ဆူးငှက်
စင်စစ်မန္တလေးသင်္ကြန်ဟူသည်ကား ဂီတပွဲတော်ကြီးတစ်ရပ်ဖြစ်ခဲ့သည်။ မြန်မာ့ရိုးရာ မှန်စီရွှေချ၊ ပဉ္စရူပပတ်မထမ်း ဆိုင်းဝိုင်းကြီးများ ဖြင့် မြန်မာ့ဂီတ၊ မြန်မာ့အကကို ပုံအောကွန့်မြူးသည့် ပွဲတော်ကြီးလည်းဖြစ်၏။ ထို့ပြင် တစ်ဝ အယုတ်အလတ်အမြတ်မရွေးကိုယ့်ရင်ထဲရှိသမျှ အနုပညာကို စိတ်ရောကိုယ်ပါ ဖော်ထုတ်ပြ၊ ဖော်ထုတ်ခွင့်ရှိသည့် ပွဲတော်ကြီးလည်းဖြစ်သည်။
‘ မိုး မိုး …မိုး …. လား မောင်ရို့ ….၊
လေလေ …. လေ… လား …. မောင်ရို့….
ဘုန်းတော်ကြီးလို့ သက်တော်ရှည် ….
တို့တစ်တွေ …. ရေချမ်းအိုးကြီး ….’ ဟူသော ရင်ထဲရှိသည့် စေတနာကို လှစ်ဟသည့်အသံမှ အစပြု၍ …
‘ဥပုသ်သည်ကို ရေမပက်နဲ့ ၊ ငရဲကြီးလိမ့်မယ်….၊
ခွက်စုတ်ကြီးနဲ့ ပက်တာလောက်တော့ ရီတာပေါ့ ရီတာပေါ့ ….၊’ စသော နောက်ပြောင်ကျီစယ်သည့် အသံများ လည်း ဟစ်လာကြသည်။ ထိုအသံများကား သုံးချက်စည်းအတွင်း၊ ကာရန်ကိုက်အသံများဖြစ်၏။ ရှေးကတည်းက ခေါ်ခဲ့တာ … သံချပ်တဲ့…။
၁၉၄၇ ခုနှစ် သင်္ကြန်မှာပင် မြို့မကဲ့သို့သော ဂီတဦးစားပေးအသင်းကြီးမှပင် သံချပ်များထိုးခဲ့သည်။ ဆိုသူ၊ တီးသူ၊ ကခုန်သူများ အကြား ပျော်ရွှင်ဖွယ်ပေါင်းကူးလည်းဖြစ်ခဲ့၏။ အလွမ်းပြေနားဆင်ကြည့်ကြရအောင်လေ….။
– ငွေငန်းဖြူနဲ့ ရွှေမန်းသူ၊ သပြေပန်းယူကာ သွားစို့ဘုရား၊
– ငွေငန်းစီးလို့ ရေဖြန်းခံ၊ ရွှေနန်းဆန်တာ ‘မြို့မ’ ပါပဲ။
– ငွေငန်းရုပ်နဲ့ထွက်လို့လာ၊ မြို့မမေတ္တာ ဖြူဖြူဖွေးဖွေး….၊
– ‘မြို့မ’ လာပေါ့ ခင်ပျိုကညာ၊ ထင်သလိုသာပက်ကြပေတော့၊
– လူချောလူလှ လက်ရွေးစင်၊ ရှက်သွေးခင်ရင်၊ မှိတ်လို့သာပက်၊
– လောင်းလိုက်ပက်လိုက်နွှဲရှာသူ၊ အသည်းမှာပူတာ၊ အေးပေါ့ အေးပေါ့၊
– ကေသီရော့ရဲ ထုံးကျော့နှောင်၊ ပြုံးတော့မယောင် ခင်တို့ရှုပေး၊
– ကြည်သာတွဲ့တွဲ့နွဲ့ဟန်မူ၊ တကယ့်စံမတူ လှတဲ့ ကြော့မှူး၊
– မြို့မအသင်းနဲ့ ကတဲ့သူ၊ ဘဝတူတူ၊ ဆုယူမှန်းစို့၊
– အကကောင်းတဲ့ လှကေခိုင်၊ မငွေမြိုင်လို ကတတ်ရဲ့လား၊
