ထိုင်း – မြန်မာနယ်စပ် မီးလောင်မှု ကားအစီးရေ ၂၀၀ ကျော် ဆုံးရှုံး

မတ် ၁၉ – ၂၀၂၅
SS (VOM)
ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်၊ အမှတ် (၇)၊ ဝမ်းစကင်းကျေးရွာအပိုင်၊ ထိုင်း – မြန်မာ ချစ်ကြည်ရေး အမှတ် (၂) တံတားအနီးရှိ ကားဝန်းမှာ မနေ့ မတ် ၁၈ ရက်၊ ညပိုင်းက မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ကားအစီးရေ ၂၀၀ ကျော် ပျက်စီး ဆုံးရှုံးခဲ့တယ်လို့ မဲဆောက်မြို့မှာ ရောက်ရှိနေသူတွေက ပြောပါတယ်။
မနေ့ ည ၇ နာရီခွဲဝန်းကျင်က မီးစတင် လောင်ကျွမ်းခဲ့တာဖြစ်ပြီး မီးလောင်တဲ့နေရာဟာ တာ့ခ်ခရိုင် အကောက်ခွန်ဦးစီးဌာနပိုင် ကားဝန်းနေရာဖြစ်ကာ အဲဒီ ကားဝင်းထဲမှာ ကားအစီးရေ ၈၀၀ လောက်ရှိနေတယ်လို့ သိရပါတယ်။
အဲဒီ မီးလောင်မှုကို မီးသတ်ကား ၁၄ စီးနဲ့ အချိန် သုံးနာရီကျော်ကြာ မီးငြှိမ်းသတ်ခဲ့ရတယ်လို့ သိရပြီး မီးလောင်ရတဲ့ အကြောင်းရင်းနဲ့ ပတ်သက်လို့ တောမီးမှတဆင့် ကူးစက် လောင်ကျွမ်းတယ် ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။
“မီးလောင်တဲ့ အကြောင်းရင်းက တောမီးကြောင့်၊ တောမီးကနေ ကူးစက်တယ် ဆိုတာကိုတော့ သေချာမသိဘူး။ သိသလောက်က အဲဒီဘက်က တခေါက်နှစ်ခေါက်တော့ ရောက်ဖူးတယ်။ တောတော့ မတွေ့မိသလိုဘဲ။ အဲဒီ ကားဝင်းမှာ မြန်မာပြည်ဘက်ကိုပို့မယ့် ကားတွေလည်း ရှိတယ်” လို့ မဲဆောက်မြို့မှာ ရောက်ရှိနေသူက ပြောပါတယ်။
အဲဒီ ကားဝန်းထဲမှာ အမှုအခင်းဖြစ်နေတဲ့ ကားနဲ့ နိုင်ငံပိုင်အဖြစ် သိမ်းဆည်းထားတဲ့ ကားတွေပါဝင်သလို မြန်မာနိုင်ငံဘက်ကို ပို့ဆောင်မယ့် ကားတွေလည်း ပါဝင်ကာ အများစုမှာ ဂျပန်နိုင်ငံထုတ် တပတ်ရစ်ကားတွေ ဖြစ်တယ်လို့ သိရပါတယ်။
“အဲဒီ ကားဝင်းထဲမှာရှိတဲ့ ကားတွေအားလုံးက ဂျပန်ကနေ တင်သွင်းလာတဲ့ တပတ်ရစ်ကားတွေ။ ထိုင်းဆိပ်ကမ်းတွေကတဆင့် မဲဆောက်ရောက်လာတာ။ အာဏာပိုင်တွေနဲ့ အလျဉ်းသင့်ရင်တော့ လိုင်စင်ရပြီး တရားဝင်ဖြစ်သွားတယ်။ မရရင်တော့ without ပေါ့။ ဈေးသက်သာတော့ နယ်တွေမှာ အများစုက without ပဲ စီးကြတယ်” လို့ မဲဆောက်မြို့မှာ ရောက်ရှိနေသူက ပြောပါတယ်။
ဒီဖြစ်စဉ်မှာ ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ဘူးလို့ သိရပြီး လက်ရှိမှာ မဲဆောက် မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တွေက မီးလောင်ရတဲ့ အကြောင်းရင်းနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
Photo – Thai military/Addy Chaiyadech

Related posts

Leave a Comment

VOM News

FREE
VIEW