ပြည်ထောင်စုလမ်းပိုင်း ပိတ်ထားလို့ ကသာ ၊ထီးချိုင့်နဲ့ အင်းတော်မှာ ကုန်စျေးနှုန်း ပိုမိုမြင့်တက်လာ

စက်တင်ဘာ ၂ – ၂၀၂၄
SN (VOM)
ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းနယ်စပ်က ပြည်ထောင်စုလမ်းပိုင်း အဝင်အထွက်တွေ ပိတ်ထားရတာကြောင့် ကသာ၊ ထီးချိုင့်နဲ့ အင်းတော်မြို့တွေမှာ ကုန်ဈေးနှုန်းတွေ မြင့်တက်လာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
တိုက်ပွဲတွေကြောင့် ပြီးခဲ့တဲ့ ဩဂုတ်လ ၁၆ ရက်နေ့ကတည်းက အဲဒီလမ်းပိုင်းတွေကို နှစ်ဖက် တပ်ဖွဲ့တွေက ပိတ်ထားတာဖြစ်ပြီး ကုန်စည်စီးဆင်းမှု ရပ်တန့်နေတာကြောင့် ဒေသတွင်း အခြေခံစားသောက်ကုန် ဈေးနှုန်းတွေ အဆမတန် မြင့်တက်လာခဲ့တယ်လို့ သိရပါတယ်။
“ကသာမှာ အူရီဒူးလိုင်းပဲရတော့ ဖုန်းကဒ်တခု ငါးသောင်း၊ ငွေဖြည့်ကဒ်က တထောင်တန်ဆို နှစ်ထောင်ပေးရတယ်။ ဓါတ်ဆီ တဂါလံ လေးသောင်းခွဲ၊ အလွယ်ဝယ်မရဘူး။ မြို့အဝင်အထွက်တွေ နှစ်ဖက်အဖွဲ့တွေ ပိတ်ထားတော့ ဆိုင်ကယ်နဲ့ လာရောင်းတဲ့ အသည်လေးတွေ အားကိုးနေရတယ်။ တော်သေးတာက ဆန်မရှားလို့ ကျန်တာတော့ မီးလည်းမရ၊ ဖုန်းက မနေ့ကမှရတယ်။ အားသွင်းချင်ရင် မီးစက်နိုးတဲ့အိမ်ပြေးရတယ်။ ထွက်ပြေးဖို့လည်း မလွယ်တော့ ဖြစ်သလိုနေရတာပေါ့” လို့ ဒေသခံတယောက်က ပြောပါတယ်။
အဲဒီ လမ်းကြော ပိတ်ဆို့မှုကြောင့် အင်းတော်မြို့အထက်ပိုင်းရှိ မြို့တွေဖြစ်တဲ့ မော်လူးမြို့နဲ့ ကချင်ပြည်နယ်အတွင်းက မြို့တွေမှာလည်း ကုန်စည်ပြတ်လပ်မှုတွေ ဖြစ်ပေါ်နေပြီး ကုန်ဈေးနှုန်းတွေ မြင့်တက်နေတယ်လို့ မော်လူးဒေသခံတယောက်က ပြောပါတယ်။
“တိုက်ပွဲကတွေက အခုထိ ဆက်ရှိနေတုန်းပဲ။ လမ်းတွေကတော့ ပြန်ဖွင့်ဖို့ မမြင်သေးဘူး။ ကြာဦးမယ်လို့လည်း သိရတယ်။ အခုဆို ကုန်အဝင်က မရှိသလောက်ဘဲ။ဒီမှာ‌တော့ ကြက်ဥ တလုံးကို ၈၀၀ ကျပ် ဖြစ်နေပြီ” လို့ သူက ပြောပါတယ်။
ဒါအပြင် မော်လူးမှာ ကြက်သွန်ဖြူ တပိဿာ တသောင်းရှစ်ထောင်ကျပ်၊ စားအုံးဆီ တပိဿာ နှစ်သောင်းကျပ်၊ ခရမ်းချဉ်သီး တပိဿာ တသောင်းနှစ်ထောင်ကျပ်အထိ ပေါက်ဈေးရှိနေပြီး မြစ်ကြီးနားမြို့နယ်မှာတာ့ ကြက်ဥ တလုံးကို ၁၃၀၀ ကျပ်အထိ ပေးဝယ်နေရပြီလို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိ အင်းတော်မြို့မှာ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်ဆဲဖြစ်တာကြောင့် လမ်းကြောတလျှောက် ခရီးသည်တင်ကားတွေနဲ့ ကုန်တင်ကားတွေ ပိတ်မိနေဆဲ ဖြစ်တယ်လို့လည်း သိရပါတယ်။
ကုန်တင်ကားတွေဟာ အင်းတော်မြို့နယ်၊ မဲဇာတောင်အနီးတဝိုက်မှာ ရပ်တန့်ထားကြရပြီး တချို့ကုန်တင်ကားတွေကတော့ မန္တလေးမြို့ဘက်ကို လှည့်ပြန်လာရတယ်လို့ သိရပါတယ်။
“မြစ်ကြီးနား – မန္တလေးလမ်းပိုင်းပြန်ဖွင့်ဖို့ ရက်ကြာဦးမယ်လို့ ပြောကြတယ်။ အနည်းဆုံး လဝက်လောက်တော့ ကြာနိုင်တယ်တဲ့။ ကျွန်တော့်ကားတွေဆို အဲဒီမှာ ၁၅ ရက်လောက် စောင့်နေပြီးမှ လှည့်ပြန်လာရတယ်” လို့ ကုန်တင်ယာဉ်မောင်းတယောက်က ပြောပါတယ်။
အင်းတော်မြို့ဟာ စစ်ကိုင်းတိုင်း အထက်ပိုင်း ဗန်းမောက်၊ ဟုမ္မလင်း၊ ပင်လည်ဘူးဘက်ကိုလည်းကောင်း ကချင်ပြည်နယ် မိုးညှင်း၊ ဖားကန့်၊ ဟိုပင်၊ မိုးကောင်းမြို့တွင်းဘက်သို့လည်းကောင်း စစ်ရေးနဲ့ ရိက္ခာထောက်ပံ့ရေး လမ်းကြောင်းအတွက် အရေးပါတဲ့ မြို့တခုလည်း ဖြစ်တယ်လို့ သိရပါတယ်။
Photo:CJ

Related posts

Leave a Comment

VOM News

FREE
VIEW