ရန်ကုန် ဆင်ခြေဖုံးမြို့နယ်တွေက တိုက်ခန်းတွေ အရောင်းအဝယ်သွက်ပြီး စျေးမြင့်နေ



သြဂုတ် ၂၁ – ၂၀၂၄
KG(VOM)

ရန်ကုန်မြို့ ဆင်ခြေဖုံးမြို့နယ်၊ ရပ်ကွက်တွေမှာရှိတဲ့ တိုက်ခန်းတွေဟာ လက်ရှိကာလမှာ အရောင်းအဝယ် သွက်နေပြီး စျေးမြင့်လာနေတယ်လို့ အိမ်ခြံမြေစျေးကွက်အတွင်းမှ စုံစမ်းသိရှိရပါတယ်။

“အခုက နယ်ဘက်ကစစ်ရှောင်လာတဲ့သူတွေပေါ့။ သူတို့ ကလာဝယ်ကြတာများတယ်။ မြို့စွန်မြို့နယ်တွေဖြစ်တဲ့ ဒဂုံဆိပ်ကမ်းမြို့နယ်တို့လိုနေရာတွေက တန်ဖိုးသင့်၊တန်ဖိုးနည်းတိုက်ခန်းတွေဘက်ကို အဝယ်တွေဆင်းလာကြတာများတယ်” လို့ အိမ်ခြံမြေအကျိုးဆောင်တယောက်က ပြောပါတယ်။

လတ်တလောကာလတွင် ရန်ကုန်မြို့ စွန် မြို့နယ်များ မှာရှိတဲ့ တန်ဖိုးသင့်၊တန်ဖိုးနည်းအိမ်ရာတိုက်ခန်းတွေရဲ့ အလွှာအလိုက်စျေးနှုန်းတွေဟာလည်း ကျပ် ၁၀ သိန်း ကနေ ကျပ်သိန်း ၃၀ ၊ ၄၀ ထိ မြင့်တက်လာတာတွေ ရှိတယ်တယ်လို့ အိမ်ခြံမြေအကျိုးဆောင်တွေက ဆိုပါတယ်။

တော်တော်များများတော့အဝယ်ရှိကြတယ်။ ပုံမှန်အားဖြင့်အိမ်ခြံမြေတိုက်ခန်းစျေးကွက်ဆိုတာက မိုးတွင်းကာလဆိုပါးတယ်လေ။ အခုတော့မိုးတွင်းလည်းအရောင်း၊အဝယ်တွေရော တောက်လျှောက်တော့အလုပ်ဖြစ်နေတယ်လို့ပြောရင်ရပါတယ်။ နောက်တခုမြို့ထဲကနေဝိတ်လျော့ပြီးဒီဘက်ကိုဆင်းလာတဲ့သူပေါ့။ပြောင်းပြီးလာနေကြတဲ့သူတွေ ? တချို့ကလည်းလက်ထဲငွေမကိုင်ချင်လို့တိုက်ခန်းဝယ်ထားကြတာတွေလည်းရှိပါတယ်။”လို့ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း လုပ်ကိုင်သူတယောက်က ပြောပါတယ်။

ဒါအပြင် ယခုနှစ်ပိုင်းများအတွင်းရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အိမ်ခြံမြေစျေးနှုန်းတွေဟာ အဆမတန်မြင့်တက်လာခဲ့သလို တိုက်ခန်းများအပြင် ကွန်ဒိုများလည်းအရောင်းအဝယ်ကောင်းခဲ့သည်ကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ နှစ်ဦးပိုင်းမှစတင်လို့ကြုံတွေ့ ခဲ့ရတယ်လို့ သိရပါတယ်။

ထို့အတူ ၂၀၂၂-၂၀၂၃ ခုနှစ်တွေအတွင်းမှာ အိမ်ခြံမြေ ရောင်း၊ ဝယ်၊ ငှားရမ်း စျေးကွက် အလွန်ကောင်းမွန်းခဲ့တယ်လို့ စျေးကွက်လေ့လာသုံးသပ်သူတယောက်က အခုလိုဆက်ပြီး ပြောပြပါတယ်။

“ပြီးခဲ့တဲ့နှစ်ပိုင်းကအတော်လေးစျေးကွက်ကောင်းခဲ့တယ်။ ပြောရရင် ၂၀၂၄ ခုနှစ်ဦးပိုင်းအစမှာ နှစ်သောင်းတန်ကိစ္စကြောင့် အိမ်ခြံမြေ၊တိုက်ခန်း၊ကွန်ဒိုစျေးကွက်ကပြန်အေးလာတယ်။ အဲဒီဂယက်ငြိမ်သွားတော့မှတိုက်ခန်းနဲ့မြေကွက်အချို့ အရောင်းအဝယ်ပြန်ဖြစ်လာတယ်။အခုတိုက်ခန်းတွေအရောင်းအဝယ်ဖြစ်တယ်ဆိုတာကဝယ်လက်တွေကအဓိကနယ်ဘက်ကနေဆင်းလာကြတဲ့စစ်ရှောင်တွေအများစုကြောင့်ပါ။သူတို့လာဝယ်ကြတာများတယ်။ရခိုင်ဘက်ကရော ရှမ်းမြောက်ဘက်ကသူတွေရော အကုန်ရန်ကုန်ကိုဆင်းလာကြတော့သူတို့တတ်နိုင်တဲ့စျေးနဲ့ကျ မြို့ ပြင်ကတိုက်ခန်းလေးတွေကိုဝယ်ကျတော့အဲဒီဘက်ကတိုက်ခန်းတွေအရောင်းအဝယ်ဖြစ်ကြတာပါ”လို့ သူက ဆိုပါတယ်။

ဒါ့အပြင် အခု ၂၀၂၄ နှစ်ဦးပိုင်းမှစတင်လို့ ဒေါ်လာစျေး မြင့်တက်လာမှုနဲ့ ပြည်တွင်းအခွန်မှ အခွန်ရာဖြတ်တန်ဖိုးများ တိုးမြှင့်လိုက်ခြင်းတွေ အပါအဝင် ပြည်ပမှဆောက်လုပ်ရေးပစ္စည်းများမှာယူတင်သွင်းရတဲ့ အခက်အခဲအချို့ကြောင့် ဆောက်လုပ်လက်စတိုက်ခန်းများ၊မီနီကွန်ဒိုအချို့ရဲ့ တည်ဆောက်မှုတွေရပ်တန့်နေမှုတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

လတ်တလော စျေးကွက်အတွင်းမှာတော့ ကြိုပွိုင့်စနစ်နဲ့မဟုတ်ဘဲ ယခင်ဆောက်လုပ်ပြီးသား တိုက်ခန်းတွေသာပိုမိုအရောင်း၊ အဝယ်ဖြစ်နေကြတယ်လို့လည်း စျေးကွက်အတွင်းကနေ စုံစမ်းသိရှိရပါတယ်။

Photo:CJ

Related posts

Leave a Comment

VOM News

FREE
VIEW