ငြိမ်းချမ်းရေးနှင့်ပြည်ထောင်စုသင်္ကြန်

 

 

ဆူးငှက်

 

”ဂြီသက္ကရာဇ် တစ်ထောင်သုံးရာကိုးခု

နှစ်ပြာသိုလဆုတ်ကိုးရက်တနင်္ဂ

နွေနေ့အား ငါတို့မြန်မာပြည်လုံး

ဝ လွတ်လပ်က အချုပ်အချာအာဏာ

ပိုင် ပြည်ထောင်စုသမက မြန်မာနိုင်

ငံတော်ကြီးအဖြစ် ကောင်းစွာရောက်သတည်း”

 

ဤသို့ လွတ်လပ်ရေးကြေညာအပြီး တစ်နှစ်ကျော်အကြာ ၁၉၄၉ ခု မတ်လ ၁၁ ရက် ညနေ ၃ နာရီအချိန်မှာပင် ပြည်တွင်းစစ်ကြောင့် မန္တလေးသည် တိုင်းရင်းသားလက်နက်ကိုင်ကေအင်ဒီအိုတပ်များအောက်သို့ ကျရောက်ခဲ့ရသည်။ တစ်ပြည်လုံးအတိုင်းအတာအရလည်း ပြည်တွင်းစစ်မီးကတောက်လောင်နေ၏။ မန္တလေးမြို့၏ အုပ်ချုပ်ရေးရုံးအချို့၊ စစ်ကိုင်းသို့ ဆုတ်ခွာရုံးထိုင်ကြရသည်။ ဗိုလ်မှူးကြင်ဦးစီးသော မန္တလေးအခြေစိုက်အစိုးရတပ်ပေါင်းစုက စစ်ကိုင်းတွင်အင်အားပြန်လည်စုစည်းပြီး မန္တလေးမြို့သိမ်းတိုက်ပွဲဆင်နွှဲရပြန်သည်။ ၁၉၄၉ ခု ဧပြီ (၆)ရက်နေ့တွင် မန္တလေးကို ပြန်လည်ရရှိခဲ့သည်။

 

ဗိုလ်မှူးကြင်၊ ဗိုလ်မှူးအေးမောင်၊ ဗိုလ်မှူးထွန်းစိန်အစရှိသော တပ်မှူးများဦးဆောင်သည့် တပ်ပေါင်းစုက မန္တလေးကို ပြန်လည်အုပ်စီး ခဲ့သည်။ မြို့သိမ်းတပ်၏ရှေ့တန်းကွပ်ကဲရုံးက လက်ဆည်ကန်အရပ်ရှိ နဂါးဒေါ်ဦးတိုက်၌ ဖွင့်လှစ်ထားရသည်။ ဧပြီ ၈ ရက်နေ့တွင် မန္တလေးမြို့ သိမ်းအခမ်းအနားကြီးကျင်းပခဲ့၏။ နံနက် (၇)နာရီတွင် မန္တလေးစစ်ရဲဌာနချုပ်၌ တပ်ပေါင်းစုံစုရုံးပြီး (၈)နာရီထိုးသည်နှင့် စည်တော်ကြီးရွမ်းကာ ရဟန်းသံဃာများနှင့် မြို့သိမ်းတပ်က တပ်အခမ်းအနားဖြင့် ချီတက်သည်။ ချီတက်ရာလမ်းတစ်လျှောက် လွတ်လပ်သောပြည်ထောင်စုမြန်မာ နိုင်ငံတော်အလံက ကြယ်ငါးပွင့်နှင့်အတူ ရဲရဲနီနေသည်။ ပရိသတ်များကား လမ်းဘေးတစ်ဖက်တစ်ချက်တိုးမပေါက်ခဲ့….။ ဧပြီ (၈) ရက်ဆိုတော့ မကြာမီရက်ပိုင်းအတွင်း၌ပင် သင်္ကြန်ကျတော့မည်။ မြို့လူထုနှင့်အေးအတူပူအမျှရင်အုပ်မကွာရှိခဲ့သော မြို့မတူရိယာအသင်းကလည်း တပ်ပေါင်းစုံနှင့်အတူ လိုက်ပါလာကာ အေဝမ်းဆရာညှာ၏ ‘ပြည်တော်ဝင်’ သီချင်းကို မြိုင်မြိုင်ဆိုင်ဆိုင်တီးမှုတ်ခဲ့သည်ဆို၏။ တစ်ကြော့ပြန် ‘ပြည်တော်ဝင်’….

 

”မေ့မေ့ပျောက်ပျောက်….၊ အောက်မေ့လို့နေ

တိုက်တာအိမ်ခြေ၊ စည်းစိမ်ရှင်တွေ

လူကြံရင်ခံနိုင်ဘူး၊ အထူးပင်မှတ်ကြစေ

အရင်လိုပျော်ပျော်ရွှင်ရွှင်နေ .. မြို့မအသင်းကပြောမလေ …” တဲ့။

 

မည်သို့ပင် ‘အရင်လိုပျော်ပျော်ရွှင်ရွှင်နေကြပါ။ တက်ခေတ်လူငယ်များအားအင်တောင့်တင်းခိုင်မာပါစေ’ ဟုဆိုငြား …၊ ကိုယ်ကျိုး အတ္တများဖြင့် ဒေါသတကြီးလောင်မြိုက်ခဲ့သော ပြည်တွင်းစစ်မီးကြီးက အရှိန်မသတ်နိုင်သေး ….။ ၁၉၅ဝ ခုနှစ်ဝန်းကျင်ကာလအထိ မန္တလေး အနီးတစ်ဝိုက်မှာပင် တံတားဦးမှာ၊ ကျောက်ဆည်မှာ၊ မတ္တရာမှာ၊ ပြင်ဦးလွင်လမ်း ၂၁ မိုင်မှာ ….စသည်ဖြင့် တိုက်ပွဲတွေကျိုးကျားဖြစ်နေဆဲပင်။ တပ်မင်းဗိုလ်မှူးကြီးချစ်မြိုင်၏ တပ်မဟာ (၆)က မန္တလေးနန်းတွင်းမှာ အခြေစိုက်သည်။ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး တန်ယုဆိုင်နှင့် ဒုတပ်ရင်းမှူး ဗိုလ်မှူးချစ်ခိုင်တို့၏ ခလရ (၈)ကလည်း နန်းတွင်း၌ပင် တပ်ထိုင်ကာ မုံရွာ၊ ယင်းမာပင်၊ ရွှေဘို၊ ကျောက်မြောင်းနှင့် တံတားဦး၊ ကျောက်ဆည်၊ မြင်းခြံတြိဂံနယ်မြေသို့ စစ်ဆင်သည်။ လွတ်လပ်ရေးရပြီး ၂ နှစ်ကျော်ကြာသော်လည်း မအေးချမ်းနိုင်သေး…..။ ညရေးညတာခေါင်းပြားအောင် မအိပ်နိုင်သေး…။ ကောင်းရောင်းကောင်းဝယ်မလုပ်နိုင်သေး ….။ လက်နက်အားကိုးဖြင့် ကိုယ်နှင့်မတူ ကိုယ့်ရန်သူ ဟူသော စိတ်ယုတ်ကို မပယ်ဖျောက်နိုင်သေး….။ တစ်တိုင်းပြည်လုံးလူများစု၏ ဆန္ဒက ‘ငြိမ်းချမ်းရေး’ ဖြစ်နေကြသည်။ ဆရာကြီးသခင် ကိုယ်တော်မှိုင်းဦးဆောင်ကာ ‘ငြိမ်းချမ်းရေး’ အတွက် ဘက်ပေါင်းစုံတွင် ညှိနှိုင်းတောင်းဆိုနေကြပြီ။ သို့သော် …. ကျွဲပါးစောင်းတီး။

 

