မြို့နယ် လေးမြို့နယ်မှာ လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်း တိုက်ခိုက်မှုတွေကြောင့် ၁၅ ယောက် သေဆုံး

 

အောက်တိုဘာ ၁၉ – ၂၀၂၆
SN (VOM)

မန္တလေးတိုင်း စဉ့်ကူးမြို့နယ်၊ စစ်ကိုင်းတိုင်း မြင်းမူမြို့နယ်၊ မကွေးတိုင်း ပခုက္ကူမြို့နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့မှာ မနေ့ အောက်တိုဘာ ၁၈ ရက်က လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်း တိုက်ခိုက်မှုတွေကြောင့် ၁၅ ယောက် သေဆုံးပြီး အယောက် ၂၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ ကူညီပေးနေသူတွေနဲ့ ဒေသခံတွေက ပြောပါတယ်။

စဉ့်ကူးမြို့နယ်၊ စဉ့်အိုးကျွန်းကျေးရွာမှာ မနေ့ ည ၇ နာရီဝန်းကျင်က ဒရုန်းကျရောက်မှုကြောင့် နှစ်ယောက် သေဆုံးပြီး သုံးယောက် ဒဏ်ရာရခဲ့သလို မြင်းမူမြို့နယ်၊ ကျော့မင်းကျေးရွာမှာလည်း မနေ့ ညနေ ၅ နာရီခွဲဝန်းကျင်က လက်နက်ကြီး ကျရောက်မှုကြောင့် သုံးယောက် ဒဏ်ရာရခဲ့ကာ ဘုန်းကြီးကျောင်းနဲ့ နေအိမ်တချို့ ပျက်စီးခဲ့တဲ့အပြင် အိမ်မွေးတိရစ္ဆာန်တွေလည်း ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ဒါအပြင် ပခုက္ကူမြို့နယ်၊ ကမ္မတိုက်နယ်၊ ကျထိုးအုပ်စု၊ အုံးတောကျေးရွာမှာလည်း မနေ့ ညနေ ၄ နာရီခွဲဝန်းကျင်က လေကြောင်းတိုက်ခိုက်မှု ဖြစ်ခဲ့တာမှာ ငါးယောက် သေဆုံးပြီး ခြောက်ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“လေယာဉ်နဲ့ တိုက်ခိုက်မှုဖြစ်ပြီး ကယ်ဆယ်ရေး လုပ်နေတဲ့အချိန် ဒရုန်းနဲ့ပါ ထပ်ပြီး တိုက်ခိုက်ခံရတာ။ ကမ္မမြို့ထဲမှာ အစိုးရတပ်စစ်ကြောင်း ရောက်နေတဲ့အတွက် နယ်မြေ ရှင်းလင်းနေပုံရတယ်။ လေကြောင်းရန်ရော၊ မြေပြင်မှာ စစ်ကြောင်းကလည်း ရှိနေတော့ ဒေသခံတွေကတော့ ဘေးလွတ်ရာ ရှောင်နေကြပြီ” လို့ ဒေသခံတယောက်က ပြောပါတယ်။

အောက်တိုဘာ ၁၇ ရက်နေ့ကစပြီး ပခုက္ကူအခြေစိုက် အမှတ် (၁၀၁) ခြေမြန်တပ်မဌာနချုပ်ကနေ အင်အားအများအပြားနဲ့ ထွက်ခွာလာတဲ့ အစိုးရတပ် စစ်ကြောင်းဟာ မနေ့ အောက်တိုဘာ ၁၈ ရက်မှာ ကမ္မမြို့ပေါ်ကို ရောက်ရှိနေတယ်လို့ သိရပါတယ်။

ဒီကနေ့ အောက်တိုဘာ ၁၉ ရက်၊ မနက် ၅ နာရီဝန်းကျင်မှာ ရှေ့ပြေးစစ်ကြောင်းတွေဟာ မြိုင်လမ်းအတိုင်း မြောက်ဘက်ကို ထွက်ခွာနေပြီး မြို့ပေါ်မှာ ကျန်ရှိနေသေးတဲ့ နောက်ချန်အင်အားနဲ့ ကားတန်းဟာလည်း ဆက်လက် ထွက်ခွာဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ဒါအပြင် မြိုင်စက်မှုဇုန် (၂) နဲ့ ရေနံမြေ (တဲကြီးကျေးရွာ) မှာလည်း အစိုးရတပ်တွေ တပ်စွဲထားကာ အဲဒီ စစ်ကြောင်းတွေ ပေါင်းဆုံမှု ရှိ၊ မရှိကိုတော့ ဒေသတွင်း လက်နက်ကိုင်တပ်‌ဖွဲ့တွေက စောင့်ကြည့်နေတယ်လို့ သိရပြီး လတ်တလော စစ်ရေး အခြေအနေတွေကြောင့် ကမ္မဒေသရှိ ကျေးရွာ ကိုးရွာထက်မနည်းက ဒေသခံ ၁၀၀၀ ဝန်းကျင် ဘေးလွတ်ရာကို အရေးပေါ် တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

ဒါအပြင် ပလက်ဝမြို့နယ်၊ ပီချောင်းဆုံကုန်ဆိပ်မှာလည်း မနေ့ နေ့လယ် ၁ နာရီ ၂၂ မိနစ်ဝန်းကျင်က လေကြောင်းတိုက်ခိုက်မှု ဖြစ်ခဲ့ပြီး ရှစ်ယောက် သေဆုံးကာ ၁၀ ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

“လေယာဥ်နှစ်စင်း အရင်လာတယ်။ လေကြောင်းတိုက်ခိုက်မှု ခြောက်ကြိမ် ပြုလုပ်သွားတယ်။ သိပ်မကြာဘူး၊ နောက်ထပ် လေယာဥ်တစင်း ထပ်လာတယ်။ မိနစ် ၂၀ လောက် လေကြောင်းတိုက်ခိုက်မှု ဖြစ်တယ်။ ရှစ်ယောက် နေရာမှာတင်သေတယ်။ ဒဏ်ရာရတွေထဲမှာ ပြင်းထန်အဆင့်တွေလည်း ပါတယ်။ ထိခိုက်သေဆုံးဦးရေ ထပ်တိုးနိုင်တယ်” လို့ ကူညီပေးနေသူက ပြောပါတယ်။

အဲဒီနေရာဟာ ပလက်ဝနဲ့ မင်းတပ်၊ ကန်ပက်လက်၊ မတူပီဘက်က ကားလမ်းတွေနဲ့ ဆုံတဲ့နေရာဖြစ်ပြီး ရခိုင်ကုန်သည်တွေ ကုန်တင်ကုန်ချ ပြုလုပ်တဲ့ နေရာဖြစ်သလို ချင်း၊ ရခိုင် အပါအဝင် လူမျိုးပေါင်းစုံအတွက် စီးပွားရေးအချက်အချာကျတဲ့ နေရာလို့ သူက ပြောပါတယ်။

Photo – CJ

#voiceofmyanmar #VOM #စဉ့်ကူး #မြင်းမူ #ပခုက္ကူ #ပလက်ဝ #လေကြောင်းတိုက်ခိုက်မှု

Related posts

✕
VOM News

FREE
VIEW