မတ် ၊ ၂ ၊ ၂၀၂၄
SP(VOM)
မြန်မာ – အိန္ဒိယ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်တဲ့ စစ်ကိုင်းတိုင်း အထက်ပိုင်း တမူးမြို့နဲ့ မဏိပူရ်ပြည်နယ် ၊ မိုးရေးမြို့ ကြားမှာရှိတဲ့ နယ်စပ်ကုန်သွယ်ရေး ဂိတ်လေးခုနေရာတွေကို မနေ့က စလို့ အိန္ဒိယဘက်ကနေ အချိန်အကန့်အသတ်နဲ့ ယာယီ ပြန်ဖွင့်ပေးနေပြီလို့ နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းရှင်တွေဆီက သိရပါတယ်။
အဲ့ဒီ အကြောင်းနဲ့ ပတ်သက်ပြီး မိုးရေးမြို့ခံ နယ်စပ်ကုန်သည် ဦးဂျမားက ” မိုးရေးမှာ တမူးဘက်ကနေ ဝင်လာလို့ရတဲ့ ဂိတ်နေရာ လေးခုရှိတယ် ၊ အဲ့ဒီ နေရာတွေကတော့ နယ်စပ်မှတ်တိုင် BP 78 နဲ့ 79 ဝန်းကျင်ကနေရာတွေဖြစ်တယ် ၊ အဲ့ဒီနေရာတွေက တရားဝင် ကုန်သွယ်ရေးလမ်းကြောင်းတွေ မဟုတ်ပေမယ့် အိန္ဒိယဘက်က မနက် ၆ နာရီကနေ ၊ နေ့လယ် ၁ နာရီအထိ ပြန်ဖွင့်ပေးထားတယ် ၊ အခုလို ပြန်ဖွင့်ပေးနေတဲ့ နေရာတွေကတော့ ဆီပါး ၊ ဒေဗစ် ၊ ပဲတန်း နဲ့ ကူးမား နေရာတွေဖြစ်တယ် ၊ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းကစလို့ မိုးရေးမှာ လူမျိုးရေး ပဋိပက္ခတွေ ဖြစ်ပြီးနောက် အဲ့ဒိီ ဂိတ်နေရာတွေကို ပိတ်ထားခဲ့တာ ၊ အခုတော့ တမူး မိုးရေး နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းတွေ အချိန်ပိုင်းနဲ့ ပြန်လုပ်လို့ရနေပါပြီ ” လို့ ပြောပါတယ်။
တမူးမြို့ခံ ကုန်သည်တယောက်က ” မန္တလေး ၊ မုံရွာဘက်ကနေ မိုးရေးဘက်ကို တင်ပို့နိုင်မယ့် လူသုံးကုန်တွေနဲ့ စားသောက်ကုန်ကားတွေ တမူးကို ဝင်ရောက်မလာတာ ကြာပြီ ၊ အဲ့ဒါကြောင့် တမူး မိုးရေး ကုန်သွယ်မှုလုပ်ငန်းက ဒေသထွက် ကုန်စိမ်းတွေနဲ့ စားသောက်ကုန်တချို့လောက်ပဲ ရောင်းဝယ်နိုင်တယ် ၊ အရင်လို ကွမ်းသီး ၊ ကွမ်းရွက် ၊ ပဲအမျိုးမျိုးနဲ့ ငြုပ် ၊ ကြက်သွန် စတာတွေ တင်ပို့နိုင်တာ မရှိသေးဘူး”လို့ ပြောပါတယ်။
မုံရွာ – တမူး ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင် တယောက်က ” မန္တလေး ၊ မုံရွာ ၊ တမူး ကားလမ်းမှာက လမ်းအခြေအနေက အခုထိ မကောင်းသေးဘူး ၊ တန့်ဆည်နယ် ကံထူးမရဲစခန်း တိုက်ခိုက်ခံရပြီးနောက် မဟာမြိုင်လမ်းက ပိတ်ထားတယ် ၊ နောက်ပြီး မုံရွာ ယာကြီး ကလေးဝ ကားလမ်းနဲ့ မုံရွာ ဂန့်ဂေါ ကလေး ကားလမ်းကလည်း ပိတ်ထားတယ် ၊ အဲ့ဒီအပြင် ကလေး တမူး ကားလမ်းမှာဆိုရင် ခါမ်းပါတ်နဲ့ တမူးကြားက ပိတ်ထားတယ် ၊ ဆိုင်ကယ်တွေ နဲ့ ကွင်းလမ်းကနေပဲသွားရတယ် ၊ အလတ်တလောတော့ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းတွေ နားထားရတယ် ” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၁ ကစလို့ မြန်မာ – အိန္ဒိယ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်း (ကုန်းလမ်းပိုင်းဆိုင်ရာ) တွေ ရပ်နားထားရတာဖြစ်ပြီး ၊ ချင်းတောင်မြောက်ပိုင်းဒေသနဲ့ ကလေး တမူးကြား တိုက်ပွဲတွေ မကြာခဏဖြစ်လို့ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းတွေ ရပ်နားထားရတာဖြစ်တယ်လို့ သိရပါတယ်။
ဓတ်ပုံ ၊ ဒေသခံ တဦး