– မြို့မငွေငန်း ဘဝင်ကြည်၊ ခင်မဒီတွေ၊ ကကြပါဦး၊
– ရေပက်သူဇာ၊ လှကညာ၊ က, တာကွေးတာ ယဉ်စစပဲ၊
– ချွေးကလေးစို့ပေါ့ကတဲ့ခင်၊ ‘မြို့မ’ လာရင် အမောပြေပေါ့၊
– ပြုံးလိုက် ရယ်လိုက် လှတာတွေ၊ ဘဝတာရှည်၊ လှနိုင်စေသား၊
– ရှုလို့မဝ ရွှေမန်းလယ်၊ ငွေငန်းမယ်လို့ ခေါ်လိုက်ချင်ရဲ့…
– နည်းနည်းပက်လို့၊ ဝဘူးခင်၊ ‘မြို့မ’ လာရင် ရွှဲအောင်ပက်တော့၊
– တူရိယာဘက် ထိပ်တန်းတင်၊ ‘မြို့မ’ တီးရင် ဗေထိ, ဗေထိ ….။ ။
xxx xxx xxx
(က)
မြန်မာ့ရိုးရာ အတာသင်္ကြန်သည် မြန်မာတို့၏စိတ်ရင်းနူးညံ့သိမ့်မွေ့မှုနှင့် ယဉ်ကျေးသောအနုပညာကို လူတိုင်းစေ့ဖော်ထုတ်ခံစားနိုင်ကြ သည့် အမျိုးသားပွဲတော်ဖြစ်လေရာ မြန်မာအများစုရှိသည့် မန္တလေးသင်္ကြန်သည် ‘မြန်မာ့ရိုးရာအတာသင်္ကြန်’ သရုပ်ကို အပီဆုံးဖော်ထုတ်နိုင်ခဲ့ သည့် ပွဲတော်ဖြစ်ခဲ့ဖူးသည်။ စစ်ကြီးမဖြစ်ခင်က ၁၃ဝဝ ပြည့်နှစ်သင်္ကြန်၊ စစ်ကြီးအပြီး ၁၉၄၇ ရွှေမန်းတောင်ရိပ်ခိုသင်္ကြန်၊ ၁၉၅ဝ ငြိမ်းချမ်းရေး သင်္ကြန်၊ ၁၉၅၁ ပြည်ထောင်စုသင်္ကြန်များကား အနုပညာစွမ်းရည်အမြင့်မားဆုံးမှတ်တိုင်များ စိုက်ထူနိုင်ခဲ့တာလည်း ငြင်းလို့မရ…။ ထို့နောက် ၁၉၆၂, ၆၃, ၆၄, ၆၅ သင်္ကြန်များတွင်လည်း အစိုးရဌာနမဏ္ဍပ်ချည်း ၄ဝ၊ အမျိုးသားအလှပြအသင်းနှင့် အမျိုးသမီးဧည့်ခံမဏ္ဍပ်များ ၅ဝ ကျော်ဖြင့် ခြိမ့်ခြိမ့်သည်းခဲ့သော သင်္ကြန်များချည်းဖြစ်ခဲ့၏။
‘ဘုန်းတော်ကြီးလို့ သက်တော်ရှည်၊ တို့တတွေရေချမ်းအိုးကြီး….’ ဟုစတင်ကာ သံချပ်ထိုးခဲ့သည့် အစဉ်အလာကလည်း မပျက် မယွင်းထွန်းကားခဲ့ရာ….၊ သီချင်းဂီတနှင့်အတူ ‘သံချပ်’ ကလည်း သင်္ကြန်၏ချစ်စရာ့ဓလေ့ဖြစ်ခဲ့သည်။ နိုင်ငံရေးအသိအမြင်ြ<ွကယ်ဝလာခြင်း နှင့်အတူ နိုင်ငံ့သမိုင်းကိုလည်း ပုံဖော်ကာ ကျိုးကြောင်းဆင်ခြင်သိဖြင့် ခေတ်ကိုလည်း ဝေဖန်တည့်မတ်သည့် သံချပ်များးကား သင်္ကြန်ပျော် ပရိသတ်၏ သည်းခြေကြိုက်များဖြစ်ခဲ့သည်။ လူထုအသံ သင်္ကြန်…..။
