ဆိုင်ကလုန်း “ဒါနာ” အရှိန်ကြောင့် ၂၄ နာရီအတွင်း တိုင်းနဲ့ပြည်နယ် ၁၁ ခုမှာ မိုးကြီးပြီး လေပြင်းတိုက်ခတ်နိုင်



အောက်တိုဘာ ၂၄ – ၂၀၂၄
SN (VOM)

ဆိုင်ကလုန်းမုန်တိုင်း “ဒါနာ” ရဲ့ အရှိန်ကြောင့် တိုင်းနဲ့ပြည်နယ် ၁၁ ခုမှာ မိုးကြီးပြီး လေပြင်းတိုက်ခတ်မှုတွေ ဖြစ်ပေါ်နိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ဒီကနေ့ အောက်တိုဘာ ၂၄ ရက်မှာ ထုတ်ပြန်ထားပါတယ်။

မိုး/ဇလဌာနရဲ့ ဒီကနေ့ နေ့လယ် ၁၂ နာရီခွဲအချိန် တိုင်းထွာချက်တွေအရ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းနဲ့ ယင်းနဲ့ ဆက်စပ်လျက်ရှိတဲ့ ဘင်္ဂလား ပင်လယ်အော် အလယ်ပိုင်းတို့မှာ ဖြစ်ပေါ်နေတဲ့ အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း “ဒါနာ” (DANA) ဟာ မြောက် – အနောက်မြောက်ဘက်ကို ရွေ့လျားခဲ့ပြီး မြန်မာနိုင်ငံ၊ ဂွမြို့ (Gwa) ရဲ့ အနောက် – အနောက်မြောက်ဘက် ရေမိုင် ၃၉၀ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်၊ ဒမ်မရာမြို့ (Dhamara) ရဲ့ တောင် – အရှေ့တောင်ဘက် ရေမိုင် ၁၂၀ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေတယ်လို့ သိရပါတယ်။

အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း “ဒါနာ” ရဲ့ ဗဟိုချက်လေဖိအား ၉၈၈ ဟက်တိုပါစကယ်နဲ့ အမြင့်ဆုံးလေတိုက်နှုန်းမှာ တနာရီ မိုင် ၆၀ မှ ၆၅ မိုင်နှုန်းခန့်ဖြစ်ကာ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်ကို ဦးတည်ရွေ့လျားမယ့် အခြေအနေ မရှိတဲ့အတွက် “အဝါရောင်အဆင့်” သတ်မှတ်ထားတယ်လို့ သိရပါတယ်။

“ပင်လယ်ပြင်မှာ မုန်တိုင်းဖြစ်နေရင်တော့ အနည်းနဲ့အများတော့ မြန်မာ့ကမ်းရိုးတန်းနဲ့ နီးတဲ့ဒေသတွေကတော့ ကုန်းပေါ်အထိ မိုးကြီးတာ၊ လေပြင်းတိုက်တာတွေ ရှိနိုင်တယ်” လို့ မိုး/ဇလ ဌာနမှ ညွှန်ကြားရေးမှူး ဦးလှထွန်းက ပြောပါတယ်။

လက်ရှိ ဖြစ်ပေါ်နေတဲ့ ဆိုင်ကလုန်းမုန်တိုင်းဟာ မြောက် – အနောက်မြောက်ဘက်ကို ဆက်လက် ရွေ့လျားနိုင်ပြီး အောက်တိုဘာ ၂၅ ရက်နေ့၊ မနက် အစောပိုင်းမှာ အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ် မြောက်ပိုင်းနဲ့ အနောက် ဘင်္ဂလားပြည်နယ်ကမ်းခြေတို့ကို ပူရီမြို့ (Puri) နဲ့ ဆာဂါကျွန်း (Sagar Island) တို့အကြား ဒမ်မရာမြို့ (Dhamara) အနီးမှ ဖြတ်ကျော်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

အဲဒီ အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း “ဒါနာ” ရဲ့ အရှိန်ကြောင့် ဒီကနေ့ အောက်တိုဘာ ၂၄ ရက်၊ မွန်းလွဲပိုင်းမှ နောက် ၂၄ နာရီအတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မန္တလေး၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာကာ တချို့ဒေသတွေမှာ ဒေသအလိုက် မိုးကြီးခြင်း၊ နေရာကွက်ပြီး မိုးကြီးခြင်းတွေနဲ့အတူ လေပြင်းတိုက်ခတ်ခြင်းတွေလည်း ဖြစ်ပေါ်နိုင်တယ်လို့ သိရပါတယ်။

မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ မကြာခဏ မိုးသက်လေပြင်းတွေ ကျရောက်ပြီး လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးနိုင်ကာ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေဟာ တနာရီကို မိုင် ၅၀ မှ ၅၅ မိုင်အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်ကတော့ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်း တလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ၁၁ ပေမှ ၁၅ ပေခန့် ရှိနိုင်တယ်လို့ သိရပါတယ်။

မိုးသည်းထန်စွာ ရွာသွန်းခြင်းနဲ့အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တပြက်ရေကြီးခြင်းနဲ့ မြေပြိုခြင်း စတဲ့ သဘာဝဘေးအန္တရာယ်တွေလည်း ဖြစ်ပေါ်နိုင်တဲ့အတွက် အဲဒီ ဒေသတွေရှိ ကုန်းမြင့်ဒေသအနီး နေထိုင်ကြသူများအနေနဲ့ မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်တွေအနီး နေထိုင်ကြသူတွေအနေနဲ့ ရေကြီး၊ ရေလျှံမှုတွေကို ကြိုတင်သတိပြု ရှောင်ရှားကြဖို့ လိုအပ်သလို ပြည်တွင်းရေကြောင်း သွားလာရေးနဲ့ လေကြောင်းပျံသန်းရေး အနေနဲ့လည်း ကြိုတင်သတိပြုကြဖို့ လိုအပ်တယ်လို့ မိုး/ဇလဌာနက သတိပေး နှိုးဆော်ထားပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကလည်း “ဒါနာ” ဆိုင်ကလုန်းမုန်တိုင်း ဖြစ်ပေါ်လာနိုင်တဲ့ လေဖိအားနည်းရပ်ဝန်း အရှိန်ကြောင့် ရန်ကုန်မြို့က မြို့နယ် ၁၈ မြို့နယ်လောက်မှာ မိုးကြီး၊ ရေလျှံမှုတွေ၊ လေပြင်းတိုက်ခတ်မှုတွေ ဖြစ်ပေါ်ခဲ့ကာ လူတယောက် သေဆုံးပြီး နေအိမ်ပျက်စီးမှု၊ ဓာတ်တိုင်လဲကျမှုတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။

မိုးကြီးမှုကြောင့် လမ်းမတော်၊ လသာ၊ ပန်းဘဲတန်း၊ ပုဇွန်တောင်၊ တာမွေ၊ ကမာရွတ်၊ မရမ်းကုန်း၊ သာကေတ၊ ရန်ကင်း၊ စမ်းချောင်း၊ အင်းစိန်၊ ရွှေပြည်သာ၊ တောင်ဥက္ကလာပ၊ မြောက်ဥက္ကလာပ၊ ဒဂုံမြို့သစ် (တောင်ပိုင်း၊ မြောက်ပိုင်း၊ အရှေ့ပိုင်း၊ ဆိပ်ကမ်း) စတဲ့ မြို့နယ်တွေမှာ ရပ်ကွက်နဲ့ လမ်းမတွေပေါ် ရေမြင့်တက်မှုတွေ ဖြစ်ပေါ်ခဲ့ပြီး အဲဒီ မြို့နယ်တွေထဲမှာ ရွှေပြည်သာမြို့နယ်က ရေဝင်ရောက်မှု အဆိုးဆုံးဖြစ်ခဲ့တယ်လို့ သိရပါတယ်။

“လူသေဆုံးမှု ဖြစ်တာကတော့ မနေ့ အောက်တိုဘာ ၂၃ ရက်၊ မနက်ပိုင်းက ဖြစ်တာပါ။ အမျိုးသမီးတယောက် ရေထဲမှာ ဓာတ်လိုက်ပြီး သေသွားတာ။ အသက်ကတော့ ၄၀ ကျော် လောက်ရှိမယ်ထင်တယ်။ သူငှားနေတဲ့ အဆောင်ကနေ အလုပ်သွားဖို့ အိမ်ကထွက်လာပြီး ရေထဲဖြတ်လျှောက်ရင်း ဓာတ်လိုက်သွားတာ။ ဓာတ်ကြိုး ပျက်ကျနေတာ မသိလိုက်တာပေါ့” လို့ ရွှေပြည်သာမြို့နယ်မှာ နေထိုင်သူတယောက်က ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၁ ရက်၊ မွန်းလွဲ ၃ နာရီဝန်းကျင်ကလည်း ရွှေပြည်သာမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် အမှတ် (၁၉) ရပ်ကွက်နဲ့ (၂၄) ရပ်ကွက်ရှိ နေအိမ်တွေ အမိုးလန်ခြင်း၊ ရေနစ်မြုပ်ခြင်းတွေ ဖြစ်ပေါ်ခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ – မိုး/ဇလ

Related posts

Leave a Comment

VOM News

FREE
VIEW