‘ငြိမ်းချမ်းရေး’ ဆန္ဒဒီရေက နေ့စဉ်လို စက္ကန့်မလပ်မို့ ရိုးရာသင်္ကြန်ပွဲတော်ကြီး၌ပင် ‘ငြိမ်းချမ်းရေး’ လွှမ်းခြုံနေသည်။ ၁၉၅ဝ ခု (ကောဇာသက္ကရာဇ် ၁၃၁၁ ခုမှ ၁၃၁၂ ခုနှစ်အကူး) သင်္ကြန်ကို မန္တလေးမှာ ‘ငြိမ်းချမ်းရေး’ သင်္ကြန်ဟု ကမ္ပည်းတင်သည်။ ထိုစဉ်က နိုင်ငံတော် သမ္မတကြီး စပ်ရွှေသိုက်ကိုယ်တိုင်ပါဝင်ဆင်နွှဲကြ၏။ သို့သော် ထိုနှစ်ကထူးထူးခြားခြား မန္တလေးမြို့မအသင်းသားတွေက ရန်ကုန်သင်္ကြန်၌ ဆင်နွှဲကြ၏။ရန်ကုန်ရောက် ‘မန္တလေးမြန်မာကုန်သည်များအသင်း’ ၏အစီအစဉ်ဖြင့် ‘ရွှေမန်းရေယာဉ်’ ဟုအမည်ပေးကာ ငွေငန်းရုပ်အလှဆင် ရေသဘင်ကားကြီးဆင်သည်။ ထို့နောက် ရုပ်ရှင်နောက်ခံဂီတအသံသွင်းရန်ကိစ္စအတွက် ရန်ကုန်ရောက်နေသော ဆရာမြို့မငြိမ်းကိုယ်တိုင် ‘ရွှေမန်းရေယာဉ်’ ဖြင့်လိုက်ပါပြီး သင်္ကြန်ပွဲဆင်နွှဲသည်။ မန္တလေးတွင်ရှိစဉ်ကာလတစ်လျှောက်လုံး မြို့မငွေငန်းယာဉ်ပေါ်တွင်လိုက်ပါလေ့မရှိသော ဆရာမြို့မငြိမ်းက ရန်ကုန်သင်္ကြန်တွင် ကိုယ်တိုင်ပါဝင်ဆင်နွှဲသဖြင့် ထူးခြားနေသည်။ ‘ရွှေမန်းရေယာဉ်’တွင် ၁၉၄၇ ခုနှစ်က ရေးစပ်ခဲ့သော ‘ရွှေမန်းတောင်ရိပ်ခို’ သီချင်းကို ၁၉၅ဝ ခုနှစ် ရန်ကုန်သင်္ကြန်၌ ဆရာမြို့မငြိမ်းကိုယ်တိုင် ပြန်လည်သစ်ဆန်းခဲ့သောအခါ အထူးနှစ်သက် ခဲ့ကြသည်။ နာမည်ကျော် ဘီဒီဘရားသားအုပ်စုကလည်း ထိုနှစ်တွင် ထိုသီချင်းကို တက်ယူပြီး သူတို့၏ကော်ဖီကြော်ငြာရုပ်ရှင်ကားပိုင်းတို၏ သင်္ကြန်အစီအစဉ်နောက်ခံသီချင်းအဖြစ် ကိုအံ့ကြီးက သီဆိုအသံသွင်းခဲ့၏။ ဘီဒီဘရားသားတီးဝိုင်း၏ ဧည့်ခံပွဲတိုင်း ထိုသီချင်းကခေတ်စား ခဲ့သည်။ ‘ရွှေမန်းတော်ရိပ်ခို’ အပြင် သီချင်းသစ်အဖြစ် ဆရာမြို့မငြိမ်းက ‘ငြိမ်းချမ်းရေးရေသဘင်’ သီချင်းကို ရေးစပ်ခဲ့သည်။ သမိုင်းနောက်ခံဖြင့် ထင်ရှားစေခဲ့သော သီချင်းဟုဆိုသော်လွန်အံ့မထင် ….၊ နားဆင်ကြည့်ကြပါဦး။

 

”(သဘာဝရွှင်မြူး၊ နှစ်ကူးဗမာ့(မြန်မာ့) ရေသဘင်

ခါရေစင်လန်းကြည်ရွှင် အေးစေချင် ချမ်းတယ်ခင်

စိမ့်စိမ့်ချမ်းချမ်း … အေးအေးလောင်းပေ

လောင်းလေအေးလေ၊ အေးလေလောင်းလေတွေမို့

ချစ်မိတ်ဆွေဖြစ်ကြောင်း အခွင့်ကောင်းကြုံလို့ပင်)၂

(ရွှေဂုန်သူမို့ ဖျတ်လတ်ဖြူစင် ရှင်းကြော့ယဉ်ယဉ်

မာပါစေဆုထူးဆင်)၂

ပိတောက်တွေဝေဝေလွင်လွင် ရွှေရည်လူး၊ ဖူးပွင့်တဲ့ဒီအချိန်တွင် ….

ဗမာ (မြန်မာ) ပြည်၊ ငြိမ်းချမ်းရေးရွက်သစ်နုနု

ခါတော်ရေစင်ဖျန်းလို့ ဝေစီလွင် …၊

ငွေငန်းဆုတောင်း … အောင်ကြောင်းကိုပင် ခါတော်ရေသဘင် ….”

