ဆူးငှက်
ပြည်တစ်ဖက်ကမ်း ဆင်တဲစက်ရုံက ပြန်ခဲ့သူ
———————————————–
၁၉၉၀ ဝန်းကျင်ကာလ တစ်ညခင်းက ဖြစ်လိမ့်မည်။ ဟေမာဇလရပ်ရှိ ကျွန်တော့် စာအုပ်ဆိုင်သို့ စာရေးဆရာ ကိုရိုးကွန့် နှင့်အတူ ကျွန်တော်တို့ မသိသော“ပုဂ္ဂိုလ်”တစ်ယောက် ပါလာ၏။ အရောင်နုနုအကျီလက်တို၊ အကွက်စိပ် ပလေကပ် လုံချည်နှင့် သပ်သပ်ရပ်ရပ် ကြော့ကြော့မော့မော့။ ဆံပင်တိုတို ပိပိရိရိဖီးထားပြီး ထောင်ထောင်မောင်းမောင်း အသားဖြူဖြူ ရုပ်ရည်ကလည်းခံ့ခံ့ချောချော။ အမူအရာကရှူတည်တည်။ စတွေ့ကတည်းက ထူးခြားသည်မှာ ညာဘက် လက်က မေးဖျားအားကိုင်၍ လက်ညှိုးလေးက စေ့ထားသော နှုတ်ခမ်းပေါ်ကန့်လန့်ဖြတ် ထောင်ပြီး လက်ညှိုး ထိပ်ဖျားလေးက လှုပ်ရှားနေသည်။
ကိုရိုးကွန့်ကတော့ ထုံးစံအတိုင်း စာအုပ်စားပွဲနှင့်ယှဉ်ကာ ချထားသော ရသေ့ကျောင်း ခုံရှည်ကြီးပေါ် စုပြုံထိုင်နေကြသော ကျွန်တော် တို့ကို “စားပြီးကြပြီလား၊ ဘယ်သူ မလာဘူးလား၊ ဘယ်ဝါ မလာဘူးလား၊ သည်နေ့ ဘာမဂ်္ဂဇင်း အသစ် ထွက်လဲ”ဟူသော စကားလောက်သာ ပြောပြီး ကျွန်တော်တို့ဘေးလွတ်နေသော ခုံကလေး တစ်လုံးပေါ် ထိုင်ရင်း မဂ်္ဂဇင်း တစ်အုပ်ကို လှန်လှောဖတ်နေသည်။ စောစောက သူနှင့်ပါလာသော ထောင်ထောင် မောင်းမောင်း ပုဂ္ဂိုလ်က စာအုပ်ဆိုင် လေးထဲ လူအများကြားတိုးပြီး စာအုပ်တွေကိုတစ်အုပ်ပြီး တစ်အုပ်စိမ်ပြေနပြေ ကြည့်နေသည်။ အခုချိန်ထိ “သူ့ကို ဘယ်သူ ဘယ်ဝါမှန်း မသိ။ စာအုပ်တစ်အုပ် ဆွဲယူ လိုက်လှန်ကြည့်လိုက်၊ ပြန်ထားလိုက်၊ လက်ညှိုးလေးကို နှုတ်ခမ်းပေါ် တင်ကာ စဉ်စားလိုက်၊ တစ်အုပ် ဆွဲကြည့်လိုက်၊ ပြန်ထားလိုက်၊ လက်ညှိုးကို နှုတ်ခမ်းပေါ်။ နောက်တစ်အုပ်။ လက်ညှိုးလေး နှုတ်ခမ်း။