မန္တလေးတွင် ဂီတမျိုးစေ့နှင့်အတူ သင်္ကြန်သံချပ်မျိုးစေ့ကလည်း အချိုးညီရှင်သန်ပေါက်ဖွားခဲ့သည်။ ဗိုလ်သခင်ဆရာ၊ ဒဿဂီရိ၊ တောကရွှေမိ၊ သော်က၊ နှစ်ဦးမောင်မယ်၊ သင်္ကြန်အမြောက်၊ ပျိုးခင်းလူငယ်၊ မိုးသိကြား၊ ပစ်တိုင်းထောင်၊ ပြည်သူ့ဖော်ကောင်၊ ပိတောက်ကုန်းက မျောက်ရှုံး၊ ညောင်ပင်သာက ဆိုးပေ၊ ဒိုးဒိုးဒေါက်ဒေါက်၊ ခွပ်ဒေါင်းနီ၊ နွေဦးသခင်၊ တောက မောင်ကြီး၊ ပြည်သူ့ဘက်သား၊ ရွှေစွန်ညို၊ ဂျာရစ်တို့ရဲ့ လက်ပံနီ…စသည်ဖြင့် သံချပ်အသင်းပေါင်းမြောက်မြားစွာလည်း နှစ်စဉ်မပျက်ပါဝင်ဆင်နွှဲခဲ့ကြသည်။ ထိုစဉ်က ဗဟိုမဏ္ဍပ်က ၈၄ လမ်း၊ ကျောက်သွေးတန်း၊ ပြန်ကြားရေးစာကြည့်တိုက်ရှေ့မှာ အများဆုံးဖြစ်သည်။ ယခု ရတနာပုံသတင်းစာတိုက်နေရာဖြစ်၏။ ညနေနေဝင် သည်နှင့် အလှပြယာဉ်တွေ၊ သံချပ်အသင်းတွေက ဗဟိုမဏ္ဍပ်၌ ပြိုင်ပွဲဝင်ရန် ဗိုလ်ချုပ်အောင်ဆန်းလမ်းကြီးတစ်လျှောက်တန်းစီစောင့်နေကြ၏။ လူအုပ်ကြီးက ဗဟိုမဏ္ဍပ်တောင်ဘက်၊ မြောက်ဘက် တစ်ပြကျော်စီအထိ ကျိတ်ကျိတ်တိုးနေသည်။ တောင်ဘက် ၃၁ လမ်းအထိ ပြည့်လျှံနေ သော ပရိသတ်က လက်ဆည်ကန်ရပ်ရှိ နာမည်ကျော် နဂါးမယ်မဏ္ဍပ်က ပရိသတ်နှင့်ဆက်စပ်သွားသည်။
မြို့လူထု၏ အသည်းနှလုံး၊ မြို့၏သွေးကြောမကြီးသဖွယ်တည်ရှိသော ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးအား သင်္ကြန်ကာလအတွင်း အစည်ကားဆုံးလမ်းမတော်ကြီးဖြစ်သည်။ တောင်မှမြောက်၊ မြောက်မှတောင် … အလှပြကားတွေ၊ သံချပ်အသင်းတွေ ဥဒဟို….။ သင်္ကြန်စည် တိုသံဖြင့် မန္တလေးကောင်းကင်ယံသည် ဝံ့ြ<ွကားမို့မောက်နေ၏။ ဗဟိုမဏ္ဍပ်ရှေ့၌ ‘ဗိုလ်သခင်ဆရာ’ သံချပ်အသင်းက ပြိုင်ပွဲဝင်နေသည်။ ပရိသတ်ကားငြိမ်သက်စွာ အားပေးနေသည်။ တစ်ခါတစ်ခါမှသာ ဝေါခနဲပွဲကျသံ၊ လက်ခုပ်သံ၊ လက်ခေါက်မှုတ်သံများ ဆူညံသွားသည်။ နောက်၌ တမျှော်တခေါ်တန်းစီစောင့်ဆိုင်းနေသော အခြားသံချပ်အသင်း၊ အလှပြယာဉ်များကလည်း ယဉ်ကျေးစွာဖြင့် အသံချဲ့စက်များပိတ်ပေး ထားကြ၏။ သံချပ်စည်းချက်၊ သံချပ်ဒိုးချက်နှင့်အတူ ပြတ်သားအောင်မြင်သောအသံဖြင့် သံချပ်တိုင်လိုက်သည်။