 

xxx                                       xxx                                       xxx

 

(က)

 

ငြိမ်းချမ်းရေး …၊ ညီညွတ်ရေး ….၊ …………..၊ တဲ့။

 

အတော်အသင့်ငြိမ်းချမ်းတည်ငြိမ်လာတော့ ညီညွတ်ရေးဆီ ဦးလှည့်ကြရသည်။ တကယ်တော့ …. တကယ်ငြိမ်းချမ်းသည်နှင့် သူ့အလိုလိုညီညွတ်လာပေမည်။ လှုံ့ဆော်စရာမလို၊ စည်းရုံးစရာမလို၊ သိမ်းသွင်းစရာမလို ….။ ထားတော့ ….။

 

အခု …’ငြိမ်းချမ်းရေး’ ပြီးတော့ ညီညွတ်ရေးပြယုဂ်အဖြစ် ‘ပြည်ထောင်စု’ကို သရုပ်ဖော်ကြသည်။ ၁၉၅၁ ခုနှစ် (သက္ကရာဇ် ၁၃၁၂ ခုမှ ၁၃၁၃ ခုနှစ်အကူး) သင်္ကြန်ကလည်း ‘ပြည်ထောင်စုသင်္ကြန်’ အဖြစ် မန္တလေးမှာ တသသဖြစ်စေခဲ့သည်။ ထိုစဉ်က နိုင်ငံတော်သမ္မတကြီး နှင့်အတူ နိုင်ငံတော်ဝန်ကြီးချုပ်ပါ, ပါဝင်ဆင်နွှဲခဲ့သည့် ခြိမ့်ခြိမ့်သည်းသင်္ကြန်ဖြစ်သည်။ မန္တလေး၏ ရပ်ကွက်အတော်များများ၌ ယနေ့တိုင် အများပြည်သူသုံးစွဲနေကြရသော ကျုံးရေကန်များကား ထိုပြည်ထောင်စုသင်္ကြန်အမီ တူးဖော်ပေးခဲ့သည့် ရေကန်များဟုဆိုသည်။ စင်စစ်ပြည်ထောင်စု သင်္ကြန်ကား လူထုသင်္ကြန်၊ ပြည့်သူ့သင်္ကြန်….။

 

တကယ်တော့ သင်္ကြန်ဟူသည် တစ်မျိုးသားလုံးနှင့်သက်ဆိုင်သော ပွဲတော်ကြီးဖြစ်သည်။ အယုတ်အလတ်အမြတ်မရွေး အတန်းအစား မခွဲတစ်သားတည်း ပျော်ပါးလွတ်လပ်စွာ ဆင်နွှဲခဲ့ကြသည့်ပွဲတော်ဖြစ်သည်။ အမိန့်အာဏာတစ်စုံတစ်ရာဖြင့် အတင်းအကျပ်စေခိုင်းပျော်ပါး စေသည့် ပွဲမဟုတ်၊ ကိုယ်ကျိုးစီးပွား အဖွဲ့အသင်းစီးပွားဖြင့် မျက်နှာစာတစ်ခုတည်းကြည့်၊ မချိသွားဖြဲရယ်ကျဲကျဲဖြင့် ပျော်ဟန်နွှဲခြင်းလည်း မဟုတ်။ ပူဇော်၊ ပသ၊ ခစား၊ အတန်းအစားခွဲခြားသည့် ပျော်တော်ဆက်ပွဲလည်းမဟုတ်…။ နိုင်ငံသူနိုင်ငံသားမှန်သမျှ အခွင့်အရေးကိုယ်စီဖြင့် ကိုယ်ပိုင်ဆုံးဖြတ်တည်ထောင်စီမံပိုင်ခွင့်ဖြင့် မျှဝေခံစားပျော်ရွှွင်ကြသည့် ပွဲတော်ဖြစ်သည်။ ထို့ကြောင့် ပြည်ထောင်စုသင်္ကြန်တွင် ပါဝင်ဆင်နွှဲ ကြရာ၌ တပ်မတော်သားပါသည်။ တက္ကသိုလ်ကျောင်းသားပါသည်။ ရုံးသူရုံးသားပါသည်။ ကျောင်းသူကျောင်းသားပါသည်။ ဈေးသူဈေးသားပါသည်။ ဆေးလိပ်သမပါသည်။ မော်တော်ကားဒရိုင်ဘာပါသည်။ ပါဝင်ဆင်နွှဲသည်ဆိုသည်ကလည်း ရေပက်ရုံ၊ ရေပက်ခံရုံမျှ မဟုတ်….၊ အနုပညာကို ထုတ်ဖော်ကွန့်မြူးကာ အားလုံးကိုယ်စီသီချင်းရေးစပ်၊ သီချင်းသီဆို၊ ကိုယ်တိုင်ပါဝင်တီးမှုတ်ကခုန်ကြခြင်းဖြစ်ပါ၏။ ဂီတသုခုပညာရှင်များကလည်း ကိုယ့်အနုပညာကိုအများနှင့်မတူ ထုတ်ဖော်ကြသည်။ ပန်းချီပန်းပုပညာရှင်များကလည်း ကိုယ့်စိတ်ကူး စိတ်သန်းဖြင့် သင်္ကြန်ကို အလှဆင်ကြသည်။ ရှေးဟောင်းသုတေသနပန်းချီဆရာဦးအုန်းမောင်က မြန်မာ့ရိုးရာရုပ်လုံးပညာဖြင့် ဟင်္သာရုပ်ကြီး ချိုးကာပန်းကနုတ်အပြင်အဆင်များဖြင့် ‘မဟာနွယ်’ အလှပြယာဉ်ကို ပြင်ဆင်ပေးသည်။ ပန်းချီဆရာကြီး ဦးဘသက်က ခေတ်သစ်နှင့်ရိုးရာ အချိုးညီပေါင်းစည်းသည့် အပြင်အဆင်ဖြင့် ‘ထီလာမောင်’ အလှပြယာဉ်ကို ဖန်တီးပေးသည်။ ပန်းချီဆရာကြီး ဦးလှပေါ်က ပြင်ဦးလွင်-မန္တလေးပြေး ြြွှဗ မော်တော်ယာဉ်အသင်းအတွက် ကြီးမားလှပသော ဟင်္သာရုပ်လုံးကြီးကိုပင် ချိုးပေးခဲ့သည်။

 

‘ထီလာရေသဘင်’ က ကရဝိက်ရုပ်လုံးကြီး၊ ‘ဘုရင့်မောင်’ ကရှင်ဘုရင်ရုပ်လုံး၊ ရွှေမန်းမောင်က ‘ချိုးဖြူရုပ်’၊ ခင်တို့မောင်က ‘ကြိုးကြာ’၊ ကြယ်နီရောင်က ငါးမြှောင့်ကြယ်ကြီးနှင့် ဥဒေါင်းနှစ်ကောင်၊ တက္ကသိုလ်မောင်၊ ချစ်သွေးညီနှင့်နေပြည်တော်ကလည်း ‘ဥဒေါင်းရုပ်ကြီး’ များ …။

 

ခြင်္သေ့ရုပ်လုံးကြီးများဖြင့် ပြင်ဆင်ထားသောအသင်းများက မန္တလေးဗဟိုအမျိုးသားကျောင်းမှ ‘ကျောင်းတော်ဗဟို’ ၊ ‘ပျိုတို့မောင်’ နှင့် ‘ဈေးချိုမောင်’ တို့ဖြစ်သည်။ ရွှေနန်းတော်က ‘ငွေခရု’၊ ရွှေစဉ်မောင်က ‘တိုက်သင်္ဘော’၊ ပုလဲမောင်က ‘ငါးရုပ်’၊ နန်းမြင့်မောင်က ‘ကျုံးမြို့ရိုး နှင့်နန်းမြင့်’၊ ‘နန်းရှေ့မောင်’ က အမြောက် ၄ လက်နှင့် ‘တိုက်သင်္ဘော’၊ ‘ပြည်ထောင်စုနန်းရှေ့လှေတော်ယာဉ်’ က ဗိုလ်ချုပ်အောင်ဆန်းပုံဖြင့် လှေကြီး…။ ဥတ္တရတိုင်းစစ်ဌာနချုပ်က ‘ကျားခေါင်းကြီး’ ..တို့ဖြင့် ပြင်ဆင်ကာ နွှဲပျော်ကြသည်။

ပြည်ထောင်စုသင်္ကြန်တွင် ယင်းသို့ အလှပြယာဉ်အသင်းပေါင်း (၄ဝ)ကျော်နှင့် အမျိုးသမီးရေသဘင်အဖွဲ့ (၅ဝ)ကျော်တို့ ပါဝင်ကာ သီဆိုကခုန်ကြခြင်းဖြစ်သည်။

 

xxx                                       xxx                                       xxx

 

(ခ)

 

