မဏ္ဍပ်၊ ကရဝိက်ဖောင် နှင့် ဖလားစုံ ကွမ်းအစ်

 

 

ဆူးငှက်

 

ကျွန်တော် ငယ်စဉ်ကတည်းက  အဖေနှင့် လိုက်ကာ ဆိုင်းတွေ အငြိမ့်တွေ ဇာတ်တွေ ကြည့်နေလို့ ဆိုင်းဆရာ ဖြစ်ချင်တာလား၊ လူပြက်ဖြစ်ချင်တာလား၊ ဇာတ်မင်းသား ဖြစ်ချင်တာလား ဆိုသည်ကို အခုပြန်စဉ်းစားတော့ တစ်ခုမှ မဟုတ်။ တကယ်တော့ အိမ်နှင့် အိမ်ဝန်းကျင်မှာ ရွယ်တူ ကစားဖော်မရှိဘဲ နိစ္စဓူ၀ ဒီလူကြီးတွေအနားပဲ လူကြီးစကားတွေချည်း နားထောင်နေရလို့ အပြင်ကို လူအများကြား နေလိုခြင်း သွားလိုခြင်း ကြားလိုခြင်း ဖြစ်ပေမည်။ သို့သော် တစ်ခုတော့ ရှိသည်။ ငယ်စဉ်က ဝါသနာပါသည်က ပန်းချီ ပုံဆွဲ ဖြစ်လိမ့်မည်။ အင်း… ဒါလည်း သိပ်မရေရာလှပေ။ သတိထားမိတာ တစ်ခုကတော့ ကျွန်တော်တို့ နေအိမ်တည်ရှိရာ ဝင်း၏ မြောက်ဘက်ကပ်လျှက် ဘုန်းကြီးကျောင်းတိုက်ရှိသည်။ ဒက္ခိဏဝံကျောင်းတိုက်ဟု ကမ္ပည်းတင်သည်။

 

ဒက္ခိဏဝံကျောင်းထဲက အလှူများ မကြာခဏ ရှိသည်။ ထိုစဉ်က အလှူများမှာ မဏ္ဍပ်ကြီး ထိုး၍ လှူကြခြင်းဖြစ်သည်။ အများဆုံးလှူကြတာက ဆရာတော်ဦးပဏ္ဏဝံကျောင်းမှာ ဖြစ်သည်။ ကိုယ်စာသင်သော ကျောင်းရှေ့ ကန်တော့ပွဲထိုး၍ မဏ္ဍပ်တိုင်ထူလျှင် ပျော်နေပါပြီ။ နောက် ၂ရက်သုံးရက်နေလျှင် မဏ္ဍပ်လာဆင်တော့မည်။ ထိုအခါ မဏ္ဍပ်တိုင်ထူ အဖြူထည်ဆောက်သည်မှ အစ ကျွန်တော် ထိုင်ကြည့်သည်။ အထူးသဖြင့် အသင့်ပြုလုပ်ထားသော မြန်မာမှု မဏ္ဍပ်ထည်တွေ ဆင်တာကို သဘောကျသည်။ ဘယ်အထည်ကို ဘယ်နေရာမှာ ဘယ်လိုဆင်သလဲဆိုတာ ကြည့်ရုံမက မှတ်သည်။ နောက် ကြည့်ဖန်များတော့ မှတ်မိနေသည်။ အထူးသဖြင့် အပေါ်မုခ် ဆင်ပြီးလျှင် ပြာသာဒ်ဆင်တော့မှာမို့ အောက်မှာ ပြာသာဒ်ဘုံတွေကို သူ့အပိုင်းနှင့် သူဆင့်တင်ပြီဆိုလျှင် အနားကပ်ကာကြည့်သည်။

 

