ဩဂုတ် ၈ – ၂၀၂၄
GG (VOM )
ရခိုင်ပြည်နယ် ၊ သံတွဲမြို့နယ်နဲ့တောင်ကုတ်မြို့ပေါ် စစ်မရှောင်ဘဲကျန်နေတဲ့ ဒေသခံပြည်သူတွေထဲမှာ လူဦးရေအများအပြားဟာ အစားအသောက်တွေပြတ်လပ်နေပြီး စားနပ်ရိက္ခအတွက် ပိုမိုခက်ခဲလာကြောင်း ဒေသခံတွေဆီက သိရပါတယ်။
တောင်ကုတ်နဲ့သံတွဲမြို့ကို တရားဝင် ကုန်ကားတွေဝင်ရောက်နိုင်ခြင်းမရှိတာကြောင့် ဒေသခံစီးပွားရေးသမားတွေကတရားမဝင်မှောင်ခိုသွင်းရတဲ့အတွက် စားသောက်ကုန်စျေးနူန်းအဆမတန်ကြီးမြင့်နေလို့ ငွေကြေးမပြည့်စုံတဲ့အခြေခံလူတန်းစားတွေမှာ ဝယ်ယူစားသောက်နိုင်ခြင်းမရှိဘဲ အငတ်ဘေးပြဿနာရင်ဆိုင်နေရတာဖြစ်တယ်လို့သိရပါတယ်။
” တောင်ကုတ်မှာတိုက်ပွဲတော့မဖြစ်သေးပေမယ်ဘာကုန်းကားမှမဝင်ဘူး။မှောင်ခိုကသွင်းတာကို ငွေရှိသူကဝယ်စားနိုင်ပေမယ့် အခြေခံ လက်လုပ်လက်စားသမားကကြတော့ မဝယ်နိုင်တော့ဘူး။အလုပ်ကမရှိနဲ့ငတ်နေသူတွေအများကြီးပဲ။ပြောရရင်မြို့မှာခုရှိနေတဲ့လူတွေထဲမှာတဝက်လောက်ကငတ်ကုန်ပြီ။” လို့ ဒေသခံကပြောပြပါတယ်။
တောင်ကုတ်မြို့က စားဝတ်နေရေးခက်ခဲတဲ့ အခြေခံလူတန်းစားတွေကို အလှူရှင်တွေရဲ့လှူဒါန်းမှုအပေါ်လိုက်ပြီးခွဲဝေကာ ကူညီပေးနေပေမယ့်လည်း လူဦးရေများခြင်း၊ နေ့စဥ်တာဝန်ဖြစ်တာကြောင့် ဒေသခံတွေမှာ စားစရာ ပြတ်လပ်တဲ့အခြေအနေထိရှိနေတာဖြစ်တယ်လို့သိရပါတယ်။
အလားတူ သံတွဲမြို့မှာလည်း ငွေကြေးမပြည့်စုံတဲ့ဒေသခံအများစုမှာ ဆန်အပါအဝင်အစားအစာတွေဝယ်ယူစားသောက်ဖို့ခက်ခဲနေတာကြောင့် ထမင်းလျှော့စားရတဲ့မိသားစုတွေနဲ့ ဒီထက်ခက်ခဲနေတတဲ့မိသားစုတွေရှိနေတယ်လို့သိရပါတယ်။
” သံတွဲမြို့မှာလည်းစျေးတွေကမြင့်နေတော့ ပုံမှန်လိုမစားနိုင်ဘူး။ကိုယ့်ရှိတာကိုဝေမျှစားနေရတယ်။ စားရတလှည့်မစားရတလှည့်ပေါ့။အလုပ်ကလည်းမရှိဘူး။ရှိတာလေးရောင်းချထိုင်စားနေရတာပါ။နေ့တိုင်းတာဝန်ကြီးကျတော့လည်း အလှူရှင်အပေါ်မှီခိုဖို့ကမလွယ်ဘူးလေ။ကြာရင်ခုထက်ပိုဆိုးဖို့ပဲရှိတယ်။ ” လို့ သံတွဲဒေသခံကပြောပါတယ်။
သံတွဲမြို့နယ်ထဲမှာ တိုက်ပွဲတွေပြင်းထန်ဖြစ်ပွားနေပြီး သံတွဲမြို့ကိုတော့ AA ကလုံခြုံရေးရယူကာထိန်းချုပ်ထားတာဖြစ်ပါတယ်။ တောင်ကုတ်မြို့မှာတော့ နစကနဲ့AA အကြားတိုက်ပွဲတွေဖြစ်ပွားခြင်းမရှိသေးဘဲ နစကထိန်းချုပ်မှုအောက်မှာရှိနေပါတယ်။
ရခိုင်ပြည်နယ်မှာ တကျော့ပြန်တိုက်ပွဲတွေ စတင်ဖြစ်ပွားတဲ့ ၂၀၂၃ နိုဝင်ဘာလကစပြီး ပြည်နယ်ထဲကို ကုန်းကြောင်းရေကြောင်းကနေ ဝင်ထွက်ခွင့်ပိတ်ထားတာကြောင့် ခုလိုကုန်စျေးနူန်းတွေအဆမတန်မြင့်တက်ပြီး ကုန်စည်တွေပြတ်လပ်ကာ ဒေသခံတွေဒုက္ခရောက်နေကြရတာဖြစ်တယ်လို့သိရပါတယ်။
အဲဒီနောက် ကုန်းကြောင်းကနေ ကုန်စည်တွေကိုတရားဝင် သယ်ယူခွင့်မရတော့သလို ရေကြောင်းကနေလည်း စားသောက်ကုန်တွေ တင်သွင်းဖို့တင်ဆောင်လာတဲ့ စက်လှေတွေကိုလည်း တရားမဝင်ကုန်စည်သယ်ဆောင်တယ်ဆိုပြီးဖမ်းဆီးနေတယ်လို့သိရပါတယ်။
Photo:CJ
#Voiceofmyanmar #vom #ရခိုင် #သံတွဲ #တောင်ကုတ် #အစားအစာပြတ်လပ်