“ဗုံတီးမယ်” တေးသီချင်းဗီဒီယို ဖန်တီးထုတ်လွှင့်သူနဲ့ စီစဉ်သူတွေကို အမှုဖွင့် အရေးယူမယ်

မတ် ၁၉ – ၂၀၂၅
SN (VOM)
တေးရေး/တေးဆို အောင်ပါစေရဲ့ “ဗုံတီးမယ်” တေးသီချင်း ဗီဒီယိုနဲ့ ပတ်သက်ပြီး ဖန်တီးထုတ်လွှင့်သူနဲ့ စီစဉ်သူတွေကို အမှုဖွင့် အရေးယူနိုင်ဖို့ ဆောင်ရွက်လျက်ရှိတယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနက ဒီကနေ့ မတ် ၁၉ ရက်နေ့မှာ ထုတ်ပြန်ချက်မှာ ထုတ်ပြန် ကြေညာလိုက်ပါတယ်။
“ဗုံတီးမယ်” တေးသီချင်းဗီဒီယိုဟာ မြန်မာလူမျိုးတို့ရဲ့ အမြတ်တနိုး တန်ဖိုးထားဂုဏ်ယူရတဲ့ မြန်မာ့တူရိယာဗုံနဲ့ ပတ်မတွေကို ပြက်ရယ်ပြု စော်ကားသဖွယ်ဖြစ်နေတဲ့ သရုပ်ပျက် ကပြဖျော်ဖြေခြင်းနဲ့ ညစ်ညမ်းတဲ့ အဓိပ္ပာယ် ပေါက်စေနိုင်တဲ့ အဓိပ္ပာယ်နှစ်ခွ သီချင်းစာသားတွေနဲ့ ဖန်တီးထားတာကို စိစစ် တွေ့ရှိရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါကြောင့် ဒီတေးသီချင်း ဗီဒီယိုနဲ့ ပတ်သက်လို့ ဖန်တီးထုတ်လွှင့်သူ၊ စီစဉ်သူ၊ ပါဝင်သူတွေကို အမှုဖွင့် အရေးယူနိုင်ဖို့ စိစစ်လျက်ရှိတယ်လို့ အသိပေးထားပါတယ်။
ဒါနဲ့ပတ်သက်လို့ မြန်မာနိုင်ငံ သဘင်အစည်းအရုံး (ဗဟို) အတွင်းရေးမှူး ဦးနေဝင်းက “သူတို့ရဲ့ performance တင်ဆက်ပုံ၊ စာသား အဓိပ္ပာယ်တွေ အားလုံးက မြန်မာ့ရိုးရာယဉ်ကျေးမှု၊ အနုပညာနဲ့ပတ်သက်လို့ မဖြစ်သင့်တဲ့ တင်ဆက်မှုဖြစ်တယ်။ ရိုးရာယဉ်ကျေးမှုကို မရည်ရွယ်ဘဲဖြစ်ဖြစ်၊ ရည်ရွယ်လို့ပဲဖြစ်ဖြစ် ဖျက်လို့ဖျက်စီး ဖြစ်စေတဲ့သဘော ဖြစ်တဲ့အတွက် နိုင်ငံတော်က ဖွဲ့စည်းထားတဲ့ တရားဝင် အဖွဲ့အစည်းတရပ်က အရေးယူ ဆောင်ရွက်တာဖြစ်တယ်။ ဒါက အင်မတန်မှ တရားနည်းလမ်းကျပါတယ်။ ဖျော်ဖြေတင်ဆက်မှု အားလုံးဟာ မြန်မာ့ရိုးရာယဉ်ကျေးမှုနဲ့ မကိုက်ညီပါဘူး။ ဖျက်လို့ဖျက်စီးဖြစ်တယ်၊ ပျက်ရယ်ပြုသလိုဖြစ်တယ်။ ဒါကြောင့် အရေးယူတာ မှန်ကန်တယ်လို့ ပြောချင်ပါတယ်” လို့ ပြောပါတယ်။
“ဗုံတီးမယ်” တေးသီချင်း ဗီဒီယိုကို ပြီးခဲ့တဲ့ မတ် ၃ ရက်နေ့က လူမှုကွန်ရက်ပေါ်မှာ ထုတ်လွှင့်ပြသ ထားခြင်းဖြစ်ပြီး ဝေဖန်မှုများစွာလည်း ထွက်ပေါ်နေခဲ့တာပါ။
ပြန်ကြားရေးဝန်ကြီးဌာန အနေနဲ့ အရေးကြီးကုန်စည်နဲ့ ဝန်ဆောင်မှု ဥပဒေပုဒ်မ ၄၊ ပုဒ်မခွဲ (ဂ) ပြဋ္ဌာန်းချက်ပါ အမိန့်ထုတ်ပြန်ခွင့်ကို ကျင့်သုံးပြီး ဆက်သွယ်ရေးကွန်ရက်ကို အသုံးပြုကာ ရုပ်ရှင်ကား ထုတ်လွှင့် ပြသခြင်းလုပ်ငန်းကို အရေးကြီး ဝန်ဆောင်မှုလုပ်ငန်းအဖြစ် သတ်မှတ်တဲ့ အမိန့်ကို ထုတ်ပြန်ခဲ့ပြီးနောက် လုပ်ငန်းလုပ်ကိုင်ခွင့် မှတ်ပုံတင်လက်မှတ်တွေကို စိစစ် ထုတ်ပေးလျက်ရှိတယ်လို့ သိရပါတယ်။