သည်နေရာတွင် မန္တလေးက မဏ္ဍပ်များ ဆင်ပုံ ထုံးစံစံနစ်ကို ပြောပါဦးမည်။ မင်္ဂလာဆောင်မဏ္ဍပ်ဆိုလျှင် အပေါ်မှာ မုခ်ဦးဆောင်ပဲ ထည့်သည်။ အလှူမဏ္ဍပ်ဆိုလျှင် မုခ်ဦးဆောင်သာမက ဘုံ၇ဆင့် ပြာသာဒ်ပါ ထည့်သည်။ အလှူမဏ္ဍပ်သာမက ဘာသာရေးနှင့် ပတ်သက်သော ဘုရားပွဲမဏ္ဍပ် တရားပွဲမဏ္ဍပ် နှင့် ယုတ်စွအဆုံး ဘုန်းကြီးပျံ စံကျောင်း မဏ္ဍပ်အထိ ပြာသာဒ် ထည့်သည်။ ကျွန်တော်က ဘာရယ်မသိ ငယ်စဉ်ကတည်းက ထိုအပြင်အဆင်များကို စိတ်ဝင်စားသည်။ ထို့ကြောင့် ဒက္ခိဏဝံ ကျောင်းဝင်းနှင့် အနီးအနားကျောင်းတွေမှာ မဏ္ဍပ်ထိုးပြီဆိုလျှင် တမေ့တမော ထိုင်ကြည့်သည်။ နောက်တော့ ကြည့်ဖန်များလာ၍ မဏ္ဍပ်ထည်တွေလာချ ကတည်းက ဘယ်သူ့ မဏ္ဍပ်ပဲဆိုတာ အလွတ်ရလာ၏။ တိုင်ဆင်း လင်းနို့တောင်က ဟင်္သာဆိုရင် ဆရာနွဲ့၊ နယားဆိုရင် ဆရာကြွယ်၊ ကနုတ်ဆိုလျှင် ဦးပေါများ၊ နဂါးဆိုလျှင် ဦးဉာဏ်တင်၊ ဒေါင်းဆိုလျှင် ဦးအုန်းမောင် စသည်ဖြင့် ဖြစ်သည်။

 

ထိုမျှမက ဘုန်းကြီးပျံဆိုလျှင် ၃တန်လော်ရီကားကြီးနှင့် ကရဝိက်ဖောင်ကို ဆင်သည်။ ထို ကရဝိတ်ဖောင်၏ ဦးခေါင်းအချိုးတွေကိုလည်း စိတ်ဝင်တစား ကြည့်သည်။ မန္တလေးမဏ္ဍပ်ဆရာများ၏ ကရဝိက်ဖောင်များက အလွန် အချိုးကျ၏။ ခေါင်းပိုင်း အချိုးတွေက ကြော့နေအောင်လှသည်။ ထို့ပြင် တောင်ပံ၂ဖက် ဝမ်းပိုက်နှင့် အမြီး အကော့တွေ ကလည်း အချိုးုကျ လိုက်ဖက်သည်။ ထိုမျှမကအပေါ်က ပြာသာဒ်ဆောင်ကလည်း မဏ္ဍပ်ဆရာ တစ်ဦးချင်းစီအလိုက် သူ့ဟန်သူ့မူနှင့်ရှိသည်။ ထိုကရဝိတ်ဖောင်ပုံစံအမျိုးမျိုးကို မျက်တောင်မခတ် ကြည့်ရဖန်များတော့ အလွတ်ပင်ရနေကာ ပြက္ခဒိန်ဟောင်းနောက်ကျော စာမျက်နှာတွင် ကောက်ကြောင်းကို အလွတ်ချ၍ ရေးဆွဲနိုင်ခဲ့သည်။

 

ဇာတ်ကြည့်တယ်ဆိုတာမှာလည်း ဇာတ်၏ အဆို အက ဇာတ်လမ်း ဇာတ်ကွက်သာမက ဇာတ်ခုံ အပြင်အဆင် ဇာတ်ဝင်ခန်း ဆက်တင်များကိုလည်း သဘောကျသည်။ ငယ်စဉ်က အိမ်ဘေးမှာ ကစားသည့် ကစားနည်းတစ်ခုမှာ ဇာတ်ခုံဆောက်ခြင်းဖြစ်သည်။ ဒီကစားနည်းက အဖော်မလို တစ်ယောက်တည်း ကိုယ့်စိတ်ကူးနှင့် ကိုယ် ကစားနိုင်သည်။ ကျွန်တော်ကစားသော ဇာတ်စင်က နဖူးစည်းနှင့် တိုင်ဖုံးနှင့် ပုဏ္ဏားကွယ်နှင့် ပြည်ဖုံးကားနှင့် နန်းကားနှင့် တောကားနှင့် မြို့ကားနှင့် အပြည့်အစုံပါသည်။ ပြည်ဖုံးကားမှာလည်း ရင်ကွဲအဖွင့်ရော အပေါ်လိပ်တင် အဖွင့်ရော အင်္ဂါစုံသည်။ ဒါမျှမက နောက်က ပိတ်ကားဖြူနှင့် ဆလိုက်နှင့် ပါသေးသည်။ ကျွန်တော် ဇာတ်ခုံဆောက်တမ်းကစားလျှင် အဘ၏ ခေါင်းပေါင်းပုဝါ အဟောင်းတွေ အမေ့ ကတ္တီပါလုံချည် အဟောင်းတွေကတော့ တစ်စစီဖြစ်ပြီပေါ့။ ကားလိပ်တွေအပြင် သစ်ပင် အိမ် ပလ္လင် နန်းတော် မြစ်ကမ်းစသည့် ဆက်တင်ကားချပ်များလည်း ဆင်ထားသေး၏။

 

တစ်နှစ်တင်က ဂျပ်စက္ကူအထူကို ဆေးခြယ် တိမ်တောင်များအဖြစ် ဂွမ်းတွေကပ် စီးကရက်ဘူးထဲက ရွှေရောင် ငွေရောင် စက္ကူများနှင့် မြတ်စွာဘုရား တာဝတိံသာက ကြွချီခန်းကို ကထိန်ညှပ်မကြီး နောက်ခံကဲ့သို့ ပြုလုပ်ဖူးသည်။ ဘယ်ရမလဲ ဘုရားနှင့် နတ်သားတွေပုံ မဆွဲတတ်တော့ အလှူဖိတ်စာဟောင်းထဲက ပုံတွေ ညှပ်ပြီး ကပ်လိုက်တာပေါ့။ ကိုင်း ငယ်ငယ်က တောက်တိုမယ်ရ ဝါသနာပါတာတွေရှိခဲ့ပေမယ့် အခုကြီးတော့ ထိုဝါသနာ ပါတာတွေကို ဖြစ်မြောက်အောင် မလုပ်နိုင်ခဲ့ပေ။ အကယ်၍ ဖြစ်မြောက်အောင် လုပ်ဆောင်နိုင်ခဲ့ပါမူ ယခုလို အိုစာမင်းစာ အတွက် ပူပန်ရသော ဘာမဟုတ်သည့် စာရေးဆရာမဟုတ်ခဲ့ပဲ တပည့်တပန်းများနှင့် ရှေ့ရေးမပူပင်ရသည့် မြန်မာမှုပညာရှင် အဖြစ် အိမ်ဦးခန်းတွင် ရုပ်စုံ ဖလားစုံ ကွမ်းအစ်ကြီး ဘေးချကာ စမတ်ကျကျ စီမံခန့်ခွဲနေရလောက်ပြီ။

 

ဆူးငှက်

 

#voiceofmyanmar #VOM #ဆူးငှက် # မဏ္ဍပ်၊ကရဝိက်ဖောင်နှင့်ဖလားစုံကွမ်းအစ်

Related posts

Leave a Comment

VOM News

FREE
VIEW