သူတို့အိမ် အခန်း (၉၉)

ဆူးငှက်
ကျွန်တော်နှင့် ဆေးမခြောက်တော့သော ပန်းချီကား
———————————————–
ကျွန်တော်က ပန်းချီဝါသနာပါသည်။ ထိုအကြောင်းကို တဖွဖွ ပြောခဲ့ပြီးပါပြီ။ တကယ်တမ်း တက္ကသိုလ် ရောက်တော့ ပန်းချီနှင့်ပဲ စတင် ထိတွေ့ဖြစ်ပါသည်။ ကျွန်တော် တက္ကသိုလ်ရောက်သည့် ၁၉၇၆ခုနှစ်မှာပဲ ကျောင်းမှာ ပန်းချီပြပွဲ ပြုလုပ်သည်။ ထိုစဉ်ကာလ ကျွန်တော်က ဝါးတန်း ကောင်းမြင့် ပုံနှိပ်တိုက် အမှိုက်ပုံထဲက စွန့်ပစ် ပုံနှိပ်မင် ဘူးထွေထဲက ဆေးတွေနှင့် တောက်တိုမယ်ရ ဟိုရေးသည်ရေး လက်ဆော့နေသည့် အချိန် ဖြစ်သည်။ ထိုစဉ် ၂၆ဘီလမ်း ငှုက်နီတိုက်က ဆီဆေးအတောင့်တွေ ရှားရှားပါးပါး ရောင်းတာ တွေ့လိုက်သည်။
ငှက်နီတိုက်က ပန်းချီဆရာကြီး ဦးလှပေါ်၏ တိုက်ဖြစ်သည်။ ဆီးဆေားတောင့်ကို အခုမှ မြင်ဖူးသည်။ ထို့ကြောင့် စုထားသည့် မုန့်ဖိုးလေးနှင့် ဝယ်လိုက်သည်။ ဘာရောင်တွေ ညာရောင်တွေ မသိ။ မျက်စေ့ထဲ တည့်သည့် အရောင်ဝယ်လိုက်သည်။ မှတ်မှတ်ရရ အဖြူနှင့် အနက်က မရှိ။ ဆီဆေးဆွဲမယ်ဆိုတော့ ကင်းဗတ်စလိုသည်။ ဒီတော့ အိမ်မှာ မှောင်ခိုခေတ်က လက်ဖက်ခြောက် ကုန်ကူးတော့ စုတ်ပြဲသွားသော အိတ်ရာလိပ်ဟောင်းကြီး ရှိသည်။ ထို အိတ်ရာလိပ်ဟောင်းကြီးကို ဆုတ်ဖြဲပြီး လိုချင်သည့် အရွယ် ဖြတ်တောက်ကာ ဘောင်ကျက်သည်။
ထို အိတ်ရာလိပ်ဟောင်း ကင်းဗတ်စများမှာ ပန်းချီရေးသည်။ တကယ်တော့ ဆီဆေးကို ဘာနှင့် ရောစပ် ရေးရမှန်းမသိ။ ဆီဆေးဆိုတော့ ဆီနှင့် စပ်ရမှာပဲဟု တွက်ကာ အမေ့ဆီပုံးထဲက နှမ်းဆီတွေနှင့် စပ်ရေးသည်။ ရေးတော့ အကောင်းသား။ သို့သော် နှမ်းဆီက မခြောက်တော့ပေ။ သည်တော့ ဂျီစီအာ မှာပြသည့် ပန်းချီပြပွဲတွင် ကျွန်တော့် ဆီဆေးကားက မခြောက်သေးသောကြောင့် ကြည့်သူများနှင့် လက်လှမ်းမမီရာ ဟိုခေါင်မိုးမှာ တက်ချိတ်ထားရသည်။ ထိုပြပွဲမှာ ကျွန်တော်တင်သော ပန်းချီကားများက ဆရာကြီးသခင်ကိုယ်တော်မှိုင်း ကွမ်းအစ်နှင့် ထိုင်နေပုံ ကို မဟာဟု အမည်ပေးသည်။ ထို့နောက် ထန်းရွက်ငါးတွဲပုံက ရျွှေစာရံက အပြန်တဲ့။ နောက်တစ်ကားက ပွင့်ဖတ် အချို့ကြွေနေသော လတ်လတ်ဆတ်ဆတ် နှင်းဆီပွင့်ပုံ၊ သည်ပုံကိုတော့ ပြန်ကြစို့ကွယ် ဟု အမည်ပေးခဲ့သည်။
