ဆီဆိုင်နဲ့ ဟိုပုံးမှာ ဆန်ထောက်ပံ့မှု ပြည်သူတွေအပြည့်အ၀မရဘဲ ရပ်ကွက်လူကြီးတွေက ရောင်းစားနေ

ZY(VOM)
အောက်တိုဘာ ၃၀၊ ၂၀၂၄
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်နဲ့ ဟိုပုံးမြို့နယ်မှာ နစကက ပြည်သူလူထုတွေကို ဖြန့်ဝေပေးဖို့ ထောက်ပံ့ပေးထားတဲ့ ဆန်တွေကို ရပ်ကွက်လူကြီးတွေကို ပြည်သူတွေကို မဝေပေးဘဲ ပြင်ပကိုရောင်းစားနေကြတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။
ဆီဆိုင်မြို့နဲ့ ဟိုပုံးမြို့ရှိ ရပ်ကွက်တွေအတွင်းမှာ စစ်ဘေးနဲ့ ရေဘေးဒုက္ခရောက်သူတွေအတွက် နစကမှ ထောက်ပံ့လာတဲ့ ဆန်တွေကို အခုအောက်တိုဘာလ၊ နောက်ဆုံးပါတ်အတွင်း လှည့်လည်ဖြန့်ဝေပေး နေပေမယ့် အပြည့်အဝမပေးသလို လုံးဝ မရရှိသူတွေလည်း ရှိနေပြီး ရပ်ကွက်လူကြီးတွေက ပြင်ပကို ရောင်းချနေကြတယ်လို့ ဆိုပါတယ်။
“လုံးဝမရတဲ့သူတွေလည်း ရှိတယ်၊ သူတို့နဲ့ အဆင်ပြေတဲ့သူတွေကိုပဲ ပေးတာများတယ်။ အဲဒီဆန်တွေကို ဒီရပ်ကွက်ထဲမှာပဲ ရောင်းရင် လူသိမှာစိုးလို့ တခြားရပ်ကွက်တွေ၊ မြို့တွေကို သွားရောင်းနေကြတာ။ ပြင်ပက အလှူရှင်တွေ လာလှူတာတွေကိုလည်း သူတို့ဆွေမျိုးတွေဝေပြီးမှ တကယ်ဒုက္ခရောက်သူတွေက ရတာ”လို့ သတင်းရင်းမြစ်တယောက်က VOMကို ပြောပါတယ်။
အဲဒီဆန်တွေကို ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ အဖွဲ့ဝင်တွေက တအိတ်ကို ၉သောင်းကျပ်နှုန်းနဲ့ ပြန်လည် ရောင်းချနေကြတာဖြစ်ပြီး ရောင်းချလို့ရရှိလာတဲ့ ငွေကြေးတွေကိုလည်း ရပ်ကွက်သာရေးနာရေးအတွက် သုံးတာမျိုးမရှိဘဲ ကိုယ်ကျိုးအတွက် ခွဲဝေယူနေကြတာဖြစ်တယ်လို့ သိရပါတယ်။
“ရပ်ကွက်အုပ်ကြီးကိုယ်တိုင် ဘယ်အိမ်၊ ဘယ်ဂိုဒေါင်ကိုသွားပို့လိုက်ပါဆိုပြီး ပြောတော့ သွားချရတာပဲ။ ယာယီသိမ်းတာလို့ပဲ ထင်နေတာ။ ပြီးတော့မှ အဲဒီဆန်အိတ်တွေကို အဲဒီတံဆိပ်အတိုင်း ဆန်ဆိုင်မှာ ပေါ်တင်ရောင်းတော့မှ ရောင်းစားတာဆိုပြီး သိရတာ။ ဘယ်သူကတော့ တိုင်ရဲမလဲ၊ တိုင်ရင်လည်း ဘယ်သူက တိုင်လိုက်တာဆိုပြီး တန်းသိမှာပဲလေ”လို့ ဒေသခံတယောက်က VOMကို ပြောပါတယ်။
ဒါ့အပြင် တိုက်ပွဲတွေကြောင့် ပျက်စီးသွားတဲ့ ဆီဆိုင်မြို့တွင်းက နေအိမ်တွေကို နစကလက်အောက်ရှိ လူကယ်ပြန်မှ လုံးဝပျက်စီးသွားတဲ့အိမ်တွေကို ်အိမ် ၁၀ သိန်းကျပ်၊ ပျက်စီးမှုအတန်အသင့်ရှိတဲ့ နေအိမ်တွေကို တအိမ် ခုနှစ် သိန်းကျပ်၊ ထိခိုက်ပျက်စီးမှုနည်းတဲ့ နေအိမ်တွေကို တအိမ် ငါးသိန်း စသဖြင့် ထောက်ပံ့ပေးနေပေမယ့် အပြည့်အဝမရရှိနေဘူးလို့လည်း သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW