TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်ကို လေကြောင်းတိုက်ခိုက်ပြန်လို့ သုံးယောက်သေဆုံး

ဩဂုတ် ၁၇ ၊ ၂၀၂၅
GG (VOM )
မိုးကုတ်မြို့ကို ဒီ​နေ့ ဩဂုတ် ၁၇ ရက်နေ့နေ့ မနက်ပိုင်းမှာ လေကြောင်းကနေ လေးကြိမ်မြောက် ဗုံးကြဲတိုက်ခိုက်လို့ လူသုံးယောက်ထက်အနည်း သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေရှိနေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
ဒီနေ့မနက် ၉နာရီဝန်းကျင် နဲ့ ၉ နာရီကျော်လောက် မှာ မိုးကုတ်၊အရှေ့ပိုင်းရှိမြို့လယ်ခေါင်ကို ဗုံးကြဲချတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။
“မြို့လယ်ခေါင်ကိုကြဲသွားတာ။အရင်တုန်းကတော့ ပတ္တမြားငမောက်ခေါ်မှာပေါ့၊အဲဒီမှာအရင်တုန်းကတော့ပလောင်မြို့နယ်အုပ်ချုပ်ရေးအဖွဲ့အစည်းတွေနေတာ။ခုတော့အဲဒီမှာမနေတော့တာကြာပြီ။သူကမိန်းလမ်းဖြစ်နေတော့ လမ်းပေါ်ဖြတ်သွားတဲ့ဂေါ်ရခါးလူကြီး နဲ့ ကလေးတယောက်သေတယ်။နောက်ထပ်လူလတ်ပိုင်းသေတယ်။ စျေးရောင်းတဲ့ကောက်ညှင်းပေါင်းသည်လို့ယူဆရတယ် ။ ဗန်းတွေတွေ့တယ်လူကပျောက်နေတယ်။ လေးယောက်ဖြစ်ဖို့များတယ်။ထပ်တိုးတွေက အခုထပ်ရှာနေကြတယ်။” လို့ မျက်မြင်ဒေသခံကပြောပါတယ်။
လက်ရှိမှာ ဗုံးကြဲခံရတဲ့နေရာတဝိုက်ကို TNLA ဘက်က ရှာဖွေကယ်ဆယ်ရေးပြုလုပ်နေပြီး ထိခိုက်ဒဏ်ရာရတယ်လို့သိရပါတယ်။
ဩဂုတ် ၁၄ ရက်နေ့ညပိုင်းကလည်း မိုးကုတ်မြို့အရှေ့ပိုင်းကို လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့ပြီး လူ ၂၁ ယောက်သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူတွေရှိခဲ့ပါတယ်။
ဩဂုတ်လ ၉ ရက်နေ့ ညပိုင်းမှာလည်း မိုးကုတ်မြို့ အရှေ့ပိုင်းရှိ ၊ကျောက်နဂါးရွာထဲကို လေကြောင်းကနေဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသူ ငါးယောက်နဲ့ ထိခိုက်ဒဏ်ရာရသူ သုံးယောက် ရှိခဲ့တယ်လို့ သိရပါတယ်။
ပြီးတော့ ဩဂုတ် ၂ ရက်နေ့မနက်ပိုင်း မိုးကုတ်မြို့ အနောက်ပိုင်းမှာလည်း လေကြောင်းတိုက်ခိုက်ခံရပြီး ၁၂ ယောက်သေဆုံးကာ ထိခိုက်ဒဏ်ရာရသူ ၁၀ ယောက်လောက်ရှိခဲ့ပါတယ်။
ဇူလိုင် ၂၉ ရက်နေ့မနက်ပိုင်းကလည်း မိုးကုတ်မြို့အရှေ့ပိုင်းမှာ လေကြောင်းကနေ သုံးကြိမ်တိုက်ခိုက်ခံခဲ့ရပြီး ခဲ့ပြီး ထိခိုက်ဒဏ်ရာရ သူတွေရှိခဲ့တယ်လို့သိရပါတယ်။
ဇူလိုင် ၂၆ ရက်နေ့ကလည်း မိုးကုတ်မြို့မှာလေကြောင်းတိုက်ခိုက်ခံရပြီး မြို့ရဲ့အထင်ကရဟိုတယ်တခုဖြစ်တဲ့ ရွှေလိပ်ပြာဟိုတယ်ဝန်းထဲက အဆောက်အဦးပေါ်ကျရောက်ကာ အမျိုးသားတယောက်သေဆုံးကာ သုံးယောက်ထိခိုက်ဒဏ်ရာရရှိခဲ့သလို အဲဒီနေ့မှာပဲ ကျောက်မဲမှာလည်း လေကြောင်းတိုက်ခိုက်ခံရလို့ အမျိုးသားတယောက်သေဆုံးမှုရှိခဲ့ပါတယ်။
ဇူလိုင် ၉ ရက်နေ့ညပိုင်းကလည်း မိုးကုတ်မြို့အရှေ့ပိုင်းမှာ လေကြောင်းတိုက်ခိုက်ခံခဲ့ရပြီး နှစ်ယောက်သေဆုံးကာ ရှစ်ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
ဇူလိုင် ၈ ရက်နေ့ကလည်း မိုးကုတ်မြို့ အနောက်ပိုင်းရှိ ဂေါင်းဦးဘာရပ်မှာ လေကြောင်းတိုက်ခိုက်ခံခဲ့ရပြီး လူသုံးယောက်သေဆုံးခဲ့ပြီး နေအိမ်နဲ့အဆောက်အဦးတွေ ထိခိုက်ပျက်ဆီးမှုရှိခဲ့တယ်လို့သိရပါတယ်။
လက်ရှိမှာ အစိုးရက မိုးကုတ်မြို့ကို TNLA လက်ထဲကနေ ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် လေကြောင်းကနေ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်လာနေတာဖြစ်ပါတယ်။
ဓာတ်ပုံ – ဒေသခံ

Related posts

Leave a Comment

VOM News

FREE
VIEW