NNO (VOM)
ဧပြီ ၁၇၊ ၂၀၂၆။
စစ်ကိုင်းတိုင်း၊ ကသာမြို့တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း၊ သမိုင်းဝင် ရှေးဟောင်း နေအိမ်တွေ ထိခိုက်ပျက်စီးမှု ကြီးကြီးမားမားမရှိခဲ့ဘူးလို့ ကသာဒေသခံတွေက ဆိုပါတယ်။
နီးစပ်ရာ မြို့နဲ့ရွာတွေဆီ စစ်ဘေးရှောင်ရာကနေ မြို့ထဲကို ပြန်ရောက်လာကြတဲ့ ကသာမြို့ခံတွေ အဆိုအရ၊ ကသာမြို့ပေါ်က ရှေးဟောင်း အဆောက်အဦးတွေ၊ ဗုံးဒဏ်ကြောင့် ထိခိုက်တာရှိပေမယ့် အများစုက ကြီးကြီးမားမား ပျက်စီးတာမျိုး မဟုတ်ဘူးလို့ သိရပါတယ်။
ကမ္ဘာကျော်စာရေးဆရာကြီး ဂျော့ချ်အော်ဝဲနေထိုင်ခဲ့တဲ့ သမိုင်းဝင်နေအိမ်၊ သူ့ရဲ့ Burmese Days ဝတ္ထုထဲက ဇာတ်ဝင်ခန်းအိမ်ဖြစ်တဲ့ အရေးပိုင်မင်းရဲ့ နေအိမ် အပါအဝင် အခြားကိုလိုနီခေတ် ရှေးဟောင်းနေအိမ်တွေဟာ ထိခိုက်မှု အနည်းငယ်သာ ရှိခဲ့တယ်လို့ ဆိုပါတယ်။
မတ်လ ၂၃ ရက်နေ့က ဂျော့ရှ်အိုဝဲလ် နေထိုင်ခဲ့တဲ့ နေအိမ်ပတ်ဝန်းကျင်မှာ တိုက်ပွဲ ဖြစ်ပွားခဲ့ပေမယ့် အဆိုပါနေအိမ်ကို ထိခိုက်မှု မရှိဘူးလို့ ကသာဒေသခံတွေက ဆိုပါတယ်။
ကသာဆေးရုံကြီးနားမှာ ရှိတဲ့၊ ခရီးသွားတွေ လာရောက်လေ့လာနိုင်ဖို့ ပြတိုက်အဖြစ် ပြုပြင်ထိန်းသိမ်းထားတဲ့၊ အရေးပိုင်မင်းရဲ့ နေအိမ်ကတော့ ဗုံးဒဏ် ထိမှန်တာတွေ ရှိပြီး ခေါင်မိုးပျက်စီးတာ၊ အိမ်မြောက်ဖက်ခြမ်း နံရံအချို့ ပြိုကျထားတာတွေ တွေ့ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
“ခရီးသွားတွေ လာနိုင်မယ့် တချိန်ကျရင်တော့ ဒီအိမ်က ပျက်သွားတာတွေကို မူလအတိုင်း ပြန်ပြင်ဖို့ လိုမှာပေါ့။ ကျန်တဲ့ ဂျော့ရှ်အိုဝဲလ်နေသွားခဲ့တဲ့ အိမ်ကတော့ ထိခိုက်တာမရှိပါဘူး” လို့ ကသာဒေသခံက VOM ကိုပြောပါတယ်။
ကသာမြို့ပေါ်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း၊ လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်ခံရမှုတွေကြောင့် ဆေးရုံကြီးအပါအဝင် ၊ လေးထပ်ကျောင်းကြီးနဲ့ လူနေအိမ်အဆောက်အဦ အတော်များများ ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့ပါတယ်။
စစ်ဘေးရှောင်ထွက်သွားတဲ့ ဒေသခံတွေရဲ့ နေအိမ်တွေနဲ့ ဆိုင်ခန်းတွေက ပစ္စည်းတွေကို ဝင်ရောက်ခိုးယူခံရတာတွေလည်း အများအပြား ဖြစ်ခဲ့ပါတယ်။
လက်ရှိအချိန်မှာ ကသာမြို့တွင်းကို ပြန်လည်ဝင်ရောက်နိုင်ပြီလို့ ဆိုတာကြောင့် ပြန်လာကြသူ အချို့ ရှိသလို၊ အချို့ကလည်း အခြေအနေများ ခုထက် ပိုမိုတည်ငြိမ်အေးချမ်းမှသာ ပြန်လိုကြတယ်လို့လည်း ဆိုကြပါတယ်။
ကသာကိုပြန်ရောက်နှင့်သူတွေကတော့ ဒီနေ့နှစ်ဆန်းတရက်မှာ ကုသိုလ်လုပ်တာ ရေကစားနေကြတာတွေ့ရပါတယ်။ ကသာမြို့ကို လတ်တလော ရေလမ်းကပဲတချို့ပြန်လို့ရတာကြောင့် ကုန်းလမ်းကပြန်နိုင်ဖို့ လုံခြုံရေးတာဝန်ရှိသူတွေက စီစဥ်ပေးဖို့ စစ်ရှောင်နေရသူတွေက လိုလားနေကြပါတယ်။
