မတ် ၊ ၂ ၊ ၂၀၂၄
SP (VOM)
စစ်ကိုင်းတိုင်း ၊ ယင်းမာပင်ခရိုင် ၊ ကနီမြို့ပေါ်မှာ ဒီကနေ့မနက်ပိုင်းကစလို့ ထိတွေ့တိုက်ပွဲတွေဖြစ်ပွားပြီး ဌာနဆိုင်ရာ ဝန်ထမ်းတချို့ကို ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေက ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အဲ့ဒီ အကြောင်းနဲ့ ပတ်သက်ပြီး ကနီမြို့ခံတယောက်က
” ဒီမနက် အစောပိုင်း ၅ နာရီဝန်းကျင်လောက်က ကနီမြို့ရဲ့ အနောက်ဘက် ရေဝါချောင်း ( ကနီ – မင်းကင်း ကားလမ်း) ဘက်ကနေ ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေ မြို့ထဲကို လူတထောင်လောက်( ခန့်မှန်း) ဝင်ရောက်လာတယ် ၊ အဲ့ဒီနောက် ပစ်ခတ်သံတွေကြားရတယ် ၊ ကနီမြို့ပေါ်မှာ လူနေရပ်ကွက် သုံးခုရှိတယ် ၊ အဲ့ဒီ ရပ်ကွက် သုံးခုစလုံးက လူတွေ ထွက်ပြေးတိမ်းရှောင်နေရတယ် ၊ ဒီမနက်ကစလို့ အခုထိ ပစ်ခတ်တုန်းဖြစ်တယ် ၊ ကနဦးကြားရတာက တက္ကသိုလ်ဝင် စာမေးပွဲ ကြီးကြပ်မယ့် ပညာရေးဝန်ထမ်းတွေအပြင် ဆေးရုံက ကျန်းမာရေး ဝန်ထမ်းတချို့ကို PDF က ထိန်းသိမ်းထားတယ်လို့ ကြားရတယ် ၊ အရေအတွက်တော့ မသိရသေးဘူး ၊ တချို့လည်း ပြေးနေရဆဲအချိန်မို့ လူစာရင်း အတိအကျ မသိရသေးဘူး ” လို့ပြောပါတယ်။
ကနီမြို့ပေါ်မှာ ဒီကနေ့မနက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး အခုချိန်ထိတော့ ဘယ်ဘက်ကမှ သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။
ကနီမြို့ဟာ ချင်းတွင်းမြစ်ရဲ့ အနောက်ဘက်ကမ်းမှာ တည်ရှိပြီး၊ ရေလမ်း ၊ ကုန်းလမ်း နှစ်မျိုးစလုံး ဆက်သွယ်လို့ သွားလာလို့ရပေမယ့် ကနီမြို့ကို ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေက မြစ်ရဲ့အနောက်ဘက်မှာရှိတဲ့ ကနီ ၊ ချောင်းမ ၊ မုံရွာ ကားလမ်းနဲ့ မြစ်ရဲ့အရှေ့ဘက်မှာရှိတဲ့ ကနဲ ၊ ဘုတလင် ၊ မုံရွာ ကားလမ်းတွေကို ပိတ်ဆို့ဖြတ်တောက်ထားတာ အခုဆိုရင် သုံးနှစ်ကျော်ပြီလို့ ဒေသခံတွေဆီက သိရပါတယ်။
ဒါ့အပြင် ကနီမြို့နယ် ၊ ယာကြီးကျေးရွာနဲ့ လာပို့ကျေးရွာကြား မုံရွာ ယာကြီး ကလေးဝ ကားလမ်းမှာ ရှိတဲ့ ဆက်သွယ်ရေးစခန်း ( တာဝါတိုင်ကုန်း) ကို ပြီးခဲ့တဲ့ ၂၀၂၂ ကတကြိမ်နဲ့ ၂၀၂၃ တကြိမ် တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးသူတွေ အများအပြားရှိသလို လက်နက်ခဲယမ်းတွေ ပါသွားတယ်လို့ သိရပါတယ်။
အဲ့ဒီ အပြင် ချင်းတွင်းမြစ်ကြောင်းအတိုင်း မုံရွာ ကနီ ကလေးဝ လမ်းပိုင်းမှာလည်း ရေကြောင်းတိုက်ခိုက်မှုတွေ မကြာခဏဖြစ်တယ်လို့ သိရပါတယ်။