မျှော်-မျှော်-မျှော်ကြသဟာများ…..ပျော်ပျော်ပျော်ကြသလား။
ဗိုလ်သခင်ဆရာတို့ထွက်လို့လာ…များဆွေသဟာမာကြစေသား
ကျွန်တော်များရဲ့မေတ္တာရေ….အတာရေလိုအေးမြစေသား
အတာရေအေးဆွတ်ဖြန်းခြုံ……ရောဂါအစုံဘယာကင်းဝေး
ဘယာဘေးဖြင့် ကင်းဝေးကာ….စိတ်၏ချမ်းသာရကြအများ
ဗိုလ်သခင်ဆရာတို့မွေးရပ်မြေ…..တောရပ်ဋ္ဌာနေညောင်ပင်သာဗျို့
တပို့တွဲမို့ ပေါက်လဲငုံ…..လုပ်ငန်းအစုံ သိမ်းခဲ့ပြီပေါ့
လုပ်ငန်းသိမ်းလို့ အပေါင်းအဖော်…..မန်းမြို့တော်ကို လာခဲ့ပါရဲ့
တစ်နှစ်လုံးလုံး နွမ်းလျခွေ….ပန်းသမျှတွေ ရေစင်နဲ့ဆေး
သင်္ကြန်ကျလို့ မြူးပျော်ရွှင်…..သီတာသဘင်ဆင်နွှဲကြစို့
ရောက်ခဲ့ရပေါ့ အတာသင်္ကြန်….မင်းတို့စံရာ ရွှေမြို့တော်ကြီး
ရွှေမြို့တော်ကြီးရှုခင်းမှာ….သာသာယာခန်းနားပါပေ့
သာယာခန်းနားဝင့်ြ<ွကားကာ…ရိုးရာဓလေ့မှာ ကွယ်ပျောက်လုပေါ့
ရိုးရာဓလေ့ဖြင့် မလျော်ညီစွာ….မကြားဝံ့မနာသာ နောက်ပြောင်မှုများ။
ထိုနှစ်က မန္တလေးတွင် သံချပ်များအပါအဝင် အမျိုးသားအလှပြယာဉ် ၂၄ ဖွဲ့၊ အမျိုးသမီးရေသဘင်အဖွဲ့ ၃၂ ဖွဲ့၊ အလှပြမဏ္ဍပ် ၁၄ ခုနှင့်ရေကစားမဏ္ဍပ် ၃ဝ တို့ ပါဝင်ဆင်နွှဲကြသည်။ နောက်နှစ် ၁၉၆၉ ခုနှစ်မှာတော့ အမျိုးသားအဖွဲ့ ၄ဝ ကျော်၊ အမျိုးသမီးအဖွဲ့ပေါင်း ၄ဝ ခန့်ရှိသည်။ ပြိုင်ပွဲဝင်ကြသည့်အဖွဲ့ပေါင်း ၉ဝ နီးပါးအနက် ယာဉ်အလှပြပထမဆုကို ‘စေတနာ’ အဖွဲ့က သုံးနှစ်ဆက်တိုက် ဒိုင်းအပိုင်ဆု ရခဲ့၏။ ‘စေတနာ’ အဖွဲ့မှာ မန္တလေးဆေးတက္ကသိုလ်မှ ဆရာ၊ ဆရာမများ၊ ကျောင်းသူ၊ ကျောင်းသားများပါဝင်ဆင်နွှဲကြခြင်းဖြစ်သည်။ သံချပ်ဆုကိုလည်း ‘ဗိုလ်သခင်ဆရာ’ အဖွဲ့က သုံးနှစ်ဆက်တိုက် ဒိုင်းအပိုင်ဆုရသွား၏။
နောက်နှစ်များတွင် ပြိုင်ပွဲဝင်အသင်းများက ပိုမိုများပြားလာ၏။ ၁၉၇၃ ခုနှစ်တွင် မန္တလေးအနောက်မြောက်မြို့နယ်၌ ဧည့်ခံမဏ္ဍပ် ၃ဝ၊ သံချပ်အဖွဲ့ ၂၁ သင်းနှင့် အလှပြယာဉ် ၅ဝ၊ အနောက်တောင်မြို့နယ်၌ မဏ္ဍပ် ၃၂ သင်း၊ ယာဉ်အလှပြ ၂ဝ နှင့် သံချပ်အဖွဲ့ ၁၉ သင်း၊ အရှေ့တောင်မြို့နယ်တွင် မဏ္ဍပ်ပေါင်း ၁၂၉ သင်း၊ သံချပ် ၁၇ သင်းနှင့်အလှပြယာဉ် ၁၃ သင်း၊ အရှေ့မြောက်မြို့နယ်တွင် မဏ္ဍပ် ၁၈ သင်း၊ သံချပ် ၇ သင်းနှင့်အလှပြယာဉ် ၈ သင်းတို့ ပါဝင်ဆင်နွှဲသဖြင့် တစ်မြို့လုံးအတိုင်းအတာနှင့် ခြုံငုံကြည့်လျှင် မန္တလေး၏ အရပ်တိုင်း၊ ပြတိုင်း၌ နေရာမလပ်စည်ကားခြိမ့်သည်းနေမှာသေချာသည်။ ၁၉၇၅ ခုနှစ်မှာတော့ အနောက်မြောက်မြို့နယ်တွင် မဏ္ဍပ် ၂၂ သင်း၊ အလှပြယာဉ် (၈)သင်း၊ သံချပ် ၁၄ သင်း၊ အနောက်တောင်မြို့နယ်တွင် မဏ္ဍပ် ၂၂ သင်း၊ ယာဉ်အလှပြ ၁၄ သင်း၊ သံချပ် ၆ သင်း၊ အရှေ့တောင်မြို့နယ်တွင် မဏ္ဍပ် ၂၄ သင်း၊ အလှပြယာဉ် ၁ဝ သင်း၊ သံချပ် ၁၇ သင်းနှင့် အရှေ့မြောက်မြို့နယ်တွင် မဏ္ဍပ် ၂၄ သင်း၊ အလှပြယာဉ် ၉ သင်း၊ သံချပ် (၂၇)သင်းတို့ ပါဝင်ဆင်နွှဲခဲ့သည်ဟုဆို၏။
၇ဝ ဝန်းကျင် နှစ်ကာလများ၌ အစည်ကားဆုံးဟုဆိုရမည့် ၁၉၇၃ တွင် တစ်မြို့လုံး၌ အသင်းပေါင်း ၃ဝဝ ကျော်ခြိမ့်ခြိမ့်သည်းမျှ ပါဝင်ဆင်နွှဲကြသည်က ဂုဏ်ယူမှတ်တမ်းတင်ဖွယ်ဖြစ်၏။ ထိုကာလများကား နှောင်းခေတ်မန္တလေးသင်္ကြန်၏ ရွှေရောင်နှစ်များလည်းဖြစ်သည်။ အဆိုအတီးကလည်း အပြိုင်အဆိုင်၊ အကအလှကလည်း အပြိုင်အဆိုင်၊ သံချပ်အသင်းတွေကလည်း အပြိုင်အဆိုင်….။
မန္တလေးသင်္ကြန်နှင့်အတူ ပေါက်ဖွားလာသော ‘မြို့မ’ အသင်းကြီးကလည်း ဓားတန်းရပ်အသင်းတိုက်ရှေ့မှ ငွေငန်းအလှပြယာဉ်ကြီး ဖြင့် နှစ်စဉ်မပျက်မကွက် ဂီတအသစ်အဆန်းများသီဆိုတီးမှုတ်ကာ ဆက်ခံဆင်နွှဲသည်။ ထိုစဉ်က နာမည်ကျော်ကြားထင်ရှားလှသော ရုပ်ရှင်မင်းသားဝင်းဦးကလည်း ၁၉၆၇ ခုနှစ်မှစတင်ကာ ၁၉၇၈ ခုနှစ်ထိ ၁၉၆၈ ခုနှစ်မှလွဲ၍ ၁၁ နှစ်တိုင်တိုင် မပျက်မကွက်ပါဝင်ဆင်နွှဲခဲ့သော ရွှေရောင်သင်္ကြန်ဆယ်စုနှစ်လည်းဖြစ်သည်။
xxx xxx xxx
(ခ)
