အခြေခံပညာ ကျောင်းသား ကျောင်းသူတွေ နွေရာသီ ကျောင်းပိတ်ရက်မှာ ရက်၂၀ ကျောင်းပြန်တက်ရမယ်

မတ် ၁၇ – ၂၀၂၅
SN (VOM)
၂၀၂၄-၂၅ ပညာသင်နှစ်မှာ စာမေးပွဲ ဖြေဆိုပြီးစီးထားတဲ့ အခြေခံပညာ ကျောင်းသား၊ ကျောင်းသူတွေ အခုနွေရာသီ ကျောင်းပိတ်ရက်မှာ ကျောင်းပြန်တက်ရမှာ ဖြစ်တယ်လို့ အခြေခံပညာဦးစီးဌာနက သိရပါတယ်။
ကျောင်းတက်ရမယ့်ရက်ကို လာမယ့် ဧပြီလ ၁ ရက်နေ့ကနေ မေလ ၉ ရက်နေ့အထိ သတ်မှတ်ထားတာဖြစ်ပြီး ဧပြီလမှာ ၁၅ ရက်၊ မေလမှာ ငါးရက်၊ စုစုပေါင်း ရက် ၂၀ တိတိ ကျောင်းပြန်တက်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။
“အခုလို ကျောင်းပြန်တက်ရမှာက တနိုင်ငံလုံးကို ရည်ညွှန်းပါတယ်။ လုပ်လို့ရမယ့်နေရာ၊ လုံခြုံမှုရှိတဲ့ နေရာတိုင်းမှာ ဆောင်ရွက်ခိုင်းပါတယ်။ စမယ့်ရက်က ဧပြီလ ၁ ရက်နေ့စမယ်။ သင်္ကြန်ရက်တွေတော့ ရှောင်ရမှာပေါ့။ အဲဒီမှာ ၁၅ ရက် ရအောင်တော့ သက်ဆိုင်ရာကျောင်းတွေက သူ့နည်းသူ့ဟန်နဲ့ သူ့ကလေးတွေနဲ့ လုပ်ကြဖို့ပေါ့။ စာသင်ချိန်ကလည်း တနေ့လုံး မဟုတ်ပါဘူး။ တရက်ကို တနာရီ (ဒါမှမဟုတ်) နှစ်နာရီလောက်ပါ။ ‌မေလမှာတော့ နောက်ထပ် ငါးရက် တက်ရမှာပါ။ သတ်မှတ်ထားတာကတော့ ဧပြီလ ၁ ရက်နေ့ကနေ မေလ ၉ ရက်နေ့အတွင်းကို ရက် ၂၀ ပဲ ဆောင်ရွက်ရမှာပါ။ ၉ ရက်နေ့နောက်ပိုင်း မလုပ်တော့ပါဘူး” လို့ မြဝတီမြို့နယ်ပညာရေးမှူး ဦးမိုးကျော် က ပြောပါတယ်။
ကျောင်းပြန်တက်ရမယ့် ရက်တွေအတွက် သင်ကြားပေးမယ့် ဘာသာရပ်တွေကိုတော့ သတ်မှတ်ထားခြင်း မရှိဘဲ မိမိတို့ကျောင်းက ကျောင်းသား၊ ကျောင်းသူတွေရဲ့ လိုအပ်ချက်အလိုက် လိုအပ်တဲ့ဘာသာရပ်တွေကို သင်ကြားပေးနိုင်သလို ကျောင်းချိန်ကိုလည်း မိမိတို့နေထိုင်ရာဒေသရဲ့ ရာသီဥတု အခြေအနေပေါ်မူတည်ပြီး သတ်မှတ်နိုင်တယ်လို့ သူက ပြောပါတယ်။
“ကျွန်တော်ကတော့ ကျောင်းချိန်ကို မနက် ၈ နာရီကနေ ၁၁ နာရီအတွင်း ပိုကောင်းတယ်လို့ အကြံပြုထားပါတယ်။ ပူတဲ့အချိန်တွေ ဆိုရင်လည်း ကလေးတွေရဲ့ဦးနှောက် ခံနိုင်ရည်ကို ထိခိုက်နိုင်တယ်။ နောက်တခု အခုလို ကျောင်းပြန်တက်ရတာက နေ့တိုင်းနေ့တိုင်း ကျောင်းဝတ်စုံနဲ့ ပြန်တက်ရတာမျိုး မဟုတ်ပါဘူး။ မတက်မနေရ ဆိုတာလည်း မဟုတ်ပါဘူး။ မိဘတွေက ဒီရက်တွေမှာ ကလေးကို တခြားသင်တန်းတွေ ပေးတက်ထားလို့၊ ခရီးတွေ သွားနေလို့ ကျောင်းမတက်နိုင်ဘူးဆိုရင်လည်း ကျောင်းကို လာပြောလို့ရပါတယ်။ ကျွန်တော်တို့က ခွင့်ပြုပေးလို့ရပါတယ်။ ခရီးကနေ ပြန်ရောက်ပြီး ကျောင်းတက်ချင်တယ် ဆိုရင်လည်း ကျွန်တော်တို့က ဆောင်ရွက်ပေးသွားမှာပါ” လို့ သူက ပြောပါတယ်။
ဒီအစီအစဉ်မှာ Grade 4 ကနေ Grade 12 အထိ ကျောင်းသား၊ ကျောင်းသူတွေသာ ကျောင်းပြန်တက်ရမှာဖြစ်ကာ အတန်းငယ်တွေ မပါဝင်ဘူးလို့ သိရပြီး ဒီသင်တန်းအတွက် အခကြေးငွေကိုလည်း ကောက်ခံသွားမှာ မဟုတ်ဘူးလို့ သူက ပြောပါတယ်။
ဒါအပြင် လတ်တလော လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့နေတဲ့ ကျောင်းမတက်ရင် အတန်းတင်မပေး၊ အောင်စာရင်း ထုတ်မပေးဘူး ဆိုတာတွေဟာလည်း သတင်းအမှားတွေသာဖြစ်ပြီး ညွှန်ကြားချက် မရှိဘူးလို့ သူက ပြောပါတယ်။
ဒါအပြင် ဆရာ၊ ဆရာမတွေအနေနဲ့လည်း ကျောင်းပြန်တက်ရမယ့် ရက်တွေမှာ တာဝန်အပြည့်အဝ ယူနိုင်ဖို့အတွက် နွေရာသီကာလ စွမ်းရည်မြှင့် သင်တန်း တက်ရောက်ရမယ့် သူတွေရှိရင်လည်း အခု မတ်လ ၂၈ ရက်နေ့မှာ အပြီးသတ် တက်ရောက်ထားရမှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။
“ဒီလ ၂၈ ရက်နေ့မှာ ကျွန်တော်တို့ ဆရာ၊ ဆရာမတွေအကုန်လုံး သင်တန်းတွေ အပြီး ဖြတ်ပါလိမ့်မယ်။ တခြား ကိုယ်ရေးကိုယ်တာ၊ မီးဖွားခွင့်ယူတဲ့သူတွေ၊ လူအနည်းငယ်လောက်ပဲ ကျောင်းပြန်မတက်နိုင်တာ ရှိပါလိမ့်မယ်။ တက္ကသိုလ်ဝင် စာမေးပွဲက ၂၂ ရက်နေ့ ပြီးပြီပေါ့။ ၂၃ ရက်နေ့ နားတယ်။ ဆရာ၊ ဆရာမတွေရဲ့ စွမ်းရည်မြှင့်သင်တန်းတွေကို ၂၄ ရက်နေ့ကနေ စပြီးတော့ ၂၆ ရက်နေ့အထိပေါ့။ ၂၇ ရက်နေ့ကတော့ အစိုးရရုံးပိတ်ရက် ဖြစ်တဲ့အတွက် နားပါတယ်။ ၂၈ ရက်နေ့ နောက်ဆုံး အပြီးသတ်မှာ ဖြစ်ပါတယ်” လို့ သူက ပြောပါတယ်။
ဒါအပြင် အခုလို ကျောင်းပြန်တက်ရမယ့် အစီအစဉ်မှာ ကိုယ်ပိုင်ကျောင်းတွေလည်း ပါဝင်နေတယ်လို့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။
ဒါနဲ့ပတ်သတ်လို့လည်း သူက “ကိုယ်ပိုင်ကျောင်းတွေကလည်း အခြေခံပညာကျောင်းတွေရဲ့ ညွှန်ကြားချက်နဲ့ သွားရတာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ သူတို့လည်း ပါကောင်း ပါလာနိုင်တယ်လို့ ကျွန်တော်ကတော့ ယူဆတယ်။ နောက်တခုက ကိုယ်ပိုင်ကျောင်းတွေနဲ့ ပတ်သက်လို့ သူတို့ကို ပြည်နယ် ပညာရေးမှူးက တိုက်ရိုက် ခေါ်ပြီးတော့ ညွှန်ကြား လုပ်ဆောင်ထားတာတွေလည်း