လားရှိုးမှာ တိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး ကိုရင်သုံးပါး လက်နက်ကြီးကျည်ထိ

 

ဇူလိုင် ၆၊ ၂၀၂၄
Shy V (VOM)

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမှာ ဒီနေ့ ဇူလိုင်လ ၆ ရက်နေ့ တိုက်ပွဲ ပြင်းထန်နေဆဲ ဖြစ်ပြီး ကိုရင် သုံး ပါး လက်နက်ကြီးကျည်ထိ ထားကြောင်း ဒေသခံတွေဆီက သိရပါတယ်။

“စိတ္တသုခ ကျောင်းမှာ မနက် တုန်းက သုံးပါး ထိထားတယ်ပြောတယ်။ သေဆုံးတာတော့ မကြားဘူး။ လက်နက်ပစ်ခတ်သံ တွေ ကြားနေရတယ်။ မနက်ကတည်းက။” လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။

လားရှိုး ရက်ကွက် ၇ ကွက်သစ်ဘက်က စိတ္တသုခ ဘုန်းကြီးကျောင်းထဲ လက်နက်ကြီးကျည်ကျလို့ ကိုရင် သုံးပါး ထိခိုက်ဒဏ်ရာပြင်းထန်စွာ ရရှိထားတယ်လို့ သိရကြောင်း သူက ပြောပါတယ်။

တိုင်းထဲက ထွက် ထွက်ချင်းရှော့တိုက်ဒုံး တိုင်းရုံးလမ်းထဲ တလုံး၊ ရပ်ကွက် ၁၀ ဘက်ထဲ သုံးလုံး၊ ရန်အောင်မြင်လမ်းဘက် တလုံး၊ အဲဒီလမ်းရဲ့ အနောက်ဘက်က လမ်းထဲ တလုံး ကျတယ်လို့ ကြားသိရပြီး လူအထိအခိုက်တော့ မသိရဘူးလို့ ဆိုပါတယ်။

“၅၀၇ ဘက် ချနေကြတယ်။ မနေ့ကနေ ဒီ မနက် ၆ နာရီထိ အေးဆေးပဲ။ ဘာသံမှ မကြားရဘူး။ ၆ နာရီကျော်မှ တိုက်ပွဲ ဖြစ်လာတာ။ ညတုန်းကလည်း ပစ်ခတ်သံ မကြားလို့ ကောင်းကောင်းအိပ်ရတယ်” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။

တိုက်ပွဲရှောင်သွားတဲ့ သူတွေရဲ့ နေအိမ်တွေသော့ဖျက်ပြီး ကားနဲ့ ပစ္စည်းလိုက်ခိုးသူတွေ ရှိနေတာကြောင့် တိုက်ပွဲ မရှောင်တော့ပဲ အခြေအနေ အရမ်းဆိုးလာရင် မြို့တွင်းပဲ လှည့်ပတ် ရှောင်ဖို့ စီစဉ်ထားတယ်လို့ သူက ပြောပါတယ်။

မနေ့က စစ်ရှောင်ပြည်သူတွေတွေအတွက် တိုက်ပွဲရှောင်ဖို့ မန္တလေး အထွက်ဘက် လမ်းဖွင့်ထားပေးတာဖြစ်ပြီး စစ်ဘေးရှောင် သွားသူတွေ အများစုက ဝန်ထမ်းမိသားစုတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

“မန္တေလးဘက် ရှောင်ဖို့ လုပ်တာ မန္တလေးမှာလည်း ပူကပူ မီးကပျက် ဆိုတော့ တခြားလမ်း ဆိုင်ကယ်နဲ့ သွားလို့ ရတယ်ကြားလို့ မူဆယ်ဘက် ရှောင်ဖို့ ထွက်လာတာ ပေး မသွားဘူး။ ပြန်လှည့်ခဲ့ရတယ်။ ရှေ့မှာ တိုက်ပွဲ ရှိတယ်ဆိုပြီး ပေးမသွားတာ။ မန္တလေးဘက် အထွက်လမ်းပဲ အဆင်ပြေပါတယ်။

ယမန်နေ့ တရက်ထဲ လားရှိုးကနေ တိုက်ပွဲ တိမ်းရှောင် ထွက်ခွာသွားတဲ့ ကား အစီးရေ သုံးရာခန့်ရှိတယ်လို့ဆိုပါတယ်။
ယမန်နေ့ ဇူလိုင်လ ၅ ရက်နေ့ ညနေပိုင်းမှာဝောာ့ လားရှိုးမြို့နယ်၊ နမ့်ပေါင် ခလရ ၂၉၁ တပ်စခန်းကိုလည်း MNDAA နဲ့ ပူးပေါင်း တပ်ဖွဲ့ သိမ်းပိုက်ထားတယ်လို့ သိရကြောင်း ဒေသခံတွေက ပြောပါတယ်။

ဇွန်လ ၄ ရက်နေ့က လားရှိုး ်အနီးက မန်အိုင်ဘက်က ကာကင်းစခန်း တခုနဲ့ ဇူလိုင်လ ၃ ရက်နေ့က လားရှိုးမြို့နယ်က နမ္မဗောရှိ စခန်းတခုလည်း MNDAA တပ်ဖွဲ့က သိမ်းပိုက်ထားတယ်လို့ဆိုပါတယ်။

သီပေါ၊ ကျောက်မဲ၊ နောင်ချိုဘက်မှာလည်း စစ်ရေးတင်းမာနေဆဲ ဖြစ်ပြီး ပြည်သူတွေ အသွားအလာ ခက်ခဲနေဆဲ ဖြစ်ပါတယ်။

#voiceofmyanmar #VOM #လားရှိုး #တိုက်ပွဲ # ကိုရင်သုံးပါး #လက်နက်ကြီးကျည်ထိ #စစ်ရှောင် #ပိတ်မိ

Related posts

Leave a Comment

VOM News

FREE
VIEW