ထို့နောက် ကျွန်တော်တို့ ဒုတိယနှစ်တွင် ပြုလုပ်သော ပန်းချီပြပွဲမှာလည်း ကျွန်တော်က ပန်းချီကား တင်ပြန်သည်။ ပါဠိကျောင်းသူတဲ့၊ အရိပ်တဲ့၊ ဇာတိတဲ့။ ဒါကလည်း ဆီဆေး၃ကားဖြစ်သည်။ သည်တော့ ပြပွဲများမှာလည်း ပန်းချီကား တင်ဖူး၊ အခမ်းအနားတွေ မှာလည်း စာလုံးတွေ ဘာတွေ နှင့် ဆင်ဖူး၊ ဟိုဒီဇိုင်း သည်ဒီဇ်ုင်းလည်း ရေးဖူးတော့ ပန်းချီဆရာလိုလိုပေါ့။ အတူနေ သူငယ်ချင်းများက ကျွန်တော့ အိမ်သို့လည်း ရောက်ဖူးကြသည်။ ကျွန်တော့်အခန်း ဘေးနံရံမှာ ကိုယ်တိုင်ဆွဲထားတဲ့ ပန်းချီကားလေးတွေလည်း ချိတ်ထားတော့ ထို့ကြောင့် သူငယ်ချင်းများက ကျွန်တော့်ကို ပန်းချီဆရာဟု သတ်မှတ်ကြသည်။ ကျွန်တော့် ကျောင်းစာအုပ်တွေထဲမှာ ကဗျာတွေ၊ စာတိုပေစတွေ ရေးသား ထားတာကိုလည်း ဝိုင်းဖတ်ကြရဲ့။ ကျောင်းထဲက ပင်မဆောင်ကြီး အနောက်ဖက် “ချိုကြီးကဖေး” မှာ အချိန်ပြည့်ထိုင်ပြီး ကျွန်တော်ပြောသော စာပေ အကြောင်း၊ ဂီတအကြောင်း၊ ဇာတ်ပွဲ အငြိမ့်ပွဲတွေ အကြောင်းလည်း စီးကရက်တဖွာဖွာ၊ လက်ဖက်ရည်အိုး တစ်ခရားပြီး တစ်ခရားနှင့် နားထောင်ကြသေး…။
ဒီတော့ သူငယ်ချင်းတွေက ကျွန်တော့်ကို ပီဘိ အနုပညာသမား တစ်ယောက်လို စိတ်ချလက်ချယုံကြည်နေ ကြပြီလေ။ ထိုအချိန်က ကျွန်တော့်အနေနှင့် စာတစ်တို၊ ပေတစ်စမျှ မဂ်္ဂဇင်းစာမျက်နှာပေါ် မပါဖူးသေးပေမယ့်၊ မဂ်္ဂဇင်းထဲ ပါသော စာအတော်များများကို ဆရာကြီး၊ ဆရာမကြီးများ လက်ရာတွေက လွဲလို့ တယ်ပြီး အကောင်း မမြင်လှပေ။ အယ်ဒီတာနှင့်ပဲ ပုလင်းတူ ဗူးဆို့မို့ နေရာပေးသလိုလို အမနာပပြော ဖြစ်သေး။ ဒီတော့ သူငယ်ချင်းတွေ ကလည်း ကျွန်တော့်ကို “ဒီကောင်က စာပေမှာလည်း ခပ်ပေါ့ပေါ့တော့ မဟုတ်လောက်ဘူး။ လူရာဝင်ပေ သကိုး ” လို့ အထင်ကြီးနေချိန်ဖြစ်သည်။
နာမည်ကြီးသည့် ဂီတဆည်းဆာ
——————————–
ကျွန်တော်တို့ တက်္ကသိုလ် စရောက်တဲ့နှစ်တွေက တက်္ကသိုလ်မှာ စာပေ အနုပညာ ရေခံမြေခံ သိပ်ပြီး မလန်းဆန်း လှသေး။ ခပ်ခြောက်သွေ့သွေ့ပါ။ ကျွန်တော်တို့ ရောက်ပြီး ဒုတိယနှစ် မတက်ခင်လောက်မှပဲ အနုပညာအသင်းတွေ ပြန်ဖွဲ့စည်းကြဖို့ ပြင်ဆင်ပြီး မန္တေလေးဝိဇ္ဇာနှင့် သိပ္ပံတက်္ကသိုလ်တွင် နာမည်ကြီးခဲ့သော ဂီတဆည်းဆာပွဲများအထိ ပြန်ပြီး စိမ်းစို လန်းဆန်းသွားသည်။ ထိုစဉ်က ဂီတဆည်းဆာများက အတော်နာမည်ကြီးသည်။ ဖေဖော်ဝါရီလ ပြည်ထောင်စုပွဲနှင့် ချိန်ကိုက်ကျင်းပသော ဂီတဆည်းဆာပွဲများက ပြင်ပပညာရှင်များပင် ဂရုတစိုက် ကြည့်ရှုကြသည်။
ထိုစဉ်ကာလက ဒဿနိက ဘာသာရပ်အတန်းမှာ စိုင်းထီးဆိုင် ကလည်း ကျောင်းတက်နေသည်။ သူ့ကို ကျွန်တော်တို့ ပထမနှစ်တွင် သူ့ကို တတိယနှစ် ဒဿနိကကျောင်းသားအဖြစ် ရူပဗေဒဌာနရှေ့ တမာပင်ရိပ်ရှိ အဒေါ်ကြီး ငှက်ပျောပေါင်းဆိုင်မှာ တွေ့ဖူးနေသည်။ ဂီတဆည်းဆာမှာ သီချင်းဆိုဖို့ အကြို အသံစစ်ရာတွင် စိုင်းထီးဆိုင်က အသံမအောင်ခဲ့ဟူသော သတင်းမျိုးတွေလည်း ကြားဖူးသည်။ ထိုစဉ်ကာလ ကျွန်တော်တို့က ဂီတဆည်းဆာကို စိတ်မဝင်စားကြပေ။ ကျောင်းသားများ၏ အာရုံကို လှည့်စားသည့် အရာဟုပဲ သဘောပေါက်ထားလို့ ဖြစ်သည်။ သို့သော် ထိုစဉ်ကာလ ဂီတဆည်းဆာမှာ စင်ပေါ်တက် ဖျော်ဖြေခွင့် ရသည့် ကျောင်းသူ ကျောင်းသားက တကယ့် တက္ကသိုလ်စတားများ ဖြစ်လာကြသည်။
ထို့ပြင် ဂီတဆည်းဆာ၏ စတိတ်ဒီဇိုင်းများကလည်း တစ်နှစ်တစ်မျိုးမရိုးရအောင် ထူးခြားလှပစွာ ပြင်ဆင်ခဲ့သည်။ ရူပဗေဒက ကျောင်းသား ကိုကျော်မင်းတို့ ကိုကျော်ကျော်ဝင်းတို့ လက်ရာဟု မှတ်သားဖူးသည်။ တစ်နှစ်တင် ဂီတဆည်းဆာတွင် နောက်ခံ ကားက မြန်မာရွှေချည်ထို့ စည်းပုံ ပုံစံကို ထုများနှင့် ပုံဖော် ထားရာ သစ်ဆန်း ခမ်းနားလှသည်။ ထိုဂီတဆည်းဆာ ပွဲရက်မှာပင် အင်းဝ ၉ ခန်းမ၌ လူထုဦးလှ၊ ပန်းချီ ဦးအေးမြင့် နှင့် ပန်းချီ ပေါ်ဦးသက်တို့၏ စာပေဟောပြောပွဲလည်း ကျင်းပရာ ဆရာဦးအေးမြင့်က ဂီတဆည်းဆာ စတိတ်ခုံက စည်းပုံ ပုံစံ ဘက်ဂရောင်းကို အကြောင်းပြုပြီး မင်းခမ်း မင်းနားနှင့် အဝတ်တန်ဆာ အဆောင်အယောင်များ၏ မြန်မာမှုဒီဇိုင်းများ၏ စည်းနှင့် စံများအကြောင်း အကျယ်တဝံ့ ဟောပြောသွားတာ မှတ်မိသည်။
သင်္ချာက အနုပညာအသင်း ပြန်ဖွဲ့မယ်တဲ့
—————————————–
