တရုတ်နှစ်သစ်ကူးနေ့ကို အများပြည်သူ ရုံးပိတ်ရက်အဖြစ် တရားဝင် သတ်မှတ်

 

ဇူလိုင် ၉ – ၂၀၂၄
SN (VOM)

မြန်မာနိုင်ငံက အစိုးရရုံးပိတ်ရက်နေ့တွေထဲမှာ တရုတ်နှစ်သစ်ကူးနေ့ကို အများပြည်သူ ရုံးပိတ်ရက်အဖြစ် တရားဝင် သတ်မှတ်လိုက်တယ်လို့ နစက က မနေ့ ဇူလိုင် ၈ ရက်မှာ ထုတ်ပြန် ကြေညာပါတယ်။

တရုတ်နှစ်သစ်ကူးနေ့ကို အိမ်နီးချင်းတရုတ်နိုင်ငံနဲ့ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးရေး ပိုခိုင်မာချင်တဲ့အတွက် တရားဝင် ရုံးပိတ်ရက်အဖြစ် သတ်မှတ်လိုက်တာ ဖြစ်တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒီလိုသတ်မှတ်ဖို့အတွက် နစက ခေါင်းဆောင်နဲ့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာရှန်ဟိုင်းတို့ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ကတည်းက ဆွေးနွေးတိုင်ပင်ခဲ့ကြတာလို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကလည်း ထုတ်ပြန်ထားပါတယ်။

“အခုလို တရုတ်နှစ်သစ်ကူးနေ့ကို မြန်မာနိုင်ငံရဲ့ တရားဝင် ရုံးပိတ်ရက်အဖြစ် သတ်မှတ်ကြေညာပေးချိန်နဲ့ နစကရဲ့ တိုင်းစစ်ဌာနချုပ်အခြေစိုက် လားရှိုးမြို့ကို တရုတ်နယ်စပ်အခြေစိုက် ကိုးကန့်တပ် (MNDAA) က တိုက်ပွဲဖြစ်နေချိန်နဲ့လည်း တိုက်ဆိုင်နေတယ်။ တဖက်မှာလည်း မြောက်ပိုင်းညီနောင် မဟာမိတ်အဖွဲ့ဝင်ဖြစ်တဲ့ တအာင်းတပ် (TNLA) ကလည်း နောင်ချိုမြို့အထိ မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေချိန်ဆိုတော့ ဒါကတော့ တိုက်ဆိုင်မှုတခုတော့ မဖြစ်နိုင်ဘူးပေါ့။ ဒီလိုပဲမြင်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ကလည်း တရုတ်ရဲ့စီစဉ်ပေးမှုနဲ့ အပစ်ရပ်ကြဖို့ သဘောတူညီခဲ့ကြတာ ဆိုတော့‌လေ” လို့ နိုင်ငံရေး လေ့လာသုံးသပ်သူတယောက်က ပြောပါတယ်။

ဒါအပြင် ဇန်နဝါရ ၁ ရက်နေ့ နိုင်ငံတကာနှစ်သစ်ကူးနေ့ကိုလည်း အများပြည်သူအလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ထားကြောင်း ထုတ်ပြန်ချက်မှာဖော်ပြထားပြီး လာမယ့် ၂ဝ၂၅ ခုနှစ်၊ ပြက္ခဒိန်ထဲမှာ အဲဒီနေ့တွေကို တရားဝင် ထည့်သွင်းမယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ပြက္ခဒိန်နှစ်တနှစ်ရဲ့ အများပြည်သူအလုပ်ပိတ်ရက်တွေအဖြစ် ဘာသာရေးဆိုင်ရာ နေ့ထူးနေ့မြတ်တွေ၊ နိုင်ငံတော်ရဲ့ ထူးခြားသမိုင်းဝင် နေ့ရက်တွေ၊ မြန်မာနှစ်သစ်ကူးနေ့ရက်တွေ၊ ကရင်နှစ်သစ်ကူးနေ့ရက်တွေကိုလည်း နှစ်စဉ်ပြက္ခဒိန်နှစ်တနှစ် မစတင်မီ အစိုးရက ကြိုတင်ထုတ်ပြန်ပေးပြီး ၂၀၂၅ ခုနှစ် ပြက္ခဒိန်နှစ်အတွက် အများပြည်သူ အလုပ်ပိတ်ရက်တွေကို ထုတ်ပြန်ပြီးဖြစ်တယ်လို့ ဆိုပါတယ်။

#voiceofmyanmar #VOM #တရုတ်နှစ်သစ်ကူးနေ့ #နိုင်ငံတကာနှစ်သစ်ကူးနေ့ #အများပြည်သူ #ရုံးပိတ်ရက် #တရားဝင် #သတ်မှတ်

Related posts

Leave a Comment

VOM News

FREE
VIEW