မတ် ၆ – ၂၀၂၅
SN (VOM)
ပြည်ပအလုပ်သမား သက်သေခံကတ် (OWIC-Oversea Workers Identity Card) ပိတ်ထားမှုကြောင့် ပြည်ပ ခွင့်ပြန်အလုပ်သမားတွေ အခက်တွေ့နေရတယ်လို့ ကိုယ်တွေ့ ကြုံနေရသူတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ ၁၈ ရက်နေ့ကစပြီး အလုပ်အကိုင်ပတ်စ်ပို့ (Passport for Job – PJ) သမားတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ ပြည်ပအလုပ်အကိုင် အလုပ်သမား သက်သေခံကတ် (Overseas Worker Identification Card – OWIC) ကတ် ရိုက်ပေးခြင်း လုပ်ငန်းကို ယာယီ ရပ်နားလိုက်တာ ဖြစ်ပါတယ်။
လက်ရှိမှာ OWIC ကတ် ထုတ်ပေးတဲ့ လုပ်ငန်းစဥ်ကို ရပ်ထားတာဟာ နှစ်ပတ်ကျော် ရှိလာခဲ့ပြီဖြစ်တာကြောင့် သက်ဆိုင်ရာ နိုင်ငံတွေက လုပ်ငန်းခွင်တွေဆီ ပြန်လည် ဝင်ရောက်ဖို့ ပြင်ဆင်ထားသူတွေ အနေနဲ့ နစ်နာဆုံးရူံးမှုတွေနဲ့ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။
“မြန်မာပြည်ကို တလ အလည်ပြန်လာတာ။ ဒီလ ၅ ရက်နေ့ ပြန်ထွက်ရမှာ။ ဒီကိုလာဖို့ လေယာဉ်လက်မှတ်က အသွား၊ အပြန် ဖြတ်ထားတာ။ အခုတော့ လေယာဉ်လက်မှတ်ဖိုး ဆုံးရတဲ့အပြင် အလုပ်ပါ ပြုတ်ရတော့မယ်။ ဟိုဘက်က သူဋ္ဌေးကိုတော့ နားလည်အောင် ပြောထားပေမယ့် ဒီထက်ကြာရင်တော့ သူဋ္ဌေးက စောင့်နေမှာမဟုတ်တော့ဘူး။ ပြည်ပမှာ အလုပ်တခုရဖို့ ဆိုတာက လွယ်တာမဟုတ်ဘူးလေ။ စိတ်မော၊ လူမောနဲ့ ဘာလုပ်ရမှန်း မသိတော့ဘူး” လို့ ကိုယ်တွေ့ကြုံနေရသူ တယောက်က ပြောပါတယ်။
အလုပ်သမားတွေ အနေနဲ့ သွားရောက်မယ့် နိုင်ငံပေါ် မူတည်ပြီး လေယာဥ်ခ အနည်းဆုံး ကျပ် ၁၀ သိန်းအထက် ကုန်ကျတဲ့အတွက် ဆုံးရှုံးမှုတွေ ရှိနေသလို ကာလရှည် နေထိုင်ခွင့်လက်မှတ် (COE) သက်တမ်း၊ Work Permit သက်တမ်း၊ Calling Visa သက်တမ်း ကုန်ဆုံးမှုတွေပါ ရှိနေတဲ့အတွက် နစ်နာမှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။
“OWIC ကတ် ရိုက်ပေးတာက ဘယ်နေ့ပြန်ဖွင့်မယ် ဆိုတာလည်း မသေချာတော့ လေယာဉ်လက်မှတ်လည်း ချိန်းမရနဲ့ ဘာမှ လုပ်မရဘူး။ ကတ်သက်တမ်း ကျန်နေတဲ့ သူတွေကတော့ သွားလို့ရတယ်ပြောတယ်။ သက်တမ်းတိုးမယ့်သူတွေသာ ပြန်ထွက်မရ ဖြစ်နေတာ။ ဒါပေမယ့် သွားလို့ရတဲ့သူတွေကိုလည်း သေချာ စိစစ်ပြီးမှ ပြန်လွှတ်တယ် ပြောတာပဲ။ သက်တမ်းတိုး ပြန်လုပ်ရမယ့် သူတွေကတော့ ဘာမှ မရေရာဘူး။ ဘယ်တော့ ပြန်ထွက်ရမယ် မသိသေးဘူး။ ခွင့်ရက်က ပြည့်နေပြီ။ သူဋ္ဌေးကိုတော့ တပတ် ခွင့်ထပ်တိုင်ထားတယ်။ ဒါပေမယ့် ဒီအတောအတွင်း OWIC ကတ် ရိုက်ပေးတာ ပြန်မဖွင့်ရင်တော့ အားလုံး အဆုံးပေါ့။ လုပ်ငန်းခွင် ဝင်ရမယ့်ရက် မရောက်နိုင်ရင်တော့ OWIC ကတ် ပြန်ဖွင့်ပေးရင်တောင် ဟိုကအလုပ်ကို ပြန်ရဖို့က မသေချာတော့ဘူး” လို့ ပြည်ပနိုင်ငံကနေ ခွင့်ပြန်လာသူ တယောက်က ပြောပါတယ်။
အခုလို ပြည်ပလုပ်သား စေလွှတ်ရေး လုပ်ငန်းစဉ်အတွက် လိုအပ်တဲ့ လုပ်ငန်းစဉ်တခုကို ပိတ်ထားတဲ့အတွက် ပြည်ပလုပ်သား စေလွှတ်နေတဲ့ လိုင်စင်ရ အေဂျင်စီတွေအနေနဲ့ အခက်အခဲတွေ ဖြစ်ပေါ်နေတယ်လို့လည်း သိရပါတယ်။
“သတ်မှတ်ရက်အတွင်း ကျွန်တော်တို့ဆီက အလုပ်သမား မပို့နိုင်ရင် အလုပ်ခေါ်စာ (Demand) ပယ်ဖျက်ခံရမှာ။ အလုပ်သမားအတွက်ရော၊ အေဂျင်စီအတွက်ရော ဆုံးရှုံးနစ်နာမှုတွေ တသီတတန်းကြီး လိုက်လာနိုင်တယ်။ အလုပ်သမားစေလွှတ်ဖို့ ကြိုတင်ငွေ ရယူထားတဲ့ အေဂျင်စီတွေအနေနဲ့ ငွေကြေး အငြင်းပွားမှု ပြဿနာတွေ ဖြစ်လာနိုင်တယ်။ ဒီ OWIC ကတ်ကိစ္စကို ဝန်ကြီးဌာနဘက်ကို မေးကြည့်တော့လည်း ဘာမှ ရှင်းရှင်းလင်းလင်း မသိရသေးဘူး။ သူတို့က ယာယီလို့သာပြောတာ။ အခုဆို နှစ်ပတ်ကျော်လာပြီ။ ဘယ်တော့ ပြန်ဖွင့်မယ်ဆိုတာကို အတိအကျ မပြောသေးဘူး” လို့ ပြည်ပအလုပ်အကိုင် အေဂျင်စီလုပ်ငန်း လုပ်ကိုင်သူတယောက်က ပြောပါတယ်။
အလုပ်သမားဝန်ကြီးအသစ် ဦးချစ်ဆွေက လက်ရှိ နိုင်ငံရဲ့ အခြေအနေအရ ပြည်ပကို အလုပ်သမားတွေ သွားရောက်မှုမှာ အရေအတွက်အားဖြင့် အလွန်များပြားနေပြီး ပြည်ပထွက်ခွာတဲ့ လုပ်ငန်းစဉ်မှာလည်း အလွန်မြန်ဆန်နေတာကြောင့် ပြည်ပထွက်မယ့် အလုပ်သမားအရေအတွက် လျှော့ချပြီး လုပ်ငန်းစဉ်တွေကို ပိုမိုစိစစ်သွားမှာ ဖြစ်တယ်လို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ပြည်ပအလုပ်အကိုင် အေဂျင်စီတွေနဲ့ တွေ့ဆုံစဉ်မှာ ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။
Photo – CJ