VPN ပြဿနာကြောင့် အွန်လိုင်းဈေးရောင်းသူတွေ ရောင်းအားကျဆင်း

 

ဇွန် ၂၄ – ၂၀၂၄
SN (VOM)

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ မေလ ၃၀ ရက်မှစတင်ကာ VPN (Virtual Private Network) အက်ပလီကေးရှင်းတွေ အသုံးပြုမှု ထပ်မံ ကန့်သတ်ခံထားရတာကြောင့် အွန်လိုင်းအသုံးပြု ဈေးရောင်းချသူတွေအနေနဲ့ ရောင်းအားတွေ ကျဆင်းလာတယ်လို့ ပြောဆိုကြပါတယ်။

“VPN တွေ အဆင်မပြေတော့ အရောင်းပို့စ်တခု တင်နိုင်ဖို့တောင် အချိန် အကြာကြီး‌ပေးရတယ်။ Live sale (အွန်လိုင်းတိုက်ရိုက် အရောင်းဝယ်) လုပ်ဖို့ဆို ပိုဆိုးတယ်။ မလုပ်နိုင်ဘူး။ အဲဒီတော့ Live လွှင့် ရောင်းတာကို ခဏ ရပ်ထားရတယ်။ Like & Share ရော၊ Comment တွေရော အရမ်း ကျသွားတယ်။ ကိုယ့်အရောင်းပို့စ်က လူသိ တအားနည်းသွားတယ်‌ပေါ့။ ဝယ်တဲ့သူတွေမှာလည်း အဲဒီ့လိုပဲ။ VPN ပြဿနာကြောင့် အရင်လို ကိုယ်ဈေးရောင်းတော့မယ် ဆိုတဲ့အချိန် သူတို့ အွန်လိုင်းပေါ် တက်မလာနိုင်ကြတော့ဘူး။ ရောင်းအားလည်း အများကြီး ကျသွားတယ်။ အရင်ထက် သုံးပုံ၊ နှစ်ပုံလောက်ကို ကျသွားတာ။ ကိုဗစ်ဖြစ်တဲ့အချိန်ကစပြီး ဒီ online shop ကို တောက်လျှောက် လုပ်လာတာ။ ဒီအချိန်ကတော့ အခက်ခဲဆုံး အချိန်လို့ပဲ ပြောရမယ်” လို့ အွန်လိုင်းကနေ အဝတ်အထည် ရောင်းချနေသူတယောက်က ပြောပါတယ်။

ဒါအပြင် စားသောက်ကုန်တွေကို အွန်လိုင်းကနေ ရောင်းချနေသူတယောက်ကလည်း VPN တွေ တခုပြီးတခု ပြောင်းချိတ်နေရတာကြောင့် ဝယ်သူတွေနဲ့ ချိတ်ဆက်နိုင်ဖို့ အခက်တွေ့နေရပြီး အခုလို အဆင်မပြေမှုတွေက သူ့ရဲ့ ဝင်ငွေရလမ်းကို များစွာ ထိခိုက်စေတယ်လို့ ပြောပါတယ်။

“ဝယ်သူတွေနဲ့ မက်ဆင်ဂျာကနေ စကားပြော‌ဖို့တောင် အဆင်မပြေတော့ဘူး။ တယောက်နဲ့ တယောက် ပို့ထားတဲ့စာတွေ ချက်ချင်း မတွေ့ရဘူး။ တချို့စာတွေဆို တညအိပ်ပြီး မနက်လောက်မှ ရောက်လာတာမျိုး ဆိုတော့ အလုပ် လုပ်ရတာ အနှောင့်အယှက်အရမ်းဖြစ်တယ်။ ဝယ်သူရဲ့ အမှာစာကို ကိုယ့်ဘက်က အချိန်မီ စာမပြန်နိုင်တော့ အော်ဒါတွေ လွတ်ကုန်တယ်။ အော်ဒါ မကောက်နိုင်တော့ ရောင်းအားက ထက်ဝက်လောက်ကျသွားတယ်။ အခုတော့ Viber တို့ Telegram တို့ကနေ အဆက်အသွယ် လုပ်နေရတယ်။ ဝယ်သုံးရတဲ့ VPN တွေကလည်း သိပ်အဆင်မပြေဘူး” လို့ ‌သူက ပြောပါတယ်။

အခုလို VPN အလွယ်တကူ ချိတ်ဆက်မရနိုင်တဲ့ ပြဿနာဟာ အွန်လိုင်းအသုံးပြု အရောင်းအဝယ်သမားတွေသာမက Volgger, Content Writer စတဲ့ အသက်မွေးဝမ်းကြောင်းမှုနဲ့ လူမှုကွန်ရက်မှတဆင့် ဝင်ငွေရှာဖွေနေသူတွေကိုပါ ထိခိုက်စေတယ်လို့ ခရီးသွား Volgger သမားတယောက်က ပြောပါတယ်။

“ဒီလို ကန့်သတ်ခံရမှုတွေက ဆိုရှယ်မီဒီယာ ပလက်ဖောင်းတွေကို ဝင်ငွေလမ်းကြောင်း တခုအနေနဲ့ အသုံးပြုပြီး ငွေရှာနေတဲ့သူတွေအတွက်လည်း တကယ် အခက်အခဲဖြစ်တယ်။ သူများနိုင်ငံတွေမှာ ဆိုရှယ်မီဒီယာသုံးပြီး အချိန်နဲ့အမျှ ဝင်ငွေရလမ်းတွေ ဖြောင့်ဖြူးနေတဲ့အချိန်မှာ မြန်မာနိုင်ငံက လူတွေကတော့ အွန်လိုင်းပေါ် တခါလေးတက်ဖို့အရေးကိုတောင် အဆင်မပြေကြဘူး။ Live လွှင့်နိုင်ဖို့ နေနေသာသာ အွန်လိုင်းပေါ်ကို တမိနစ်စာ ဗွီဒီယိုလေးတင်ဖို့ကိုတောင် အနည်းဆုံး သုံးနာရီ‌စာလောက် အချိန်ပေးနေရတယ်” လို့ သူက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်ကာလ အသွားအလာ ကန့်သတ်ထားတဲ့ အချိန်ကစလို့ စီးပွားရေး၊ ပညာရေးနဲ့ လူထုအကျိုးပြုဆိုင်ရာ ကိစ္စရပ်တွေမှာ အွန်လိုင်းစနစ်ကို တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြတာ ဖြစ်ပါတယ်။

ဒါပေမယ့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ နောက်ပိုင်းကစလို့ နစက က လူမှုကွန်ရက်ကို မြန်မာတနိုင်ငံလုံးမှာ အသုံးပြုလို့မရအောင် ပိတ်ပင်ခဲ့တဲ့အတွက် ပြည်သူတွေဟာ ကိုယ့်ရဲ့ အင်တာနက် IP (လိပ်စာ) ကို ပြောင်းလဲပေးတဲ့ VPN နဲ့ ကျော်လွှား အသုံးပြုနေကြတာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ပြီးခဲ့တဲ့ မေလ ၃၀ ရက်နေ့မှစတင်ကာ လူသုံးများနေတဲ့ VPN တွေ ထပ်မံပိတ်ဆို့ ဖြတ်တောက်ခံလိုက်ရတာကြောင့် ပြည်သူတွေဟာ လူမှုကွန်ရက် အသုံးပြုနိုင်ဖို့အတွက် ပိုပြီး အခက်တွေ့နေကြရပါတယ်။

အခုလို VPN ပိတ်ဆို့ခံရမှုနဲ့ လူမှုကွန်ရက် ကန့်သတ်ခံရမှုတွေဟာ ခေတ်ရေစီးကြောင်းနဲ့အညီ လူမှုကွန်ရက်မှတဆင့် အလုပ်လုပ်ကိုင်နေကြတဲ့သူတွေ၊ အရောင်းအဝယ်ပြုလုပ်နေသူတွေ၊ လုပ်ငန်းရှင်မှ စတင်ကာ အလုပ်သမား များစွာအထိ ထိခိုက်နစ်နာမှုတွေ ဖြစ်ပေါ်နေရတဲ့အတွက် လူထုကြား ဝေဖန်မှုတွေ များစွာ ထွက်ပေါ်လျက်ရှိပါတယ်။

#voiceofmyanmar #VOM #VPN #အွန်လိုင်း #အခက်အခဲ

Related posts

Leave a Comment

VOM News

FREE
VIEW