အောက်တိုဘာ ၁၆ – ၂၀၂၆
SS (VOM)
အွန်လိုင်းလူမှုကွန်ရက် စာမျက်နှာတွေ ပေါ်ပြူလာ ဖြစ်လာတာနဲ့အမျှ မီဒီယာလောကမှာ သတင်းသမားတချို့ဟာ ငွေကြေး အကျိုးအမြတ်နဲ့ လူကြည့်များစေဖို့ ရည်ရွယ်ကာ ကျင့်ဝတ် ဖောက်ဖျက်လာကြတာနဲ့ ပတ်သက်လို့ လူထုကြား ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။
သတင်းသမားတချို့အနေနဲ့ Page Views နဲ့ Engagement များများ ရရှိနိုင်ဖို့အတွက် လူထုစိတ်ဝင်စားမှု မြင့်မားနိုင်ခြေရှိတဲ့ ကိစ္စရပ်တွေကို ချဲ့ကားရေးသားတာ၊ အဓိပ္ပာယ်ကောက် လွဲစေတဲ့ ခေါင်းစဉ်တွေနဲ့ သတင်းဖော်ပြတာမျိုးတွေ ပြုလုပ်နေကြတာဖြစ်ပြီး ဘက်မလိုက်ဘဲ မျှတစွာဖော်ပြရမယ့် မူဝါဒတွေကို ချိုးဖောက်နေကြတယ်လို့ သိရပါတယ်။
“မီဒီယာအတုတွေ ဆိုတာမျိုးတော့ တခါ caption ရေးဖူးတယ်။ ခေတ်က သတင်းခေတ်ဖြစ်နေတော့ မူရင်းသတင်းကို ချဲ့ကားတာမျိုး၊ ရေးသူသုံးသပ်ချက် ထည့်တာမျိုး၊ တဖက်ကို ရှုံ့ချတိုက်ခိုက် ရေးသားတာမျိုးတွေ အများကြီးတွေ့ရတယ်။ တချို့ကလည်း မီဒီယာရဲ့ စောင့်ထိန်းရမယ့် စည်းမျဉ်းတွေကို မသိဝောာ့ အန္တရာယ် ဖြစ်စေတာမျိုးတွေလည်း ရှိနိုင်တာပေါ့” လို့ အယ်ဒီတာဟောင်း တယောက်က ပြောပါတယ်။
သတင်းဖတ်သူတွေအနေနဲ့ မီဒီယာ အတု၊ အစစ် ခွဲခြားနိုင်ပါက “မီဒီယာအတု” ဆိုတာမျိုးတွေ အားလျော့လာနိုင်ပြီး အခုလို ကိုယ်တိုင်သုံးသပ်ချက်နဲ့ သတင်း ဖြန့်ဝေနေတာတွေက တရားဝင် (မီဒီယာအမည်ခံ) ဌာနတွေလည်း ပြုလုပ်နေကြတာဖြစ်ကာ ပြည်တွင်းမှာလည်း တရားဝင် လုပ်နေသလို ပြည်ပအခြေစိုက် သတင်းဌာနတွေမှာလည်း မီဒီယာအတုတွေ ရှိနေကြတယ်လို့ သူက ပြောပါတယ်။
နောက်ထပ် သတင်းအယ်ဒီတာ တယောက်ကလည်း အခုလို ဒီဂျစ်တယ်ခေတ်မှာ Social Media ပလက်ဖောင်းတွေကတဆင့် ဝင်ငွေရှာဖွေနိုင်မှု လွယ်ကူလာခြင်းက သတင်းမီဒီယာတချို့ကို သတင်းမှန်ကန်မှုထက် လူကြည့်များရေးကိုသာ ဦးစားပေးလာစေတဲ့ တွန်းအားတရပ် ဖြစ်လာစေတယ်လို့ ပြောပါတယ်။
“အခုလို ဆိုရှယ်မီဒိယာ ပလက်ဖောင်းတွေက လိုက်ခ်လုပ်တာ၊ ကြည့်တာများတဲ့ ပို့စ်တွေ၊ ပေ့ချ်၊ ချန်နယ်တွေကို ပိုက်ဆံပေးတဲ့ ခေတ်မှာ လူကြည့်များဖို့ မုသားတဝက် အချက်အလက်တွေ၊ သတင်းတွေနဲ့ ကြည့်ရှုသူကို ဆွဲဆောင်ကြတာလည်း ရှိတော့ ကျင့်ဝတ်နဲ့အညီ တင်ဆက်တဲ့ သတင်းမီဒီယာတွေကိုလည်း ထိခိုက်စေတဲ့ အခြေအနေမျိုးလို့ ဆိုရမှာပါ” လို့ သူက ပြောပါတယ်။
လူမှုကွန်ယက် ပလက်ဖောင်းက ငွေကြေး ရရှိနိုင်ဖို့အတွက် တယောက်တည်းကထိုင်ပြီး တခြား သတင်းဌာနနဲ့ လူမှုကွန်ရက်က ရရှိတဲ့ အချက်အလက်တွေကို ကောက်ယူကာ ဖြတ်ညှပ် လုပ်ကိုင်နေတဲ့ သတင်းဌာနလို့ သတ်မှတ်လို့မရတဲ့ အမည်ခံတွေ လက်ရှိမှာ အများကြီး ဖြစ်လာနေပြီး သာမန် စာဖတ်ပရိသတ်က ခွဲခြားဖို့ခက်ခဲတဲ့ အနေအထားလို့ သူက ပြောပါတယ်။
“အဲဒီလို ပုံဖျက်တာ၊ ပုံပျက်အောင် ရေးကြတာတွေကလည်း သတင်းမီဒီယာကို ယုံကြည်မှု ကျစေတာပါ။ မီဒီယာ လွတ်လပ်ခွင့် မရှိတာလည်း တကြောင်း၊ သတင်းမီဒီယာက ပြည့်စုံအောင် ထောင့်စေ့အောင် ဖော်ပြဖို့ ခက်ခဲလာတာလည်း တကြောင်းနဲ့ အဲဒီလို လူမှုကွန်ရက်ကနေ ငွေရှာဖို့အဓိက မီဒီယာတွေကြောင့်ပါ ထောင့်စုံက ထိုးနှက်ခံနေရတဲ့ သဘောဖြစ်နေတယ်” လို့ သူက ပြောပါတယ်။
သတင်းအတု၊ သတင်းမှားတွေနဲ့ လုပ်ကြံ ဖန်တီးထားတဲ့ သတင်းတွေကြား မီဒီယာလောက ရေရှည် ရပ်တည်နိုင်ရေးအတွက် သတင်းသမားများကိုယ်တိုင် ကျင့်ဝတ်ကို ထိန်းသိမ်းဖို့ လိုအပ်တယ်လို့ ဝါရင့် သတင်းသမားတွေက ပြောပါတယ်။
ဒါအပြင် စာဖတ်ပရိသတ်တွေ အနေနဲ့လည်း သတင်းခေါင်းစဉ်၊ သတင်းတပုဒ်တည်းကိုကြည့်ပြီး မဆုံးဖြတ်ဘဲ ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေရဲ့ ဖော်ပြချက်တွေကိုသာ အခြေခံကာ ဝေဖန်ပိုင်းခြားဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။
Photo – IPCM
