ANP ပါတီအပြင် KNC ပါတီ၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီတို့ရဲ့ မှတ်ပုံတင်လျှောက်ထားမှု ပျက်ခံရ

 

ဇူလိုင် ၉ – ၂၀၂၄
GG (VOM)

ကချင်အမျိုးသားကွန်ဂရက်ပါတီ KNC) နဲ့ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီတွေကို မှတ်ပုံတင်ခွင့်မပြုဘဲ ပယ်ဖျက်လိုက်ကြောင်း ဒီနေ့ဇူလိုင်၉ ရက်မှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကအသိပေးလိုက်ပါတယ်။

KNC ပါတီက နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၆ ပါ ပြဋ္ဌာန်းချက်တွေနဲ့ ညီညွတ်ခြင်းမရှိတာကြောင်​့ မှတ်ပုွတင်ခွင့်ငြင်းပယ်ခံရတာဖြစ်ပြီး ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီကတော့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၅ ပါ ပြဋ္ဌာန်းချက်​တွေနဲ့ ညီညွတ်ခြင်းမရှိတာကြောင့် မှတ်ပုံတင်ခွင့်ငြင်းပယ်ခံရတာဖြစ်တယ်လို့ကော်မရှင်ထုတ်ပြန်မှုအရ သိရပါတယ်။

KNC ပါတီကတော့ ပါတီမှတ်ပုံတင်ခွင့်ငြင်းပယ်ခံရတဲ့အပေါ် အယူခံတက်ဖို့မရှ်သလို ပါတီနာမည်ပြောင်းပြီးလည်း လုပ်ဖို့မရှိဘူးလို့ ပါတီဘက်ကပြောပါတယ်။

KNC ပါတီ မှတ်ပုံတင်ခွင့်ငြင်းပယ်ခံရတာနဲ့ပတ်သက်ပြီး ပါတီဥက္ကဋ္ဌ ဒေါက်တာအမ်ကောန်လမ်က” ကျွန်တော်တို့ဒီမိုကရေစီမှာတော့ဆုံးဖြတ်ချက်တေ​ွကိုတော့အထိုက်အလျောက်လေးစားဖို့လိုတယ်။အပြန်အလှန်လေးစားဖို့လိုတာပေါ့။ကျွန်တော်တို့ရပ်တည်မှုကိုလေးစားသလိုအာဏာပိုင်ရဲ့ဆုံးဖြတ်ချက်ကိုလည်းအမှန်ကတော့ဗျာ။ တရားဥပဒေအရဆိုရင် တရားလွှတ်တော်ချုပ်ရုံးကို ပြန်အယူခံတင်ရတာရှိတယ်၊ဒါပေမယ့်ခုတော့မလုပ်ပါဘူး။ဘာလို့ဆိုဆုံးဖြတ်တယ်ဆိုတာ ကျွန်တော်တို့လည်းဘာမှခေါ်မမေးဘဲဆုံးဖြတ်တဲ့ကိစ္စက ကျွန်တော်တို့ကတဖက်သတ်တရားစီရင်ခံရတာလိုဖြစ်နေတယ်။အမှန်ကစစ်ဆေးတာလေ ။စစ်ဆေးတာတွေ့ရှိချက်ပိုကာယကံရှင်ကိုမေးကြည့်ရမယ်လေ ။ကာယကံရှင်ကိုမေးလည်းမမေးဘူး။ ဖုန်းလည်းတခါမှမဆက်ဘဲ ဒီလိုကြီးလုပ်တာခက်တာပေါ့။တရားဥပဒေစံနူန်းနဲ့ဆိုရင်အခက်အခဲရှိတယ်လိုအပ်ချက်တွေရှိတယ် လို့မြင်တယ်။သူတို့ဘက်ကတွေ့ရှိချက်ကတော့ဒီလိုပါ ပါတီကဘယ်လိုလဲဘာလဲမေးတယ်မြန်းတယ်ဆိုရင်တော့ ပြန်ဖြေရှင်းပေးဖို့အဆင်သင့်ဘဲ။ပြောရရင် နိုင်ငံတော် နဲ့ဆိုင်တဲ့ကိစ္စ တွေမှာ တရားဥပဒေလမ်းကြောင်းအရ ရယူခွင့်တေ​ွခံစားခွင့်တွေရှိရမယ်၊ဒါတော့ပြောချင်တယ်။ ” လို့ ပြောပါတယ်။

အခု ပါတီမှတ်ပုံတင်ခွင့်ဖျက်သိမ်းခံရတဲ့ ပါတီနှစ်ခုဟာ ၂၀၂၅ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဥ်ပြိုင်ခဲ့တဲ့ တရားဝင်မှတ်ပုံတင်ပြီးသားပါတီတွေဖြစ်တယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ရက်ကလည်း ပါတီကြီးတခုဖြစ်တဲ့ ရခိုင်အမျိုးသားပါတီ (ANP)ကို နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၇ ပါ ပြဋ္ဌာန်းချက်တွေနဲ့ ညီညွတ်ခြင်းမရှိတဲ့အတွက်မှတ်ပုံတင်ခွင့်ပယ်ဖျက်ခဲ့ပါတယ်။

ဒါကြောင့်ခုဆိုရင် ပါတီမှတ်ပုံတင်ခွင့်ပယ်ဖျက်ခံရတဲ့ နိုင်ငံရေးပါတီပေါင်း ခြောက်ခုအထိရှိလာနေပြီဖြသ်ပါတယ်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ
ပုဒ်မ-၅ ပြဋ္ဌာန်းချက်ထဲမှာက ပါတီတည်ထောင်ရတဲ့ မူဝါဒနဲ့ ရည်ရွယ်ချက်တွေ၊ ပါတီအမှတ်တံဆိပ်အလံတွေနဲ့ ပါတီစည်းမျဉ်းဖွဲ့စည်းပုံတွေကို တိတိကျကျ တင်ပြရမယ်လို့ ဖော်ပြထားပါတယ်။

ဥပဒေ ပုဒ်မ-၆ မှာတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်းစောင့်ရှောက်ရေး၊ ပြည်ထောင်စုမပြိုကွဲရေး၊ လူမျိုးရေးပဋိပက္ခဖြစ်စေမဲ့ ဟောပြော စည်းရုံးလှုံ့ဆော်မှုတွေ မလုပ်ဖို့ ဆိုပြီး ရေးသားထားပါတယ်။

ဥပဒေပုဒ်မ -၇ မှာက မတရားအသင်း၊ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာခြင်းခံရတဲ့ အဖွဲ့အစည်း၊ နိုင်ငံတော်အား ဆန့်ကျင်နေတဲ့ လက်နက်ကိုင်အဖွဲ့အစည်း (ဒါမှမဟုတ်) အဲဒီအဖွဲ့အစည်းဝင်တွေနဲ့ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ဆက်သွယ်ခြင်း၊ အားပေးကူညီတဲ့အဖွဲ့အစည်းကို မှတ်ပုံတင်ပေး လျှောက်ထားခြင်းမရှိစေရဆိုပြီး ပြဋ္ဌာန်းထားတာတွေ့ရပါတယ်။

#Voiceofmyanmar #vom #KNC #ANP #ဒီမိုကရေစီနှင့်လူ့အခွင့်အရေးပါတီ #မှတ်ပုံတင်ပယ်ဖျက်ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW