မတ် ၂၀ – ၂၀၂၆
SN (VOM)
လက်ရှိ လျှပ်စစ်ဓာတ်အား အလှည့်ကျ ဖြတ်တောက်မှု စနစ်ကြောင့် မီးစက်အသုံးများလာတာကြောင့် နိုင်ငံအတွင်း စက်သုံးဆီ ပိုမိုရှားပါးလာနိုင်ပြီး ကုန်စည်စီးဆင်းမှု ကွင်းဆက်တလျှောက် ရိုက်ခတ်မှုတွေ ရှိလာနိုင်တယ်လို့ စီးပွားရေး လုပ်ငန်းရှင်တွေက ပြောပါတယ်။
မတ် ၁၈ ရက်နေ့မှ စတင်ပြီး နိုင်ငံတဝန်းမှာ တရက်ကို စုစုပေါင်း ၈ နာရီ အလှည့်ကျ လျှပ်စစ်မီး ဖြတ်တောက်သွားမှာ ဖြစ်တယ်လို့ စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန် ကြေညာထားတာ ဖြစ်ပါတယ်။
ဒါကြောင့် စင်တာတွေ၊ ကုမ္ပဏီတွေ၊ အသေးစားနဲ့ အလတ်စား လုပ်ငန်းတွေ၊ စားသောက်ဆိုင်တွေ အပြင် မီးစက်ကို မှီခိုအားထားရမယ့် လုပ်ငန်းတွေအားလုံး စက်သုံးဆီကို ပိုမို လိုအပ်လာနိုင်တာကြောင့် နိုင်ငံအတွင်း စက်သုံးဆီ အလျှင်အမြန် ပြတ်တောက်သွားနိုင်တယ်လို့ စီးပွားရေး လုပ်ငန်းရှင်တယောက်က ပြောပါတယ်။
“နွေရာသီမှာ ဓာတ်အားပေးမှု မလုံလောက်တဲ့ ပြဿနာက နှစ်တိုင်း ဖြစ်နေကျ ဆိုပေမယ့် ဒီနှစ်ကတော့ မတူဘူးလေ။ စက်သုံးဆီ ချွေတာ သုံးစွဲနေရတဲ့အချိန်မှာမှ ဓာတ်အား ပြတ်တောက်မှု ဆိုတဲ့ ပြဿနာပါ ထည့်ပေါင်းလိုက်မယ်ဆို ထိခိုက်မှုက နှစ်ဆ ဖြစ်သွားနိုင်တယ်။ EV ကားတွေကအစ မီးစက်ကနေ ပြန်အားသွင်းရမှာ” လို့ သူက ပြောပါတယ်။
လျှပ်စစ်မီး အခက်အခဲကြောင့် ဈေးကွက်အတွင်း အင်ဗာတာ၊ ဘက်ထရီအပြင် နေရောင်ခြည်စွမ်းအင်သုံး ဆိုလာပြားတွေနဲ့ ဆက်စပ်ပစ္စည်းတွေ ဝယ်ယူသူ များပြားလာနိုင်ပြီး စျေးတက်လာနိုင်တယ်လို့ ဆိုပါတယ်။
ဒါအပြင် ကုန်ထုတ်လုပ်မှု၊ သယ်ယူပို့ဆောင်ရေး လုပ်ငန်းစဉ်အတွင်း ကုန်ကျစရိတ်တွေ ထပ်တိုးလာနိုင်တာကြောင့် အကျိုးဆက်အဖြစ် ကုန်ဈေးနှုန်းတွေလည်း ထပ်မံ ကြီးမြင့်လာနိုင်တယ်လို့ နောက်ထပ် လုပ်ငန်းရှင် တယောက်က ပြောပါတယ်။
“စက်သုံးဆီလိုအပ်ချက် များလာတာနဲ့အမျှ တိုင်းပြည်ထဲ ဆီကုန်တာ မြန်သွားနိုင်တယ်။ Service ပေးတဲ့ လုပ်ငန်းတွေနဲ့ စက်ရုံတွေကနေ Product အမီထုတ်နိုင်ဖို့အတွက် ဆီလိုအပ်ချက် များလာနိုင်တယ်။ လုပ်ငန်းတွေ ဆိုတာကလည်း ရပ်ထားလို့မှ မရတာကိုး။ ရပ်ထားရပြီဆိုလည်း ဈေးကွက်ထဲ အကုန် ကမောက်ကမ ဖြစ်ကုန်လိမ့်မယ်။ ဆီက တရားဝင် အလွယ်တကူ ဝယ်လို့မရရင် မှောင်ခိုဈေးကွက် ပိုအားကောင်းလာနိုင်တယ်။ ဆီဈေးတွေ အခုထက်ပိုပြီး မတန်တဆ ဖြစ်သွားနိုင်တယ်” လို့ သူက ပြောပါတယ်။
မြန်မာနိုင်ငံရဲ့ တရက်တာ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ဟာ ၄,၆၆၄ မဂ္ဂါဝပ် ဖြစ်ပေမယ့်လည်း လက်ရှိမှာ ၃,၆၀၀ မဂ္ဂါဝပ်ခန့်သာ ထုတ်လုပ် ဖြန့်ဖြူးပေးနိုင်တာ ဖြစ်တယ်လို့ စွမ်းအင်ဝန်ကြီးဌာနက အသိပေးထားပါတယ်။
လက်ရှိမှာ နိုင်ငံတဝန်း အလှည့်ကျစနစ်နဲ့ အုပ်စုတွေခွဲကာ ဓာတ်အား ဖြန့်ဖြူးပေးမှာ ဖြစ်ပေမယ့် စက်မှုဇုန်တွေမှာ သုံးစွဲနေတဲ့ သဘာ၀ဓာတ်ငွေ့ရည် (LNG) သုံး ဓာတ်အားပေး စက်ရုံတွေက ထုတ်လုပ်တဲ့ ဓာတ်အားလိုင်းတွေကိုတော့ စဉ်ဆက်မပြတ် ဆက်လက် ဖြန့်ဖြူးပေးသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
လက်ရှိ ရာသီဥတု ပူပြင်းတဲ့ နွေရာသီကာလကို ရောက်လာချိန် လျှပ်စစ်ဓာတ်အား သုံးစွဲမှု မြင့်တက်လာခြင်းကို ထိန်းညှိနိုင်ဖို့ ဝန်အားမျှတ ခွဲဝေဖြန့်ဖြူးခြင်းကို ပြုလုပ်ရခြင်း ဖြစ်တယ်လို့ စွမ်းအင်ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
“စုံရက်၊ မရက် ဆီထည့်နေရကြားထဲ လျှပ်စစ်မီးကလည်း အလှည့်ကျပေးဦးမယ်။ ဆီစျေးကလည်း ထပ်တက်ဆိုတော့ အဆင်မပြေတာတွေကတော့ တောက်လျှောက်ပဲ။
ဈေးမတက်ခင်ကတည်းက တချို့ဆိုင်တွေက ကားတစီးကို ဆီ သုံးသောင်းဖိုးပဲ ထည့်ပေးပြီး ညနေ ၆ နာရီဆို ဆိုင်ပိတ်၊ ညဘက် မှောင်ခို တလီတာ ၅၅၀၀ ကျပ်နဲ့ ရောင်းစားနေတာ။ ဈေးတက်ပြီဆို ပိုဆိုးမယ်။ အခုအချိန်မှာ စက်သုံးဆီထက် လျှပ်စစ်မီးက ပိုအရေးကြီးတယ်။ မီးပျက်တာနဲ့ စပြီး အကုန် ပြဿနာတက်မယ်” လို့ အငှားယာဉ်မောင်း တယောက်က ပြောပါတယ်။
လက်ရှိမှာ စွမ်းအင်ဝန်ကြီးဌာနအနေနဲ့ တရက်ကို ၈ နာရီ ဓာတ်အား အလှည့်ကျ ဖြန့်ဖြူးပေးမယ်လို့သာ ပြောဆိုနေပေမယ့် ပြီးခဲ့တဲ့ နှစ်တွေကအတိုင်း ဓာတ်အား ပြတ်တောက်ချိန်တွေ ပိုများလာပါက ဆီကားတွေတင်မက ဂက်စ်ကားတွေလည်း အခက်အခဲတွေ ဖြစ်လာနိုင်တယ်လို့ သူက ပြောပါတယ်။
စက်သုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေး ကော်မတီအနေနဲ့ စက်သုံးဆီ ရည်ညွှန်းဈေးကို ဒီကနေ့ မတ် ၂၀ ရက်ကစပြီး ၉၂ ဓာတ်ဆီ တလီတာ ၃၆၁၀ ကျပ်၊ ၉၅ ဓာတ်ဆီ တလီတာ ၃၈၅၀ ကျပ်အဖြစ် ပြောင်းလဲ သတ်မှတ်ထားတာကြောင့် ၉၂ တလီတာကို ကျပ် ၈၀၀ နီးပါး၊ ၉၅ တလီတာကို ကျပ် ၉၀၀ ကျော်ဝန်းကျင် ထပ်မံ မြင့်တက်လာတာကို တွေ့ရပါတယ်။
ဒီဇယ်အနေနဲ့ ရန်ကုန်မြို့မှာ HSD (500 ppm) တလီတာကို အရင် ၃၂၀၅ ကျပ်ကနေ အခု ၄၃၉၀ ကျပ်၊ HSD (50 ppm) နဲ့ HSD (10 ppm) တလီတာကို အရင် ၃၅၆၀ ကျပ်ကနေ အခု ၄၈၂၀ ကျပ် သတ်မှတ်ထားပြီး မန္တလေး၊ နေပြည်တော်၊ မြစ်ကြီးနား၊ စစ်တွေ အပါအဝင် တခြားသော မြို့တွေမှာလည်း စက်သုံးဆီဈေးတွေ ပြောင်းလဲ တိုးမြှင့်ထားပါတယ်။
Photo – CJ