ရှိတယ်ဆိုတော့။ ဖြစ်ကောင်း ဖြစ်နိုင်တယ်‌ပေါ့။ ဒါပေမယ့် သေချာ ရှင်းရှင်းလင်းလင်းတော့ မသိရသေးပါဘူး” လို့ ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ ကိုယ်ပိုင်ကျောင်း ဖွင့်လှစ်ထားသူတချို့ကို VOM က ဆက်သွယ် မေးမြန်းရာမှာလည်း ကျောင်းပြန်ဖွင့်ဖို့အတွက် လက်ရှိ အချိန်အထိ ညွှန်ကြားချက်တစုံတရာ မရရှိသေးဘူးလို့ ပြောဆိုကြပါတယ်။
“အခုထိတော့ အကြောင်းကြားတာမျိုး၊ ခေါ်ယူအသိပေးတာမျိုး မရှိသေးပါဘူး။ အကယ်၍ ပြန်ဖွင့်ရမယ်ဆိုရင်လည်း ညွှန်ကြားချက်အတိုင်း လိုက်နာရမှာပါပဲ” လို့ ကိုယ်ပိုင်ကျောင်းတခုမှ တာဝန်ရှိသူတယောက်က ပြောပါတယ်။
အခုလို နွေရာသီ ကျောင်းပိတ်ရက်မှာ ကျောင်းပြန်တက်ခိုင်းတာနဲ့ ပတ်သက်လို့ လက်ခံကြတဲ့ ကျောင်းသားမိဘတချို့ ရှိပေမယ့် ကန့်ကွက်သူတချို့လည်း ရှိနေပါတယ်။
“စာတွေက တနှစ်ပတ်လုံး သင်လာပြီးပြီလေ။ ကလေးတွေအတွက် နားချိန်လေးတော့ ရှိဦးမှပေါ့။ စာပြီးရင် စာပဲ ဖြစ်နေတာက သူတို့ ဦးနှောက်လေးတွေအတွက် အဆင်မပြေနိုင်ဘူး။ တချို့မိဘတွေကတော့ နားအေးပြီးရော လက်ခံကြမှာ။ ကိုယ်တွေမိဘတွေ အနေနဲ့ကတော့ လက်မခံဘူး။ ပြီးတော့ နွေရာသီ နေပူပူမှာ ကျောင်းတက်ရမယ်ဆိုတာကလည်း တခါမှလည်း မကြားဖူးဘူး” လို့ ကျောင်းသားမိဘ တယောက်က ပြောပါတယ်။
အငြိမ်းစား ကျောင်းဆရာမတယောက်ကလည်း ဒီလို နွေရာသီ ကျောင်းပိတ်ရက်မျိုးမှာ ကျောင်းပြန်ဖွင့်တာဟာ သူမရဲ့ ကျောင်းဆရာမ သက်တမ်းတလျှောက် တကြိမ်တခါမျှ တွေ့ကြုံခဲ့ဖူးခြင်း မရှိဘူးလို့ ပြောပါတယ်။
နွေရာသီမှာ ကျောင်းတွေဖွင့်ပြီး သင်ခန်းစာ အဟောင်းတွေကို ပြန်လည် သင်ကြားပေးဖို့၊ အကျိုးပြု သင်တန်းတွေဖြစ်တဲ့ အင်္ဂလိပ်စာ၊ ကွန်ပျူတာတို့လို ဘာသာရပ်တွေ သင်ကြားပေးဖို့ နစကဥက္ကဋ္ဌက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၀ ရက်နေ့က နေပြည်တော်မှာပြုလုပ်တဲ့ MSME ထုတ်ကုန်ပြပွဲ၊ ဖွင့်ပွဲမှာ ထည့်သွင်း ပြောကြားခဲ့ပြီးနောက် ပညာရေးဌာနက အခုလို စီစဉ်လာခြင်း ဖြစ်တယ်လို့ သိရပါတယ်။
အခုလို ရက်ပေါင်း ၂၀ ကျောင်းပြန်ဖွင့်တာဟာ ကျောင်းသား၊ ကျောင်းသူတွေအတွက် ဗဟုသုတတွေနဲ့ ငယ်ရွယ်စဉ်အချိန်မှာ အသိပညာ ရှာမှီးနိုင်ဖို့ ရည်ရွယ်ခြင်း ဖြစ်တယ်လို့ သိရပါတယ်။
Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW