ဖလမ်းမြို့ကို တနှစ်အကြာမှာမှ တပ်ကပြန်ထိန်းချုပ်နိုင်

ဧပြီ ၂၅ ၊ ၂၀၂၆
GG (VOM)
ချင်းညီနောင်ပူးပေါင်း တပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ် ၊ဖလမ်းမြို့ကို အစိုးရတပ်တွေက ဒီကနေ့မှာ ပြန်လည်ထိန်းချုပ်လိုက်ပြီ ဖြစ်တယ်လို့ စုံစမ်းသိရှိ ရပါတယ် ။
ဖလမ်းမြို့နယ်မှာ ချင်းညီနောင် တပ်ဖွဲ့တွေနဲ့ အစိုးရတပ်အကြား တိုက်ပွဲ ပြင်းထန်ဖြစ်ပွားခဲ့ပြီး အစိုးရက လေကြောင်း ပစ်ကူ ၊ မြေပြင် စစ်ကြောင်း ၊ လက်နက်ကြီး ပစ်ခတ်မှု အပါအဝင် အင်အားအများအပြားနဲ့ ထိုးစစ်ဆင်တိုက်ခိုက် ခဲ့တဲ့အတွက် ဧပြီ ၂၅ ရက်နေ့မှာ အစိုးရတပ်က ဖလမ်းမြို့ကို အလုံးစုံ ထိန်းချုပ်နိုင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
” ဖလမ်းမြို့ကို တပ်မတော်​က အလုံးစုံထိန်းချုပ်လိုက်ပါပြီ ။ မနေ့က နယ်မြေယူ ၊ ဒီနေ့ အလုံးစုံရှင်းလင်းပါတယ်။ အလံတွေလည်း စိုက်ထူပြီးပြီ။ ဖလမ်းမြို့က စစ်ရေးအရ အရမ်းအရေးပါတဲ့မြို့ပါ။ချင်းတပ်တွေကတော့ မနေ့ကတည်းက မရှိတော့ဘူး ။ ” လို့ လုံခြုံရေး တပ်ဖွဲ့နဲ့ နီးစပ်သူ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
ဖလမ်းမြို့က ချင်းပြည်နယ်မှာ လေယာဥ်ကွင်းရှိတဲ့ တခုတည်းသောမြို့ဖြစ်သလို ပြည်နယ်ရဲ့ ဒုတိယမြို့တော်လည်းဖြစ်ပြီး စစ်ရေးအရ အဖွဲ့အစည်း နှစ်ခုလုံး အတွက် အရေးပါတဲ့ မြို့ ဖြစ်တယ်လို့ သိရပါတယ်။
ဖလမ်းမြို့နယ်ကို ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဧပြီလမှာ ချင်းညီနောင်ပူးပေါင်းတပ်တွေက သိမ်းပိုက်ခဲ့တာဖြစ်ပြီး အဲဒီ​နောက် စက်တင်ဘာလမှာ အစိုးရတပ်က ကလေး-နတ်ချောင်း-ဝေဘူလ-ဖလမ်းကားလမ်းကနေ စစ်အင်အားဖြည်ပြီး စစ်ကြောင်းထိုးတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
အဲဒီနောက်မှာ ချင်းညီနောင် ပူးပေါင်းတပ်တွေနဲ့ အစိုးရတပ်အကြား တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး ၂၀၂၆ ဧပြီလမှာတော့ တိုက်ပွဲက ပိုပြင်းထန်လာကာ ချင်းတပ်ဖွဲ့တွေလည်း နောက်ဆုတ်ပေးလိုက်ရပြီး ဖလမ်းကို တပ်ကပြန်လည်ထိန်းချုပ်နိုင်သွားတာ ဖြစ်တယ်လို့ သိရပါတယ် ။
ဖလမ်းမြို့ကိုတော့ ချင်းညီနောင်ပူးပေါင်းတပ်တွေက သိမ်းပိုက်ပြီး တနှစ်အကြာမှာ ပြန်လည် လက်လွှတ်လိုက်ရတာ ဖြစ်ပါတယ်။
ဓာတ်ပုံ – CJ

Related posts

Leave a Comment

VOM News

FREE
VIEW