ပါဝါဘန့်ခ် မီးလောင်မှုကြောင့် ဟောင်ကောင် ခရီးသည်တင်လေယာဉ်တစင်း တရုတ်မှာ အရေးပေါ်ဆင်းသက်

ဟောင်ကောင်၊ မတ်-၂၁-၂၀၂၅
ရတီ(VOM)
ဟောင်ကောင်လေကြောင်းလိုင်းက ခရီးသည်တင်လေယာဉ်တစင်းဟာ ခရီးသည်တွေရဲ့ အိတ်တလုံးထဲကနေ မီးလောင်မှုဖြစ်ပွားလို့ တရုတ်ပြည်မကြီးမှာ အရေးပေါ်ဆင်းသက်ခဲ့ရတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ဒီဖြစ်စဉ်ကြောင့် လေယာဉ်ပေါ်ပါ ခရီးသည် ၁၆၈ ယောက်နဲ့လေယာဉ်အမှုထမ်းတွေ ထိခိုက်ဒဏ်ရာရတာမရှိဘူးလို့ ဆိုပါတယ်။ Airbus SE A320 အမျိုးအစား လေယာဉ်ခရီးစဉ်အမှတ် HX115 ဟာ တရုတ်နိုင်ငံ ဟန်ကျိုးကနေ ဟောင်ကောင်ကို ပျံသန်းစဉ် မီးလောင်မှုဖြစ်ပွားခဲ့တာကြောင့် ဖူကျိုးမှာ အရေးပေါ်ဆင်းသက်ခဲ့တာပါ။
မီးလောင်ရတဲ့ အကြောင်းရင်းကို လေကြောင်းလိုင်းက မထုတ်ပြန်သေးပေမယ့် ခရီးသည်တွေအပေါ်မှာရှိတဲ့ ခရီးဆောင်အိတ်တခုကနေ ပါဝါဘန့်ခ်မီးလောင်မှုကနေ စတင်ခဲ့ကြောင့် လူမှုကွန်ရက်မှာ ရုပ်သံမှတ်တမ်းတွေ ပျံ့နှံ့နေပါတယ်။
အိတ်ထဲကနေ မီးခိုးတွေထွက်လာတာကြောင့် လေယာဉ်အမှုထမ်းတွေနဲ့ ခရီးသည်တွေက ရေသန့်ဗူးတွေနဲ့ ငြှိမ်းသတ်ခဲ့ပြီးနောက် မီးငြိမ်းခဲ့ပါတယ်။
ဇန်နဝါရီလအတွင်းကလည်း တောင်ကိုရီးယားမှာ ဘူဆန်လေကြောင်းလိုင်း လေယာဉ်တစင်း မီးလောင်မှုဖြစ်ပွားခဲ့ပြီး ဒါဟာ ခရီးသည်တွေရဲ့ ပါဝါဘန့်ခ်တခုကြောင့်လို့ ကနဦး စုံစမ်းစစ်ဆေးမှု အစီရင်ခံစာတွေမှာ ဖော်ပြထားပါတယ်။
ဒီဖြစ်စဉ်အပြီးမှာတော့ ဘူဆန်လေကြောင်းလိုင်းဟာ ပါဝါဘန့်ခ်တွေ သယ်ဆောင်တာကို တားမြစ်လိုက်ပြီး စင်ကာပူလေကြောင်းလိုင်း၊ ထိုင်းလေကြောင်းလိုင်းနဲ့ အဲအေးရှားတို့ကလည်း ပါဝါဘန့်ခ်တွေ သယ်ဆောင်တာကို ပိတ်ပင်သွားမယ်လို့ ကြေညာခဲ့ပါတယ်။
Ref: Straits Times
Photo:Getty Images

Related posts

Leave a Comment

VOM News

FREE
VIEW