ဆက်သွယ်ရေးကွန်ရက်ကို အသုံးပြုပြီး ရုပ်ရှင်ကား ထုတ်လွှင့်ပြသခြင်းလုပ်ငန်း လုပ်ကိုင်ခွင့် မှတ်ပုံတင်လက်မှတ် ရယူထားသူဟာ အမိန့်အမှတ် (၃၂/၂၀၂၄) အရ မိမိတို့လွှင့်တင်မယ့် Content တွေကို စိစစ်ရေးအဖွဲ့ထံကို တင်ပြပြီး စိစစ်မှုခံယူရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
တေးရေး/ တေးဆို “အောင်ပါစေ” ဟာ ဆက်သွယ်ရေး ကွန်ရက်ကိုအသုံးပြုပြီး ရုပ်ရှင်ကား ထုတ်လွှင့်ပြသခြင်းလုပ်ငန်း လုပ်ကိုင်ခွင့် မှတ်ပုံတင်လက်မှတ် ရယူခြင်းမရှိဘဲ ၎င်းရဲ့ လူမှုကွန်ရက်အမျိုးမျိုးမှာ တေးသီချင်း ဗီဒီယိုတွေကို ထုတ်လွှင့် ပြသလျက်ရှိတယ်လို့လည်း ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ဒီကနေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဆက်သွယ်ရေးကွန်ရက်ကို အသုံးပြုပြီး ရုပ်ရှင်ကား ထုတ်လွှင့်ပြသခြင်းလုပ်ငန်း လုပ်ကိုင်ခွင့် မှတ်ပုံတင်လက်မှတ် ရယူထားခြင်း မရှိသူတွေအနေနဲ့ လုပ်ကိုင်ခွင့် မှတ်ပုံတင်လက်မှတ် လျှောက်ထားရယူပြီး မိမိတို့လွှင့်တင်မယ့် Content တွေကို စိစစ်ရေးအဖွဲ့ထံ တင်ပြရမှာ ဖြစ်တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနက အသိပေးထားပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်းကလည်း အချစ်ခံကြည့်၊ စောင့်ပက်၊ စကားလေးတခွန်းပဲဖြေ ချစ်လား၊ ဘီယာဗိုက် စတဲ့ တေးသီချင်း သီဆိုသူတွေနဲ့ ပါဝင် သရုပ်ဆောင်သူတွေကို အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေပုဒ်မ ၃၃ (က) နဲ့ အမှုဖွင့်ဖမ်းဆီး အရေးယူခဲ့တယ်လို့ သိရပါတယ်။
နစကအနေနဲ့ ၂၀၂၄ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့က “ဆက်သွယ်ရေးကွန်ရက်ကို အသုံးပြု၍ ရုပ်ရှင်ကား ထုတ်လွှင့်ပြသခြင်းလုပ်ငန်း လုပ်ကိုင်ခွင့်အမိန့်” ကို ထုတ်ပြန်ခဲ့ပြီး ဆက်သွယ်ရေးကွန်ရက်ကို အသုံးပြုကာ ရုပ်ရှင်ကား ထုတ်လွှင့် ပြသခြင်းလုပ်ငန်း လုပ်ကိုင်လိုသူတွေအနေနဲ့ လုပ်ကိုင်ခွင့် မှတ်ပုံတင်လက်မှတ် လျှောက်ထားရမှာဖြစ်တယ်လို့ အသိပေးထားပြီး လိုက်နာမှု မရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရမှာ ဖြစ်တယ်လို့ ကြေညာထားပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW