စက်တင်ဘာ ၃၀ – ၂၀၂၅
SN (VOM)
မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်မှာ မိုးရွာသွန်းမှုများပြီး ဆင်သေချောင်းရေ လျှံကျခဲ့တာကြောင့် ချောင်းနံဘေးရှိ မြေနိမ့်ပိုင်းနေရာတွေက အိမ်ထောင်စု ရာနဲ့ချီ ရေဘေးကြုံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဆင်သေချောင်းနံဘေးက မြို့မမြောက်၊ မြို့မတောင်၊ သပြေတန်း၊ ချောင်းဖျား၊ ဆုံတိုက်ရပ်မြောက်ပိုင်း အစရှိတဲ့ ရပ်ကွက်ပေါင်း ၁၀ ရပ်ကွက်လောက်မှာ စက်တင်ဘာ ၂၈ ရက်၊ ညပိုင်းမှစတင်ကာ လက်ရှိအချိန်အထိ ရေဝင်ရောက်မှုတွေ ဖြစ်ပေါ်လျက်ရှိတယ်လို့ သိရပါတယ်။
“ရပ်ကွက် တရပ်ကွက်တည်းမှာတင် အိမ်ခြေ ၅၀ ဝန်းကျင်လောက် ရှိတယ်။ အဲဒီတော့ လက်ရှိ ရေဝင်ရောက်နေတဲ့ အိမ်ခြေက ရာနဲ့ချီ ရှိနိုင်တယ်။ တချို့အိမ်တွေဆို ပစ္စည်းတွေအကုန် မျောပါဆုံးရှုံးသွားတာ ရှိတယ်။ မြို့မမြောက်၊ မြို့မတောင်၊ ဆုံတိုက်ဘက်ကတော့ ရေဝင်ရောက်မှု အဓိက အများဆုံး သုံးနေရာပေါ့” လို့ ဒေသခံတယောက်က ပြောပါတယ်။
လက်ရှိ ရေကြီးမှု ဖြစ်စဥ်အတွင်း လူအသေအပျောက် မရှိခဲ့သလို ဒေသခံတွေ ရွှေ့ပြောင်းရတာ၊ ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ရတာမျိုးလည်း မရှိသေးဘူးလို့ သိရပါတယ်။
ဒါအပြင် ချောင်းတိမ်တံတားဘက်မှာလည်း မိုးသည်းထန်ပြီး ချောင်းရေ တိုက်စားမှု ဖြစ်ခဲ့တာကြောင့် အဲဒီ တံတားအနီးက ကွန်ကရစ်လမ်းတခြမ်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
“ညအချိန် ကားတွေမောင်းမယ်ဆို အန္တရာယ် အရမ်းများပါတယ်။ ချောင်းရေနဲ့ ကွန်ကရစ်လမ်း တခြမ်းလည်း ပါသွားတယ်။ စက်တင်ဘာ ၂၈ ရက်နေ့၊ နေ့လယ်ပိုင်းကလည်း နယ်ကကားလေး တစီး လမ်းတခြမ်း ပါသွားတဲ့ဘက်ခြမ်း စောင်းပြီးနစ်သွားလို့ ကရိန်းကားနဲ့ ဆွဲတင်လိုက်ရသေးတယ်” လို့ နောက်ထပ် ဒေသခံတယောက်က ပြောပါတယ်။
ဒါအပြင် ရေနံချောင်းမြို့က တွင်းချောင်းဘက်မှာလည်း မနေ့ စက်တင်ဘာ ၂၉ ရက်၊ ညပိုင်းက မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် ဒီကနေ့ စက်တင်ဘာ ၃၀ ရက်၊ မနက် ၃ နာရီဝန်းကျင်ကစပြီး ချောင်းရေတိုးနေကာ ကမ်းပါးပဲ့ကျမှုတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။
“အခုလို ရေကြီးတာက နှစ်တိုင်း ဖြစ်နေကျတော့ မဟုတ်ဘူး။ မဖြစ်တာ နှစ်ပေါင်းတော်တော်ကြာနေပြီ။ အခု ကျွန်တော့်အသက် ၄၀ ကျော်တဲ့အထိ ဒီမြို့မှာ နေလာတာ။ တခါမှ မကြုံဖူးသေးဘူး။ ဒီနှစ်မှာမှ ထူးထူးခြားခြား စကြုံရတာ။ မိုးတွေကလည်း တအုံးအုံးနဲ့ကို ရွာချတာ။ စဖြစ်တဲ့ရက် ၂၈ ရက်နေ့ည ၁၂ နာရီလောက်မှာ တကြိမ် သည်းကြီးမည်းကြီး ရွာတယ်၊ ခဏတိတ်သွားပြီး စက်တင်ဘာ ၂၉ ရက်၊ မနက် ၂ နာရီလောက်မှာ တခါ၊ တဝေါဝေါနဲ့ ထပ်ရွာပြီး ရေတွေဝင်လာတာ” လို့ နောက်ထပ် ဒေသခံတယောက်က ပြောပါတယ်။
မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့အတူ လေပြင်း တိုက်ခတ်မှုတွေလည်း ရှိခဲ့တာကြောင့် ရေဝင်ရောက်ရာ ရပ်ကွက်တွေအတွင်းက နေအိမ်တွေနဲ့ လမ်းတွေပေါ် သစ်ပင်လဲကျမှုတွေ ရှိခဲ့သလို မြို့တွင်း လမ်းတွေဘက်မှာလည်း သစ်ပင် အများအပြား လဲကျခဲ့တဲ့အတွက် လမ်းပိတ်ဆို့မှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။
လက်ရှိမှာ သစ်ပင်လဲကျရာ နေရာတွေနဲ့ ချောင်းပိတ်ဆို့မှု ဖြစ်ပွားရာနေရာတွေကို နယ်မြေ မီးသတ်တပ်ဖွဲ့ တာဝန်ရှိသူတွေနဲ့ ဒေသအခြေစိုက် လူမှုကူညီရေး အသင်းအဖွဲ့တွေက သွားရောက် ရှင်းလင်းရေး လုပ်ဆောင်လျက်ရှိတယ်လို့ သိရပါတယ်။
အခု ၂၀၂၅ ခုနှစ်၊ မိုးနှောင်းကာလအတွင်း မကွေးတိုင်းအတွင်း ရေကြီးရေလျှံမှုတွေ ဖြစ်ပွားလျက်ရှိတာမှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၇ ရက်နေ့ကလည်း နတ်မောက်မြို့နယ်မှာ မိုးသည်းထန်စွာ ရွာသွန်းပြီး အောင်ပန်းကျွန်းဆည် ကျိုးခဲ့တာကြောင့် မဲဇလီပင်ရွာက မိသားစုဝင် ခုနစ်ယောက် ရေစီးနဲ့အတူ မျောပါခဲ့ပြီး ခြောက်ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – ပေးပို့