ဗဟိုမဏ္ဍပ်ရှေ့ရောက်ဖို့ လူအုပ်ကြီးကို မနည်းတိုးသွားရသည်။ ဆိတ်ပုဆိုးကြမ်းသည်၊ မုန့်လင်မယားသည်၊ ချွေတာရေးမုန့်သည်၊ ခဲလန်ချောင်းသည်များက လမ်းမကြီးဘေးမှာ အစီအရီ….။ သင်္ကြန်တွင်း ၄ ရက်စလုံးရောင်းချကြရမှာမို့ ထိုနေရာ၌ပင် တဲထိုးကာတစ်မိသားစုလုံး ရောက်လာနေကြ၏။ ကြံရည်ကြိတ်စက်က ခြူသံတချွင်ချွင်နှင့် အောက်လင်းဓာတ်မီးရောင်အောက်တွင် အနားမရ မူးချာပတ်ချာလည်နေသည်။ ပြိုင်ပွဲဝင်မည့် သံချပ်အဖွဲ့တွေက တန်းစီစောင့်ဆိုင်းနေ၏။ လူအုပ်ကြားမှာ အတင်းဝင်တိုးပြီး ပြိုင်ပွဲဝင်မည့်သံချပ်အသင်းကားနှင့် မြင်သာရုံ နေရာအထိဝင်ကြရသည်။ မဏ္ဍပ်ပေါ်၌ ရွာစားကျော်က ပတ်လုံးများမှပတ်စာရေစာညှိသံကို အသံချဲ့စက်မှကြားရသည်မှတစ်ပါး ဘာသံမှမရှိ…။ အားလုံးက ပြိုင်ပွဲဝင်သံချပ်အသင်းကားဆီ စူးစိုက်ခေါင်းမော့နေကြ၏။ ကားက အဖြူရောင်…..။ မြန်မာ့ရိုးရာကောက်ကြောင်းဖြင့် ရွှေစာယွန်း ပန်းချီဟန် သင်္ကြန်သရုပ်ဖော်အရုပ်များက ကားဘေး၌ လှပစွာရေးခြယ်ထား၏။ ရွှေရောင်၊ မိုးပြာရောင်၊ ခရမ်းရောင်၊ စိမ်းနုရောင်ယှက်သန်းနေ သော ရွှေဒေါင်းတောင်ကလောင်ပုံကြီးက ကားတစ်ဖက်တစ်ချက် ခံ့ညားကော့ညွှတ်ချွန်မြနေသည်။ ဗဟိုမဏ္ဍပ်ပေါ်မှ အကဲဖြတ်အဖွဲ့၏ အချက်ပေးငွေမောင်းသံနှင့် မီးစိမ်းလေးလင်းလိုက်သည်နှင့် ပြိုင်ပွဲဝင်သံချပ်အဖွဲ့၏ ကားဦးမှ မီးတောက်မီးလျှံများက မီးခိုးလုံးနှင့်အတူ စတင်ထွက်ပေါ်လာသည်။ ထို့နောက် လေ့ကျင့်ထားသော အဖြူရောင်ကော့ခိုကလေး ၅ ကောင် ရုတ်တရက်ထပျံကာ မဏ္ဍပ်ပေါ်မှ အကဲဖြတ်အဖွဲ့၏ ပခုံးပေါ်၊ စားပွဲပေါ်၊ ပဉ္စရူပပတ်မထမ်းပေါ်နားကြပြီး မူလစတင်ပျံခဲ့ရာနေရာသို့ ပြန်လာကြသည်။ ပရိသတ်လက်ခုပ်သံ ညံမစဲ….၊ ခိုကလေးတွေပြန်အရောက် မီးတောက်မီးလျှံအငြိမ်း……ကတ္တီပါကားအနီရောင်အောက်မှ လက်ရာမြောက်ပန်းချီကားကြီးတစ်ချပ် ဖြည်းဖြည်းချင်း……။
ကွမ်းအစ်တစ်လုံး၊ သျှောင်တစ်ထုံးနှင့် ဆရာကြီးသခင်ကိုယ်တော်မှိုင်းပုံ…..။
နောက်ခံအနေနှင့် အောင်မြင်ခံ့ညားသော အသံဖြင့်…..
