင်ပင်လယ်’၊ ‘လှောင်’ စတဲ့ သီချင်းတွေမှာ မြို့မ ဟန်အတိုင်း ပီပြင်စွာ သီဆိုသွားနိုင်ခဲ့တာပါ။

အစ်မကြီး မာမာအေးကို လာရောက် ဂါရဝပြု သီဆိုကြတဲ့ အဆိုတော်များနှင့် ပတ်သက်ပြီး၊ မာမာအေးက တစ်ယောက် သီဆိုပြီးတိုင်း သုံးသပ်ပြတဲ့ အချက်အလက်တွေဟာ အလွန် မှတ်သားထိုက်ပါတယ်။ သီချင်း သီဆိုတယ် ဆိုရာမှာ စာသား ပီပြင်မှု၊ နှုတ်ဖျားက မဟုတ်ဘဲ ရင်ထဲက ပါဝင်စေမှု၊ သက်ဆိုင်ရာ သီချင်းစာသားကို မှန်မှန်ကန်ကန်နဲ့ အဓိပ္ပာယ် ပေါ်အောင် ခံစားသီဆို နိုင်မှုတွေရဲ့ အရေးကြီးပုံကို အစ်မကြီးက ရှင်းပြ သွားသလိုပါပဲ။ သူ့တပည့် အဆိုတော်မလေး တစ်ယောက်က မြို့မသီချင်းတစ်ပုဒ်ကို သီဆိုသွားရာမှာ အမူအရာနဲ့ပါ ပီပီပြင်ပြင် ကဲကဲသည်းသည်း သီဆိုခဲ့ပါတယ်။ ဒီသီချင်းလည်း ပြီးရော အစ်မကြီးမာမာအေးက ‘သမီး သီဆိုသွားတာ သိပ်ကောင်းပါတယ်။ အကောင်းလွန် သွားပါတယ်။ လွန်သွားတဲ့ အကောင်းတွေ နည်းနည်း လျှော့လိုက်ရင် ပိုကောင်းပါတယ်။ ပရိသတ်ကြီးရှင် ဒီသမီးလေးက နယ်မှာ သူ့ဖခင် ဆိုင်းအဖွဲ့နဲ့ သီဆိုနေတာမို့၊ သူ့သီဆိုမှုမှာ ဆိုင်းဟန်တွေ ပါနေတာပါ။ သမီးရေ ဒီလို တီးဝိုင်းမျိုးနဲ့မှာ အဲလို ဟန်မျိုးနဲ့ မဆိုရဘူးကွဲ့’ တဲ့။ အင်မတန် ပညာသားပါတဲ့ သင်ပြမှုပါပဲ။

ဒီနေရာမှာ အစ်မကြီးမာမာအေးက သီချင်းတစ်ပုဒ် သီဆိုမှုနဲ့ ပတ်သက်ပြီး၊ သူ့ တပည့် အဆိုတော်မလေးကို သွန်သင်လိုက် တာဖြစ်ပေမယ့် ဒီစကား၊ ဒီသွန်သင်မှုကို ကြားရတဲ့ ကျွန်တော့်အဖို့ အတွေး ပွားစရာတွေက အများကြီး ဖြစ်သွားပါတယ်။ အစ်မကြီး မာမာအေး ကွယ်လွန်ချိန်မှာ အစ်မကြီး ပြောခဲ့တဲ့ ‘အကောင်းလွန်’ ခြင်း၊ ‘မလွန်’ခြင်း နဲ့ ‘ကာလံ၊ ဒေသံ’နဲ့ ကိုက်ညီခြင်း မကိုက်ညီခြင်းတွေကို တောင်တောင်အီအီ စဉ်းစားနေမိတာပါဗျာ။ အစ်မကြီး မာမာအေး ကောင်းရာ သုဂတိ လားပါစေ။

ဆူးငှက်

#voiceofmyanmar #VOM #ဆူးငှက် #အကောင်းလွန်နေတာ #မာမာအေး

Related posts

Leave a Comment

VOM News

FREE
VIEW