ဤသို့ဖြင့် နာရီဝက်ကျော် နာရီသုံးမတ်လောက်ကြာမှ စာအုပ်တစ်အုပ်ကို ဆွဲယူအကြည့်တွင် ကိုရိုးကွန့်က ထိုင်နေရာမှ သူ့ဆီ လှမ်းကြည့်ပြီး“မောင်ဝင်းနိုင်ပြီးပြီလားကွ၊ ပြန်ကြရအောင်”ဟု လှမ်းအပြောတွင်မှ ထိုပုဂ်္ဂိုလ်က ထုတ်ကြည့်လက်စ စာအုပ်ကိုယူလာပြီး ဆိုင်ထဲမှ ထွက်လာ၏။ ကိုရိုးကွန့်က ဖတ်လက်စ မဂ်္ဂဇင်း စာအုပ်ကို စားပွဲပေါ်မှာတင်ပြီး စောစောကပုဂ်္ဂိုလ်ကို “မောင်ဝင်းနိုင်၊ မင်းယူထားတဲ့ စာအုပ် စာရင်းမှတ်ခိုင်းလိုက်ဦး”ဟု အပြော “သြော်….သြော်….”ဟု အသံပြုကာ စာအုပ်ကို ကျွန်တော့် ဆီလှမ်းပေးတော့ “ကိုရိုးရယ် စာရင်းမှတ်စရာမလိုပါဘူး။ ယူသွားပါဗျာ။ ခင်ဗျားလည်း မဂ်္ဂဇင်းတွေ ဖတ်ချင်တာရှိရင် ယူသွားလေ”ဟု ပြောဖြစ်သည်။ ကိုရိုးကွန့်က “မယူတော့ဘူး။ မနက်ကမှ “ဒေါက်ကြီး”ဆီက ရုပ်ရှင်အောင်လံ ယူထားသေးတယ်” ဟု ပြောသည်။ ကျွန်တော့်ဘေး ထိုင်နေသော ကိုပိုင်စိုးဝေက “ဟိုး…ဟိုး …ကိုရိုး။ ဒေါက်…ဒေါက်ကြီးက ကျွန်တော့်…ဘာ … ဘာပြောသေးလဲ၊ သူ့ဆီမ… မရောက်တာ တစ်ပတ်လောက်ရှိသွားပြီးဗျ”ဟုလှမ်းပြောသည်။ ကိုရိုးကွန့်က “ဒေါက်ကြီးက ခင်ဗျားကို ဒေါသဖြစ်နေတယ်”ဟု ရယ်ကျဲကျဲ ဖြေ၏။ “ဒေါက်ကြီး” ဆိုသည်မှာ စာရေးဆရာကြည်ဇော်ဝင်း(ခေါ်) ဒေါက်တာနည်ဝင်း ကို ပြောကြခြင်း ဖြစ်သည်။ ကျွန်တော်တို့၊ ကိုချမ်းမင်းအိမ်တို့၊ ကိုကျော်စိုးဝင်း (ကြည်လင်အေး)တို့၊ ကိုစိုးဝင်းငြိမ်းတို့က “ကိုပိုင် ကြီးတော့ ဒေါက်ကြီးက သတ်တော့မှာ”ဟု ဝိုင်းစကြသည်။ ထိုအချိန်က ကိုကြည်ဇော်ဝင်းမှာ ဟိုး တောင်မြို့(အမရပူရ) တောင်ဘက် က ရွာလေးတစ်ရွာမှာ ဆေးခန်းဖွင့်၏။ ကိုပိုင်စိုးဝေက ဆေးခန်းဖွင့်ချိန် ညနေတိုင်း ကိုကြည်ဇော်ဝင်းနှင့် အဖော်လိုက် သွားနေကျ ဖြစ်သည်။
ကိုရိုးကွန့်က “ကဲ ကဲ မိုးချုပ်နေပြီ ပြန်တော့မယ်” ဟုပြောကာ ခြေလှမ်း ပြင်သည်။ ကိုကျော်စိုးဝင်း က “ကိုရိုး နေပါဦးဗျ။ စောပါသေးတယ်၊ မိန်းမ မရှိ ဘာမရှိနဲ့ဗျာ” ဟု လှမ်းပြောတော့ “ဟိုလေ သူက အိမ်မှာ မိန်းမနဲ့ကလေး ထားခဲ့ရတာ အပြန်ကျ ကလေးသိပ်ရဦးမှာ” ဟု အတူပါလာသူ ထောင်ထောင် မောင်းမောင်း ပုဂ်္ဂိုလ်အား ညွှန်းရင်း ပြောသည်။ ထိုပုဂ်္ဂိုလ်ကတော့ မရယ်မပြုံး ခပ်တည်တည်။ ကိုရိုးကွန့်က ပြန်ဖို့ခြေလှမ်း ပြင်ပြီးမှ “သြော် ခင်ဗျားတို့နဲ့ မိတ်ဆက် ပေးရဦးမယ်။ဒါက ကျွန်တော့်ညီလေ။ ကာတွန်းအော်ပီကျယ်”တဲ့။ သည်တော့မှ ကျွန်တော်တို့အားလုံး အံ့အားတသင့် ဖြစ်သွားကြတော့၏။ အော်ပီကျယ်ဆိုသည်မှာ နာမည်ကျော် ကာတွန်းဆရာ၊ ပြည်တစ်ဖက်ကမ်း ဆင်တဲ မော်တော်ကားစက်ရုံက ပြန်ခဲ့သူ၊ အင်ဂျင်နီယာ။ ကိုရိုးကွန့်နှင့် ကိုအော်ပီကျယ် သူတို့ ညီအစ်ကို ဘယ်ပြန်လို့ ဖြစ်ပါတော့မလဲ။ ကိုရိုးကွန့်နှယ် စောစော ဝင်လာ ကတည်းက အော်ပီကျယ်လို့ ပြောပါရောလား။ ကျွန်တော်တို့အားလုံး ဇွတ်ရော အတင်းရော ညီအစ်ကို နှစ်ယောက်လုံး အား ညဉ့်နက်ပိုင်း ထိုင်နေကျ ၇၅-လမ်းပေါ် စောင်း ဦးမြင့်မောင်အိမ်နှင့် မျက်နှာချင်းဆိုင်က အဆိုတော်ဥမ္မာတို့ လက်ဖက်ရည် ဆိုင်လေးဆီ ဆွဲခေါ်ခဲ့ကြတော့၏။
နာမည်ကျော် ကာတွန်းဆရာ
——————————
ကာတွန်းဆရာ အော်ပီကျယ်ကို သတိထားမိသည်က ၁၉၈၀ကျော်ဝန်းကျင်း ကာလများက ဖြစ်သည်။ သူ့မှာ အများနှင့် မတူသည့် ထူးခြားသော အတွေးအခေါ်များ ရှိသည်။ သူ့မှာအများနှင့် မတူသော ပုံသဏ္ဌာန်လည်း ရှိသည်။သူ့ကို တစ်ခါ တွေ့ဖူးသည်နှင့် တစ်သက်စာမျှ မှတ်မိသွားတော့သည်။ လူ့ဘဝ၏ ကြုံဖွယ် ကိစ်္စတိုင်းတွင် တိုက်ဆိုင်မှု ရှိသည့်အခါ သူ့ အတွေးတွေကိုပဲ သတိရသည်။ ဥပမာ ဆိုပါတော့ ကိုယ်နှင့်မဆိုင်သည့် အလုပ်တစ်ခုအပေါ် မလိုအပ်ဘဲ ဝါယမ စိုက်ထုတ် ရတိုင်း သူ၏ ကြွက်ခုတ်သော နွားသိုးကြီးနှင့် တံတားဖွင့်ပွဲသွားမည့် တိရစ်္ဆာန်ဆရာဝန်ကို သတိရသည်။ သည်တစ်ခါတော့ အခြေအနေ ပြောင်းလဲ သက်သာရာ ရကောင်းပါရဲ့ ဟု အမှတ်မရှိ မျှော်လင့်မိလေတိုင်း ဒုက်္ခသုက်္ခ အကြပ်အတည်း ဧရာမအထုပ် အပိုးကြီးပေါ်မှ ထပ်တင်ထားခံရသည့် မဖြစ်စလောက် အထုပ်သေးလေး တစ်ထုပ် ချပေးလိုက်သော သက်သာရာရမှု အတွေး နက်နက်ကို ယနေ့ထက်ထိ သတိရဆဲဖြစ်သည်။ ဘဝတစ်ခုလုံး နှင့် သက်ဆိုင်သော ပြသနာများ အပေါ် ထိထိမိမိ သရော်တတ်သည့် သူ့အတွေးတွေက နှစ်ကောင်ရိုက်ပြီး ကင်းဝင်၊ သုံးကောင်ရိုက်ပြီး ကင်းဝင်ရသလို ထိထိမိမိ အရသာရှိလှ၏။
နောက်ပိုင်း ကိုအော်ပီကျယ်နှင့်ဆုံ၍ စကားဝိုင်းဖွဲ့ ကြတိုင်း ကိုပိုင်စိုးဝေက “ခင်ဗျားကို စတွေ့တဲ့နေ့ က ဘယ်သူ ဘယ်ဝါမှန်းမသိကြတော့ ခင်ဗျားပုံစံကိုကြည့်ပြီး စစ်ဗိုလ်ကြီး ထင်နေကြတာဗျ”ဟု အမြဲ နောက်ပြောင်သည်။ စတွေ့ချိန်က“အော်ပီကျယ်”နှင့် မလိုက်အောင် တည်တံ့ဣေြန်္ဒရ လွန်းလှ၏။ သူဆီက သည်လိုကာတွန်းတွေ ထွက်လာပုံက အံ့အားသင့်စရာဟု ထင်ရ၏။ တကယ် ပေါင်းကြည့်တော့ သူ့မှာအချိန်ပြည့် ကာတွန်းအတွေး ရှိသည်။ ပြောတော့လည်း ကာတွန်းအပြော၊ သူ့အတွေး သူ့အပြောကလည်း သူ့ကာတွန်းတွေလို တွေး၊ သူ့ ကာတွန်းတွေလို ပြောသည့် အပြောဖြစ်၏။ မနက်လင်းသည်နှင့် သူ့သမီးအကြီး“ယမုံဖူး”ကို စက်ဘီးရှေ့ ခုံလေးပေါ် တင်ပြီး ကျွန်တော့် အိမ်သို့် ရောက်လာသည်။
“လက်ဖက်ရည်သောက် သွားကြစို့”ဟု အမြဲခေါ်၏။ လက်ဖက်ရည်ဆိုင်မှာ တမေ့တမော ထိုင်ပြီး စကားတွေ ပြောဖြစ်သည်။ ကျွန်တော့် မိသားစုနှင့် ဆွေမျိုးလို ရင်းနှီးနေသည်။ လက်ဖက်ရည်ဆိုင်က ပြန်လာပြီး ကျွန်တော်က စက်ဘီးလေး ဆွဲထုတ်ကာ သူနှင့်လိုက်သွားပြန်သည်။ မြို့ထဲသွား လျှင်သွား၊ ဒါမှမဟုတ် သူအိမ်ရှေ့ ကွပ်ပျစ်ကြီးပေါ် “ဝေါလ်ဒစ်္စနေး”စာအုပ်ထူကြီးတွေ ကြည့်ချင်ကြည့်။ ဒါမှမဟုတ် ဗီဒီယိုရုံလေးတွေဆီ ခြေဦးလှည့်ကြသည်။
တစ်ခါကတော့ သူနှင့်မြို့ထဲအသွား ၃၄-လမ်းက စာသင်ခန်း တစ်ခန်း အတွင်းမှာ“ဆရာ”တစ်ယောက် နှင့် တွေ့သည်။ စာသင်းခန်းမှ ပင်တိုင်ဆရာက ထို“ဆရာ”ကို ကျွန်တော်တို့နှင့် မိတ်ဆက်ပေး၏။ “ဒါ အော်ပီကျယ်၊ ဒါ ဆူးငှက်ပေါ့။ ထိုဆရာ ပြန်ပြောသည်က “ကျွန်တော်လည်း ငယ်ငယ်က စာရူးပေရူးပေါ့ဗျာ။ ဆက်သာရူးဦးမယ်ဆိုရင် ခုနေ ကျွန်တော်လည်း ခင်ဗျားတို့လို ကာတွန်းဆရာ၊ စာရေးဆရာဖြစ်ပြီပေါ့”တဲ့။ ထိုအခါ အော်ပီကျယ် ပြန်ပြောလိုက် တာက“ဟုတ်လားဗျ။ ခင်ဗျားက ရူးရုံ ရူးခဲ့တာကိုး။ မိုက်မှ မမိုက်ဘဲ။ ကျွန်တော်တို့က ရူးတဲ့အဆင့် မဟုတ်ဘူး။ မိုက်တဲ့အဆင့်၊ တော်ရုံ တန်ရုံ မိုက်ရုံနဲ့ ကာတွန်းဆရာ၊ စာရေးဆရာ မဖြစ်ဘူး။ ကိုင်း…ခင်ဗျား ဘယ်လောက် မိုက်သလဲ ပြော။ မိုက်တဲ့ နေရာမှာ ကျွန်တော်တို့ လာမယှဉ်နဲ့ ” ဟု ပြောတော့ ထိုဆရာလည်း လေသံပြောင်းသွားသည်။
တစ်ခါကတော့ သူ့အိမ်ရှေ့ ကွပ်ပျစ်ကြီး ပေါ်တွင် စာအုပ်တွေ တစ်ပုံကြီးချပြီး ကြည့်နေကြသည်။ ထိုစဉ် လူငယ် သုံးလေးယောက် စက်ဘီးတွေနှင့် ဝင်လာကြသည်။ သူတို့ကိုယ်သူတို့ ကာတွန်းဆရာတွေပါဟု မိတ် ဆက်သည်။ ကိုအော်ပီကျယ် က အားရဝမ်းသာနှင့် အနားမှာရှိသည့် ကျွန်တော်တို့ ကိုစိုးဝင်းငြိမ်းတို့နှင့် မိတ်ဆက်ပေးသည်။ ပြီးတော့ ကြည့်လက်စ စာအုပ်ထဲမှ ကာတွန်းနှင့်ပတ်သက်သည့် အင်္ဂလိပ်စာအုပ်ကြီးတွေ အထပ်လိုက် သူတို့ရှေ့ ချပေးသည်။ တစ်အုပ် တစ်လေလောက်ပဲ ကောက်ကြည့်၊ ဟိုလှန် သည်လှန် လောက်လုပ်ပြီး စာအုပ်တွေ ပြန်ချကာ ထပြန်သွားကြ၏။ သူတို့ပြန်မှ ကိုအော်ပီကျယ်က သူကာတွန်း စရေးစက ရန်ကုန်မှာ နိုင်ငံခြားစာအုပ်များ ကြည့်ခွင့်ရရေး အတွက် ကာတွန်းဆရာကြီး တစ်ဦးထံ တစ်နှစ်ကျော်မျှ နေ့စဉ်သွားခဲ့ရကြောင်း၊ သူကာတွန်းအပေါ် တကယ်မြတ်နိုးဝါသနာ ပါသည်ကို ယုံကြည်သွား၍ ထိုဆရာကြီးက စာအုပ်ကို တစ်အုပ်ချင်းထုတ် ပေးခဲ့ကြောင်း၊ ထိုဆရာကြီးပုံဆွဲတာ ကြည့်ခွင့်ရရေး အိမ်သားတစ်ဦးပမာ ယုံကြည်ရင်းနှီးပါမှ ရရှိခဲ့ကြောင်းပြောပြသည်။
ကာတွန်းသည်သာ ဘဝ
—————————-
သူ့အိမ်ရောက်သည့်အခါ တွေ့ရသည်မှာ စာဖတ်ချင်ဖတ်မည် သို့မဟုတ် ကာတွန်းပုံကြမ်းတွေ ဆွဲချင် ဆွဲမည်။ ဘယ်တော့မှ အအားမနေတာတော့ သေချာသည်။ တစ်ခါကများ ကာတွန်းတစ်ကွက်နှင့် ပတ်သက်၍ စိတ်တိုပြီး ခြေဆောင့်နေသော အဖိုးအိုပုံကို ပုံစံအမျိုးမျိုးဖြင့် ပုံကြမ်းလေ့ကျင့် ရေးဆွဲ ထားသည်မှာ စာမျက်နှာ ၈၀ ပါ ဗလာစာအုပ် တစ်အုပ်မျှရှိသည်။ တစ်ခါတစ်ရံ သူ့ဇာတ်ကောင်၏ ပြောစကားနှင့် ပတ်သက်၍ စကားလုံးကို မည်သည့် နေရာဖော့၊ မည်သည့်နေရာ ဖိပြောရမည့် အသံထွက် များအား ကျွန်တော့်နှုတ်ခမ်း လှုပ်ရှားမှုများ ကို သေချာကြည့်၍ မှတ်သားသည်။ ရုပ်ပုံနှင့်ပတ်သက်၍ ဤမျှ အချိန်ယူ ပြင်ဆင်သော်လည်း အတွေးနှင့်ပတ်သက်၍ ချက်ဆို နားခွက်က မီးတောက်သည်ဟု ပြောရမလို ရုတ်ခြည်းရသည်များလည်းရှိသည်။
တစ်ခါကတော့ မြို့ထဲ လက်ဖက်ရည်ဆိုင်တစ်ဆိုင်မှ အပြန်လမ်းမှာ “ခင်ဗျားအတွက် ကာတွန်းတစ်ကွက် ရပြီဗျ”တဲ့။ ကျွန်တော်ကရယ်ပြီး သူ့လှမ်းကြည့်တော့ “ဟိုဆရာတွေက ခင်ဗျားကို(——–) မဂ်္ဂဇင်းအတွက် ပင်တိုင် အဆိုင်းမင့် ရေးခိုင်းလိုက်ပြီး ပြောလိုက်တဲ့စကားကြားရ ကတည်းက အိုင်ဒီယာရတာ”တဲ့။ နောက်လမှာ မဂ်္ဂဇင်း တစ်စောင် ၌ သူ့ကာတွန်း ပါလာသည်။ ပထမအကွက်မှာ လူတစ်ယောက်က အားရဝမ်းသာဖြင့် မြေကြီးပေါ် လက်ညှိုးထိုး ပြရင်း အော်သည်။ “ဟာ မီးခဲပြာဖုံးလေး”တဲ့။ နောက်အကွက်မှာ ထိုလူက ရေပုံးကြီး ယူလာပြီး ထိုနေရာကို ဗွမ်းခနဲ ရေလောင်းချလိုက်ပြီး အော်လိုက်ပုံက “မီးခဲပေါ်က ပြာတွေ ဖယ်ပေးတာက ငါကွ”ဟူသတည်း။
ထိုစဉ်ကသူရယ်၊ ကျွန်တော်ရယ်၊ ကိုစိုးဝင်းငြိမ်းရယ် အချိန်တွေပို အားလိုက်ကြပုံက မနက်လင်းတာနဲ့ သုံးယောက် ဆုံကြ၊ လက်ဖက်ရည်ဆိုင် တမေ့တမော ထိုင်ကြပြီး ဘယ်သွားကြမလဲ စဉ်းစားနေကြဖြစ်၏။ ရွှေကျင် ဆရာတော်ကြီး ရာပြည့်အတွက် ပန်းချီကိုခင်မောင်စန်းတို့၊ ဘိုစောတို့ အလုပ်ရှုပ်နေခိုက် သူတို့နှင့် ရောပြီး အနောက် အင်းခမ်းတိုက်(မဟာဝိသုဒ်္ဓါ ရာမတိုက်) သို့လည်း အဖော်အဖြစ် လိုက်သွားဖြစ်ခဲ့သည်။ တစ်ခါတစ်ရံ အရှေ့ပြင် ဓမ်္မစကြာရိပ်သာ အနီးက ဆရာပေါ်ဦးသက် အိမ်။
သူနှင့် ကျွန်တော် ဆွေးနွေးလက်စ ပြဿနာ
————————————————-
တစ်နေ့မှာတော့ သူရယ်၊ ကျွန်တော်ရယ်၊ ကိုစိုးဝင်းငြိမ်းရယ်၊ ကာတွန်း ကိုစောမင်းဝေရယ် စက်ဘီး တစ်စီးစီဖြင့် ဘယ်လိုစိတ်ကူးပေါက်သည်မသိ တောင်သမန်အင်းသို့ သွားကြ၏။ အင်း၏ မြောက်ဘက်ခြမ်း ပုထိုးတော်ကြီး တောင်ဘက် မုခ်အနီးက လက်ပံပင်ကြီးတွေအောက် အေးအေးလူလူထိုင်ကြ၊ ရွှေလင်းပင်ဘုရား အာရုံခံလေးထဲ အိပ်ကြ၊ အင်းရေစပ်ရှိ ပြာသာဒ်ကြီးဘုရားခေါ် ဗူးဘုရားဂန်္ဓာကုဋိတိုက်ထဲ တမေ့တမော နားကြ။ ကိုစိုးဝင်းငြိမ်းက အင်္ကျီလေးချွတ်ပြီး ဘုရားတံတိုင်းပေါ်က အင်းထဲသို့ ဒိုင်ဗင်ထိုးချပြီး စိမ်ပြေနပြေ ရေကူး။ ကိုစောမင်းေ၀ က ဘုရား ပလ်္လင်အောက် အုတ်ခဲ ခေါင်းခုပြီး တခူးခူးအိပ်၊ ကိုအော်ပီကျယ် နှင့်ကျွန်တော် က ကင်မရာ တစ်လုံး နှင့် အလုပ်ရှုပ်။ ညနေစောင်းမှ အေးအေး ဆေးဆေး ပြန်ဖြစ်သည်။
မှတ်မှတ်ရရ ညတစ်ညမှာ သူ့အိမ်ခေါင်းရင်း စွယ်တော်ပင်ရိပ်၌ ပက်လက်ကုလားထိုင် တစ်လုံးစီချ၊ ရေနွေးကြမ်း ဓာတ်ဘူးတစ်လုံးနှင့် စကားမြည်ပြောကြတော့ အကြောင်းအရာ တစ်ခုအရောက် သူနှင့် ကျွန်တော် အကျေအလည် ဆွေးနွေးကြဖို့ အခြေအနေ ဖြစ်လာ၏။သူကလည်း သူသိသမျှပြော၊ ကျွန်တော်ကလည်း ကျွန်တော် သိသမျှပြော။ နှစ်ယောက်သား သိရသည့် အချက်တွေအပေါ် အခြေခံပြီး ကောက်ချက်တွေဆွဲ၊ သုံးသပ်မှု တွေပြု။ ဒါပေမယ့် မပြတ်သေး။ ကျွန်တော်တို့ ထိုင်နေရာနှင့်ကပ်လျက် ခေါင်းရင်းခန်း၌ အိပ်သော သူ့မေမေ “ကြီးကြီးအေး”က ချောင်းဟန့်သံပေးမှ စကားဖြတ်ကြသည်။ သန်းခေါင်ကျော်။ ဒါနဲ့ နှစ်ယောက်သား စက်ဘီးကိုဆွဲပြီး မင်္ဂလာဈေး အနောက်ဘက် ပွဲဈေးတန်း သို့ ထွက်လာကာ အငြိမ့်စင် နောက်နား ပလက်ဖောင်းပေါ် ငုတ်တုတ်ထိုင်ပြီး ပြောလက်စ ကိစ်္စ ဆက်ဆွေးနွေးကြ၏။ နာရီပြန် နှစ်ချက်ကျော် အငြိမ့်သိမ်းတော့ စကားမပြတ်သေးဘဲ အိမ်သို့ ပြန်ကြရသည်။ သူက အဲ့လို လူမျိုးဖြစ်သည်။ သူလေ့လာသော ဘာသာရပ်တစ်ခုနှင့် ပတ်သက်၍ လက်တစ်ဆုံးနှိုက် လေ့လာသည်။ အပေါ်ယံ ဘယ်တော့မှ မလုပ်။ စံနစ်တကျ ချဉ်းကပ်သည်။
ဆူးငှက်