ထိုနှစ်က ပိုမိုထူးခြားမှုတစ်ခုမှာ ၂၅ နှစ်မျှ မြို့မနှင့်မခွဲမခွာဦးဆောင်ခဲ့သော ဆရာမြို့မငြိမ်းသည် ပြည်ထောင်စုသင်္ကြန်နှစ်၌ အမရပူရ-မန္တလေး ဗြဗြ မော်တော်ယာဉ်အသင်း၏ စောင်းကောက်အလှပြယာဉ်ကို ဦးဆောင်ကာထူးခြားသော ဂီတအစီအစဉ် တစ်ခုဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ ဂီတဟူ၍ နကန်းတစ်လုံးမျှပင်မသိသော ဘတ်စ်ကားဒရိုင်ဘာစပယ်ယာများက မြန်မာဖြစ်ဝါးပုလွေများ၊ မန်ကျည်းစေ့ထည့်ဘူးသီးခြောက်များ၊ ရာဘာပြားကျက်ရေစည်ပိုင်းများဖြင့် တူရိယာအသင်းပုံစံတီထွင်ခြင်းဖြစ်သည်။ သံစဉ်များအလိုက် အုပ်စုဖွဲ့လေ့ကျင့်တီးခတ်စေခြင်းဖြင့် ထူးခြားသော ဂီတဖွဲ့စည်းမှုကိုဖြစ်စေခဲ့သည်။ သီဆိုတီးမှုတ်သော သီချင်းများကလည်း ဥရောပစည်းဝါး အသွားများဖြစ်၏။

 

”ခါတော်မီ သိင်္ဂီရွှေပန်းပိတောက်တို့သာ။

မှည့်ဝင်းကာနေလိမ့်မယ်၊ ထင်မိတာတွေ။

ဝန်ခံပါပြီ၊ ခုတော့ဖြင့် တခြားစီနေ….။

မာလာစုံအမည် မှည့်နိုင်ပေ ….

ပြာသိုမှာ ခွာညိုဟာ ပွင့်ခဲ့ပေါ့လေ …

ခုတန်ခူးလည်း သူလည်းပါစွာလိုက်ပုံတွေ

အို … အလိုဗျာ၊ သင်္ကြန်မယ်တွေ၊ ပန်းမှတ်ထင်နေ

လူလည်ဆိုအ ဦးကွဲ့လေ …

ရွှေသဇင်တွေ ..၊ ဟိုမှာ နှင်းဆီတို့တစ်တွေ

လှဦးတော့ သရဖီလေးနှင့် စံပယ်လည်းပါပေ

ဗြဗြ ၊ ငေးမိပေါ့ကျက်သရေ

အို … အစုလိုက် ယဉ်မျာ့ခေါင်တွေ။”

 

မြို့လယ်ခေါင်ရှိ နာမည်ကျော် ‘ဝင်းလိုက်မယ်’ အမျိုးသမီးရေသဘင်အဖွဲ့တွင်လည်း ဥရောပဆန်ဆန်ချောသည့် သင်္ကြန်မယ်တစ်ဦး က အလွန်နာမည်ကြီးသည်။ သင်္ကြန်ပျိုဖြူ ‘ရတနာနတ်မယ်’ ၏ ဥရောပဆန်သောအလှ၊ ဥရောပဆန်သောအကများနှင့် ဆရာမြို့မငြိမ်း၏ ဗြဗြ စောင်းကောက်အလှပြယာဉ်မှ ထူးခြားသော ဥရောပဟန်တေးသွားများသည် အလွန်လိုက်ဖက်လှ၏။ ဝင်းလိုက်မယ်နှင့် စောင်းကောက်အဖွဲ့တွေ့ဆုံမှုတိုင်းသည် ပရိသတ်ကျိတ်ကျိတ်တိုးမျှ သြဘာသံမစဲ အုတ်သြော်သောင်းနင်းအားပေးခံရသည့် ယှဉ်ပြိုင်မှုများ ဖြစ်သည်။

ထိုနှစ်က နာမည်ကြီးခဲ့သော ဆရာမြို့မငြိမ်း၏သီချင်းများကို သိမီခဲ့သူတိုင်းက ယခုအထိ တသသ …။ ဒါပေမယ့် အခုထိပြန်၍ မကြားရ။

 

 

 

ဆူးငှက်

 

#voiceofmyanmar #VOM #ဆူးငှက်  #ငြိမ်းချမ်းရေးနှင့်ပြည်ထောင်စုသင်္ကြန်

Related posts

Leave a Comment

VOM News

FREE
VIEW