ရွှေဈေးကွက် အပြောင်းအလဲနဲ့ ပတ်သက်လို့ SOP တွေ ရေးဆွဲနေဆဲ



အောက်တိုဘာ ၂၆ – ၂၀၂၄
SS (VOM)

ရွှေရောင်းဝယ်ရေးလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုအဖြစ် ကြေညာခြင်း၊ ရည်ညွှန်းဈေးသတ်မှတ်ရေးကော်မတီ ဖွဲ့စည်းခြင်း စတဲ့ ဈေးကွက် အပြောင်းအလဲတွေနဲ့ ပတ်သက်လို့ SOP (လုပ်ထုံးလုပ်နည်း) တွေ ရေးဆွဲနေဆဲဖြစ်တယ်လို့ ရွှေကုန်သည်အသိုင်းအဝိုင်းမှ စုံစမ်းသိရှိရပါတယ်။

နစကအနေနဲ့ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ ပုဒ်မ ၄၊ ပုဒ်မခွဲ (ဂ) အရ ရွှေရောင်းဝယ်ရေး ဝန်ဆောင်မှုလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုအဖြစ် သတ်မှတ် ကြေညာကာ အဲဒီ ဝန်ဆောင်မှုနဲ့ သက်ဆိုင်တဲ့ ကိစ္စရပ်တွေနဲ့စပ်လျဉ်းပြီး တားမြစ်မိန့်၊ စည်းမျဥ်းသတ်မှတ်မိန့်၊ ကြီးကြပ်မိန့်၊ ကာကွယ်မိန့်နဲ့ လိုအပ်သလို ဆောင်ရွက်စေတဲ့ အမိန့်ထုတ်ပြန်နိုင်ခွင့်တို့ကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနကို အပ်နှင်းလိုက်တယ်လို့ မနေ့ အောက်တိုဘာ ၂၅ ရက်မှာ ထုတ်ပြန် ကြေညာထားပါတယ်။

ဒါအပြင် တဆက်တည်းမှာပဲ ရွှေစျေးနှုန်း တည်ငြိမ်မှန်ကန်စေဖို့ အမိန့်အမှတ် ၃၆/၂၀၂၄ နဲ့ ဓာတ်သတ္တု (ရွှေ) ရည်ညွှန်းစျေးသတ်မှတ်ရေး ကော်မတီကိုလည်း ဖွဲ့စည်းလိုက်တယ်လို့ ထုတ်ပြန် ကြေညာခဲ့ပြီး အဲဒီကော်မတီကနေ တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ စည်းမျဥ်းစည်းကမ်းတွေနဲ့အညီ ရွှေရည်ညွှန်းစျေးကို နေ့စဉ် ထုတ်ပြန်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

“ဒီ ကြေညာချက်တွေနဲ့ ပတ်သက်လို့က အခုက SOP (လုပ်ထုံးလုပ်နည်း) တွေ ရေးဆွဲတုန်းပဲရှိသေးတယ်။ မပြီးသေးဘူး။ အဲဒါအတွက် အစည်းအဝေးခေါ်ပြီး ဆွေးနွေးရမယ့်အပိုင်းတွေ ရှိသေးတယ်။ အဲဒါကြောင့် လောလောဆယ်တော့ ဘာမှ အပြောင်းအလဲမရှိသေးဘူး။ လက်ရှိမှာတော့ ကျန်တဲ့လုပ်ငန်းစဉ်တွေ အကောင်အထည်ဖော်နေတယ်။ ဒီလကုန်လောက်မှ အခြေအနေသိရမယ်။ အခုကတော့ ဘာမှ ပြောလို့မရသေးဘူး။ ရွှေကတော့ ပြောင်းတာကတော့ ပြောင်းမယ်။ အဓိက ကတော့ လေပက်ကားကိုပျောက်ချင်တာပေါ့။ လိုင်စင်ရှိမှ အရောင်းအဝယ်လုပ်လို့ရမယ်။ လိုင်စင်မရှိရင်တော့ အရေးယူဆောင်ရွက်တာတွေ ရှိလာမယ်” လို့ ရွှေကုန်သည်တယောက်က ပြောပါတယ်။

မနေ့ အောက်တိုဘာ ၂၅ ရက်နေ့က ထုတ်ပြန်လာတဲ့ အသိပေးချက်မှာတော့ ရွှေရည်ညွှန်းဈေး သတ်မှတ်တာနဲ့ပတ်သက်လို့ ဓာတ်သတ္တု (ရွှေ) ရည်ညွှန်းစျေးသတ်မှတ်ရေး ကော်မတီက နေ့စဥ် အွန်လိုင်းအစည်းအဝေးပြုလုပ်ပြီး အတည်ပြုသတ်မှတ် ထုတ်ပြန်ပေးသွားမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဒါအပြင် သတ်မှတ် ထုတ်ပြန်ထားတဲ့ ရွှေရည်ညွှန်းစျေးကို ပြည်သူတွေ သိရှိနိုင်ဖို့ ပြန်ကြားရေးဝန်ကြီးဌာနနဲ့ ချိတ်ဆက် ဆောင်ရွက်မှာဖြစ်ပြီး ကမ္ဘာ့ရွှေစျေးနှုန်း ထူးခြားစွာပြောင်းလဲခဲ့ပါကလည်း ရွှေရည်ညွှန်းစျေးကို အချိန်နဲ့တပြေးညီ ညှိနှိုင်းထုတ်ပြန်ပေးမှာဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီလိုပဲ ရွှေစျေးနှုန်း တည်ငြိမ်မှုမရှိစေဖို့ ရည်ရွယ်လုပ်ဆောင်မှုတွေကိုလည်း ဓာတ်သတ္တု (ရွှေ) ရည်ညွှန်းစျေးသတ်မှတ်ပြီး ကာကွယ်တားဆီးခြင်းအပြင် ရွှေနဲ့ ငွေကြေးစျေးကွက် စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေးလုပ်ငန်းကော်မတီနဲ့ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

ဒါအပြင် လိုအပ်ပါက မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်းချုပ်၊ ရန်ကုန်တိုင်း/မန္တလေးတိုင်း ရွှေလုပ်ငန်းရှင်များအသင်းအပြင် သက်ဆိုင်ရာအသင်းအဖွဲ့တွေ၊ ကျွမ်းကျင်ပညာရှင်တွေနဲ့ ညှိနှိုင်း ဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

ဒါနဲ့ပတ်သက်လို့ ရွှေလုပ်ငန်းရှင်တယောက်က “ သူတို့တွေ ဘယ်လိုလုပ်မယ်၊ ရွှေဈေးကို တကယ် ထိန်းနိုင်မှာလား ဆိုတာကတော့ ဒီအချိန်မှာတော့ အားလုံးက စောင့်ကြည့်နေကြတာပေါ့။ ဘယ်လောက်ထိ တိတိကျကျလုပ်မလဲ၊ ဘယ်လောက်ထိ တင်းတင်းကျပ်ကျပ်လုပ်မလဲ၊ အဲဒါတွေကို စောင့်ကြည့်နေကြပါတယ်။ အခုအချိန်ကတော့ ဒီထုတ်ပြန်ချက်တွေနဲ့ ပတ်သက်လို့ ပြောဖို့က စောလွန်းအားကြီးပါတယ်။ ဘာမှ မသိရသေးပါဘူး” လို့ ပြောပါတယ်။

လက်ရှိ ရွှေဈေးကွက်အတွင်းမှာ လေပက်ကားသမားတွေက တရုတ်ပြည် နယ်စပ်ဂိတ်တွေ ပိတ်တာကိုအကြောင်းပြုပြီး ဒေါ်လာဈေးကစားကာ ရွှေဈေးဆွဲတင်မှုတွေ ပြုလုပ်နေတဲ့အတွက် ရွှေဈေး၊ ဒေါ်လာဈေး ပြန်လည် မြင့်တက်မှုတွေ ဖြစ်ပေါ်‌နေပြီး ဒါနဲ့ပတ်သက်လို့ ရန်ကုန်တိုင်းရွှေအသင်း (YGEA) က ရွှေကို ထိန်းသိမ်းရောင်းဝယ်ကြဖို့ အောက်တိုဘာ ၂၄ ရက်နေ့မှာ ထုတ်ပြန် ပြောဆိုထားပါတယ်။

လက်ရှိမှာ ပြည်တွင်းက ပြင်ပရွှေဈေးကွက်အတွင်း အခေါက်ရွှေ တကျပ်သား ၆၆ သိန်းဝန်းကျင်ကို ရောက်ရှိနေပြီး အမေရိကန်ဒေါ်လာဈေးကတော့ တဒေါ်လာ ကျပ် ၄၆၀၀ ကျော်ဝန်းကျင်ဈေး ဖြစ်ပေါ်နေကာ ကမ္ဘာ့ရွှေဈေးကတော့ တအောင်စ ၂၇၄၈ ဒေါ်လာမှာ ရှိနေပါတယ်။

Photo:CJ

Related posts

Leave a Comment

VOM News

FREE
VIEW