ဝါရှင်တန်၊ မတ်-၂၀-၂၀၂၅
မျိုးဆက်(VOM)
ယူကရိန်းစစ်ပွဲ ချက်ချင်းအပြည့်အ၀ အပစ်အခတ်ရပ်စဲရေးကို ရုရှားသမ္မတ ပူတင်က ပယ်ချလိုက်ပြီး ယူကရိန်းစွမ်းအင်အခြေခံအဆောက်အအုံတွေကိုသာ တို်ကခို်ကမှုတွေ ရပ်တန့်မယ်လို့ ရုရှားသမ္မတ ပူတင်က ဒေါ်နယ်ထရန့်နဲ့ ဆွေးနွေးပြီးနောက် ပြောပါတယ်။
အမေရိကန်နဲ့ ယူကရိန်းတို့အကြား ဆော်ဒီအာရေဗျမှာ ဆွေးနွေးပြီးနောက် ရရှိခဲ့တဲ့ ယူကရိန်းစစ်ပွဲ အပစ်ရပ်စဲရေး သဘောတူညီချက်ကို ရုရှားသမ္မတက လက်မှတ်ထိုးဖို့ ငြင်းဆိုလိုက်တာပါ။ ယူကရိန်းကို ပြည်ပ စစ်ရေးအကူအညီနဲ့ ထောက်လှမ်းရေးအချက်အလက် မျှဝေမှုတွေ ရပ်တန့်မှသာ အပစ်အခတ်ရပ်စဲရေး လုပ်ဆောင်နိုင်မယ်လို့ ပူတင်က ဆိုပါတယ်။
ဒီလိုတောင်းဆိုမှုကို ယူကရိန်းရဲ့ ဥရောပမဟာမိတ်တွေက ယခင်ကတည်းက ပယ်ချထားပါတယ်။ သုံးနှစ်တာ စစ်ပွဲအတွင်း ယူကရိန်းတပ်တွေ လွန်ခဲ့တဲ့ ခြောက်လက သိမ်းပိုက်ခဲ့တဲ့ ရုရှားအနောက်ပိုင်း ကာ့စ်ဒေသက နယ်မြေတွေကို ရုရှားက ပြန်လည်သိမ်းပိုက်နေပါတယ်။
အမေရိကန် ကိုယ်စားလှယ်အဖွဲ့ဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့က ယူကရိန်းတာဝန်ရှိသူတွေနဲ့ ဆော်ဒီအာရေဗျမှာ တွေ့ဆုံခဲ့ပြီး ယူကရိန်းစစ်ပွဲ ရက် ၃၀ အပစ်ရပ်ရေး အဆိုပြုချက်ကို သဘောတူခဲ့ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကတော့ ပူတင်နဲ့ တယ်လီဖုန်းဆက်သွယ်ဆွေးနွေးမှုဟာ အလွန်ကောင်းမွန် အကျိုးဖြစ်ထွန်းကြောင်းနဲ့ ငြိမ်းချမ်းရေးအတွက် စာချုပ်ပါအချက်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ အစောပိုင်းမှာ ပြောပါတယ်။
စွမ်းအင်နဲ့ အခြေခံအဆောက်အအုံတွေအားလုံးကို ပစ်ခတ်တိုက်ခိုက်မှုတွေ ရပ်စဲဖို့ သဘောတူခဲ့ပြီး နောက်ဆုံးမှာတော့ ဆိုးရွားလှတဲ့ စစ်ပွဲကို အဆုံးသတ်ဖို့ အမြန်ဆုံးလုပ်ဆောင်သွားမယ်လို့ ဒေါ်နယ်ထရန့်က ပြောပါတယ်။
ရုရှားရဲ့ တိုက်ခိုက်မှုကြောင့် ယူကရိန်းစွမ်းအင်အခြေခံအဆောက်အအုံ ၈၀ ရာခိုင်နှုန်း ပျက်စီးခဲ့တယ်လို့ ယူကရိန်းသမ္မတက စက်တင်ဘာလမှာ ပြောဆိုထားပါတယ်။ ယူကရိန်းဟာလည်း ရုရှားရဲ့ ရေနံနဲ့ သဘာ၀ဓါတ်ငွေ့လုပ်ငန်းတွေကို ဒရုန်းတွေ ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။
Ref:BBC
Photo:AP