ထိုင်းမှာ မြန်မာသံရုံးထောက်ခံစာအတုနဲ့ ဗီဇာသက်တမ်းတိုးသူတွေကို အရေးယူတော့မယ်



အောက်တိုဘာ ၁၁ – ၂၀၂၄
SN (VOM)

ထိုင်းနိုင်ငံမှာ ဗီဇာသက်တမ်းတိုးဖို့ သံရုံးထောက်ခံစာအတု ပြုလုပ်ရင် ထိရောက်စွာ အရေးယူမယ်လို့ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးက အသိပေးချက် ထုတ်ပြန်ထားပါတယ်။

အရေးယူမှု ဆောင်ရွက်ရာမှာ ဗီဇာသက်တမ်းတိုးဖို့ သံရုံးထောက်ခံစာ အတုအပ ပြုလုပ်ပေးသူတွေလည်း ပါဝင်တယ်လို့ သိရပြီး အတုအပ ထောက်ခံစာနဲ့ ထိုင်းနိုင်ငံရှိ သက်ဆိုင်ရာဌာနတွေကို လာရောက်တာ တွေ့ရှိတဲ့အခါမှာလည်း နိုင်ငံကူးလက်မှတ်ကို ပယ်ဖျက်ခြင်း၊ ဥပဒေကြောင်းအရ အရေးယူခြင်းတွေ ပြုလုပ်ဖို့ သက်ဆိုင်ရာဌာနတွေနဲ့ ညှိနှိုင်းထားပြီးဖြစ်တယ်လို့ သိရပါတယ်။

“ထိုင်းမှာက ဗီဇာသက်တမ်း ကျော်လွန်နေတဲ့သူတွေ များတယ်။ အခုနောက်ပိုင်းမှာ မြန်မာသံရုံးရဲ့ ထောက်ခံစာအတုနဲ့ ဗီဇာသက်တမ်းတိုး လျှောက်တဲ့သူတွေ အရမ်းများလာတယ်။ အဲဒါကြောင့် ထိုင်းလဝက (လူဝင်မှုကြီးကြပ်ရေး) က အကြောင်းကြားလာတဲ့အတွက် မြန်မာသံရုံးဘက်ကနေ အခုလို ကြေညာချက် ထုတ်တာပါ” လို့ သံရုံးနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

ထိုင်းနိုင်ငံရှိ မြန်မာနိုင်ငံသားတွေအနေနဲ့ ဗီဇာသက်တမ်းတိုးရာမှာ မြန်မာသံရုံးဆီက ထောက်ခံစာ တောင်းယူဖို့အတွက် နေထိုင်ခွင့် သက်တမ်း အနည်းဆုံး ခုနစ်ရက် ကျန်ရှိရမှာဖြစ်ပြီး သက်တမ်း ခုနစ်ရက် မပြည့်သူတွေနဲ့ သက်တမ်းကျော်လွန် နေထိုင်သူတွေကို ထောက်ခံစာ လုံးဝ (လုံး၀) ပြုလုပ်ပေးမှာ မဟုတ်ဘူးလို့ သိရပါတယ်။

ထိုင်းဥပဒေအရ ဗီဇာသက်တမ်း ကျော်လွန်နေထိုင်ရင် တရက်ကို ဘတ် ၅၀၀ ကနေ အများဆုံး ဘတ် နှစ်သောင်းနှုန်း ဒဏ်ငွေ ချမှတ်ခံရမှာဖြစ်ပြီး ရက် ၉၀ ထက် ကျော်လွန်နေထိုင်ရင်တော့ ထိုင်းနိုင်ငံကို ဝင်ရောက်ခွင့် တနှစ် (ဒါမှမဟုတ်) တနှစ်ထက်ပိုပြီး ပိတ်ပင်ခံရမှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

ဒါအပြင် ထောက်ခံစာနဲ့ နိုင်ငံကူးလက်မှတ်ဆိုင်ရာ ကိစ္စရပ်တွေ ဆောင်ရွက်ဖို့အတွက် နိုင်ငံတကာသံရုံးတွေအနေနဲ့ သက်ဆိုင်ရာနိုင်ငံရဲ့ ဌာနတွေထံ မိမိတို့သံရုံးရှိ ကောင်စစ်အရာရှိတွေရဲ့ လက်မှတ်၊ တံဆိပ်တုံးနမူနာပုံစံ၊ နေ့စဉ်ထုတ်ပေးခဲ့တဲ့ ထောက်ခံစာတွေရဲ့ စာနံပါတ်နဲ့ ရက်စွဲတို့ကိုလည်း ပေးပို့ထားပြီးဖြစ်တယ်လို့ သိရပါတယ်။

ဒါကြောင့် သက်ဆိုင်ရာနိုင်ငံတွေရဲ့ ဌာနတွေအနေနဲ့ ထောက်ခံစာတစောင်အပေါ် သံသယရှိပါက ချက်ချင်း စစ်ဆေးဖော်ထုတ်နိုင်သလို သက်ဆိုင်ရာသံရုံးကို အကြောင်းကြားကာ စာနံပါတ်၊ ရက်စွဲ၊ ထုတ်ပေးသူအမည်တို့ကိုပါ တိုက်ဆိုင်စစ်ဆေးမှုတွေ ပြုလုပ်နိုင်တယ်လို့ သိရပါတယ်။

လတ်တလောမှာလည်း Passport No. MF364672 (Date of Birth 01 March 1997) ကိုင်ဆောင်သူ ကို ထောက်ခံစာအတု ပြုလုပ်မှုနဲ့ ပက်သက်ပြီး မြန်မာသံရုံး (ဘန်ကောက်) ကို လာရောက်သတင်းပို့ပြီး ရှင်းလင်းပေးဖို့ ကြေညာထားကာ အောက်တိုဘာ ၂၅ ရက်အထိ ရောက်မလာပါက ၎င်းရဲ့ နိုင်ငံကူးလက်မှတ်ကို Null and Void ကြေညာပြီး ဖျက်သိမ်းသွားမှာဖြစ်တယ်လို့ မြန်မာသံရုံးက အသိပေးထားပါတယ်။

လက်ရှိမှာ ထိုင်းနိုင်ငံကို ဆိုက်ရောက်ဗီဇာ (Visa on Arrival)၊ ကမ္ဘာလှည့်ဗီဇာ (Tourist Visa) နဲ့ ရောက်ရှိနေသူတွေအတွက် ဗီဇာသက်တမ်းတိုးနိုင်ဖို့ လိုအပ်တဲ့ ထောက်ခံစာတွေကို ဘန်ကောက်မြို့ရှိ မြန်မာသံရုံးမှာ ပြုလုပ်ပေးနေတာဖြစ်တယ်လို့ သိရပါတယ်။

Photo:CJ

Related posts

Leave a Comment

VOM News

FREE
VIEW