‘ပြည်ရွာမှာ မညီညာလို့ ကွဲပြန်တော့၊
စိတ်ထဲမသာမကြည်နှင့်…..
ယတြာယာယီ နေကောင်းပြီလို့…
အညာဆီကဝေ ပြောင်းခဲ့ပြီး…..
နေသောင်းထောင် အရောင်မညှိုးသလိုပ
ပြေကောင်းအောင် ဆောင်မကိုးရယ်လို့…
ရွှေဒေါင်းတောင်ကလောင်တစ်မျိုးရယ်နှင့်…..
တောင်ရိုးမှာ ဆရာကြဲမပေါ့လို့…..’ တဲ့လေ….။
ထို့နောက် ……၊ ထို့နောက် ……။
ကျွန်တော်တို့ မိတ်ဆွေများဖြစ်သည့် ပုလင်းဝင်းသားများ၏ ဒဿဂီရိသံချပ်အသင်းသည် ထိုနှစ်က နောက်ဆုံးပိတ်အိတ်နှင့် လွယ်ဆိုသလို…. သံချပ်တွေမြိုင်မြိုင်တိုင်သွားသံကား…..ကျုံးမြို့ရိုးပြာသာဒ်များဆီအထိ ရိုက်ခတ်ခဲ့ပြန်ပေါ့…..။
xxx xxx xxx
(ဂ)
၁၉၇၆ ခုနှစ်တွင် တစ်မြို့လုံးသံချပ်၊ ယာဉ်အလှ၊ မဏ္ဍပ်စုစုပေါင်း ၁ဝ၄ သင်း၊ ၁၉၇၇ ခုနှစ်တွင် ၄၅ သင်း၊ ၁၉၇၈ တွင် ၃၄ သင်းဟူသော စာရင်းများအရ မန္တလေးသင်္ကြန်၏ စည်ကားမှုအရပ်မျဉ်းများသိသာစွာကျဆင်းသွားတော့သည်။
———————————————–
———————————————–
လွမ်းဆွတ်ဖွယ်သင်္ကြန်ပုံရိပ်များကား စည်တိုသံ၊ သီချင်းသံ၊ သံချပ်သံများတိုးညှင်းခြင်းနှင့်အတူ ဖြည်းဖြည်းချင်းမှုန်ဝါးသွား…..။
သင်္ကြန်နှစ်ဦးတူးပို့တူးပို့
တူးသံမြူးသာယာ
သင်္ကြန်မယ်များ တူးပို့တူးပို့
တူးမာရဲ့နော်ဗျာ….
ငွေငန်းသံစုံ တူးပို့တူးပို့
အာရုံဖျော်ဖြေကာ
မယ်တို့ကိုလည်း တူးပို့တူးပို့ မာပါစေခင်ဗျာ….။
သင်္ကြန်ရောက်တိုင်း အိမ်တွင်းပုန်းကာ တစ်နှစ်တစ်ခါရုပ်မြင်သံကြားမှလာသည့် ‘သင်္ကြန်မိုး’ ရုပ်ရှင်ကားကိုကြည့်ရင်း…..ကျုံး၊ မြို့ရိုး၊ ပြာသာဒ်ရှေ့မှ ရိုးရာယဉ်ကျေးမှုသင်္ကြန်ပုံရိပ်များသစ်ဆန်းလာမည့် ကတ္တီပါကားအဖွင့်ကို မျှော်လင့်နေမိတာလည်း ဆယ်စုနှစ် နှစ်စုနီးပြန်ပေါ့…..။
(ပြီး)
#ဆူးငှက် #နှုတ်ဆက်သင်္ကြန်ညချမ်းများ #voiceofmyanmar #VOM