ဗန်းမော်မှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး လိုင်ဇာအနီး အသေခံဒရုန်းနဲ့ ဗုံးကြဲ

မတ် ၁၂၊ ၂၀၂၅
Shy V (VOM)
ဗန်းမော်မှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး လိုင်ဇာအနီးဘက်လည်း မတ်လ ၁၂ ရက်နေ့ မနက် အစောပိုင်း အသေခံ ဒရုန်းနဲ့ ဗုံးလာကြဲခံရကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“လိုင်ဇာက အသေခံ ဒရုန်း တစင်းလာကျတယ်။ တောင်ပေါ်တက်သွားတဲ့လမ်း အပေါ်ဘက်ကျတာ။ အထိအခိုက်တော့ မရှိဘူး။ ဗန်းမော်ဘက် တိုက်ပွဲ ပြင်းထန်လို့ ထင်တယ်။” လို့ ဒေသခံ တယောက်က ပြောပါတယ်။
ကနေ့ မတ်လ ၁၂ ရက်နေ့ မနက် ၁ နာရီ ၄၀ မိနစ်ခန့်က လိုင်ဇာအနီး အသေခံ ဒရုန်း တစင်း သစ်ပင်ပေါ် လာကျတာဖြစ်ပြီး အဲဒီနားနဲ့ နီးတဲ့ ဒေသခံ တယောက်ရဲ့ နေအိမ် မှန်တွေကွဲကုန်တယ်၊ လူ အထိအခိုက် မရှိဘူးလို့ သူက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ဒီဇင်ဘာလ ကနေ ဒီနေ့ မတ်လ ၁၂ ရက်နေ့ အထိ နစက တပ်ဖွဲ့ဘက်က လိုင်ဇာ အနီးဝန်းကျင်ကို အသေခံဒရုန်းနဲ့ ငါးကြိမ် ပစ်ခတ်ခဲ့ပြီ ဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“ဗန်းမော်မှာ တိုက်ပွဲ ပြင်းထန်နေဆဲပဲ။ မတ်လ ၁၁ ရက်နေ့ မနက်ပိုင်းလည်း နစက ဘက်က ဒရုန်း နှစ်စင်းထပ်ပစ်ချ ခံရတယ်လို့ ကြားတယ်။ မနေ့ညထိ ဗန်းမော်မြို့မှာလည်း မီးလောင်နေတာ အဝေးကနေ တွေ့နေရတယ်။” လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။
အခု မတ်လ ၈ ရက်နေ့နဲ့ ၉ ရက်နေ့ တိုက်ပွဲ ၂ ရက်အတွင်း KIA နဲ့ ပူးပေါင်း တော်လှန်ရေး တပ်ဖွဲ့က နစက တပ်ဖွဲ့ရဲ့ ဒရုန်းတချို့ ပစ်ချနိုင်ခဲ့ပြီး ကာကင်း စခန်း တချို့ သိမ်းပိုက်ရရှိထားတယ်လို့ သိရတယ် ဆိုပါတယ်။
နစက တပ်ဖွဲ့နဲ့ နီးစပ်သူ တယောက်ကတော့ ဗန်းမော်မှာ ဒရုန်း ၉ စင်း ပစ်ချ ခံခဲ့ရပြီး စပခ – ၂ ထဲလည်း တိုက်ပွဲ ပြင်းထန်နေကာ ဗန်းမော် တက္ကသိုလ် နဲ့ ခလရ – ၄၇ ဘက်တွေမှာ နစက တပ်ဖွဲ့ တွေ ပိတ်မိနေကြောင်း မတ်လ ၁၀ ရက်နေ့ ပြောပါတယ်။
ဗန်းမော်မြို့ရှိ နစက တပ်စခန်းတွေကို KIA နဲ့ ပူးပေါင်း တပ်ဖွဲ့တွေက ပြီးခဲ့တဲ့ ၂၀၂၄ ဒီဇင်ဘာလ ကစ ထိုးစစ်ဆင် တိုက်ခိုက်နေတာ ဖြစ်ပါတယ်။
Photo Crd# ဒေသခံ

Related posts

Leave a Comment

VOM News

FREE
VIEW