ထိုသို့ မန္တလေးတက္ကသိုလ်၏ နာမည်ကြီးသော ဂီတဆည်းဆာ၏ အောင်မြင်မှုနှင့်အတူ သက်မဲ့ဖြစ်နေသည့် အနုပညာအသင်းများကို ပြန်ပြီး အသက်သွင်းပေးဖို့ ပြင်ဆင်ကြသော ကာလက တက်္ကသိုလ်မှာ တကယ့်အချိုး အကွေ့၊ အပြောင်းအလဲကြီဟု ဆိုရမည်။ လွတ်လပ်သလိုလို ပေါ့လေ။ ထို့ကြောင့် ကွက်လပ်ချန်ပေးထားသော ဂီတဆည်းဆာ ပွဲများနှင့် အတူ အနုပညာအသင်းများကို ကျောင်းသား တိုင်း စိတ်ဝင်စားကြသည်။ ဘယ်လို အနုပညာလှုပ်ရှားမှုတွေနဲ့ လွတ်လပ်ပွင့်လင်း လိုက်မဟဲ့ဆိုသော အားခဲ မျှော်လင့်ချက်များ နှင့် ဖြစ်သည်။
ထိုအခါ ကျွန်တော်တို့ သင်္ချာဌာနကလည်း အနုပညာအသင်း ပြန်ဖွဲ့စည်း တော့မယ်တဲ့။ အနုပညာ လှုပ်ရှားမှုတွေ ပြန်လည် လှုပ်ရှားတော့မယ်တဲ့ ဂုဏ်ထူးတန်း ကျောင်းသားကြီးတစ်ယောက် ဦးဆောင်ပြီး အနုပညာ အသင်း ဖွဲ့စည်းဖို့ မကြာခင် အစည်းအဝေး ခေါ်မယ်တဲ့။ အနုပညာအသင်း ဥက္ကဋ္ဌအနေနှင့် ထို ဂုဏ်ထူးတန်း ကျောင်းသားကြီးက တာဝန်ယူမှာတဲ့။ ဒါက အဲဒီခေတ်ကာလ ခေတ်စားနေတဲ့ ဗဟိုဦးစီး စနစ်နှင့် တိုက်ရိုက် ခန့်ထားမှု အစီအစဉ်အရပါ။ ကျန်သော အသင်းအတွင်းရေးမှူးနှင့် အလုပ်အမှုဆောင်အဖွဲ့ကိုတော့ အစည်းအဝေးမှာမှ ရွေးချယ် တင်မြှောက် ကြမှာတဲ့…။
ဒါပေမယ့် အသင်းအတွင်းရေးမှူးအဖြစ် ဘယ်သူဘယ်ဝါ ဖြစ်မယ်ဆိုတာ သတင်းက ပေါက်ကြားနေပါပြီ။ တတိယနှစ်က ကျောင်းသူတဲ့။ ဒီကျောင်းသူက တောင်ကြီးကောလိပ်က ပြောင်းလာတာတဲ့။ တောင်ကြီးကောလိပ်မှာ ထင်ရှားခဲ့သူ….။ ကိုယ်တိုင် ဂစ်တာတီးပြီး သီချင်းဆိုခဲ့တဲ့သူ။ ပွဲတိုင်းကျော် ဆိုပါတော့။ စတား(star)ဆိုပါတော့။ တစ်ခါ… ရုပ်ရည်၊ အသားအရေ၊ အသံကအစ အတော်အဆင်ပြေ ချောမွေ့သူ။ ကဲ သူ့ဘာသာ ဘာဖြစ်နေနေ။ ကျောင်းသူ ကျောင်းသားတွေ အများစုဆန်္ဒနဲ့ မဲပေးပြီး ရွေးကောက် တင်မြှောက်တာမှ မဟုတ်ဘဲ၊ အခုလို ကျောင်းသားတွေရဲ့ အခွင့်အရေးထဲက ထပ်မံပြီး ဗဟိုဦးစီး စနစ်မျိုး ကြိုတင် လျာထားချပြ သတ်မှတ် ကန့်သတ်ထားတာမျိုး ကိုတော့ ကျောင်းသားတွေ က စိတ်ထဲမှာ ဘဝင်မကျလှကြဘူးပေါ့။
ဗဟိုဦးစီးစံနစ် မကြိုက်လို့
—————————
အထူးသဖြင့် ကျွန်တော်တို့ ဒုတိယနှစ် ကျောင်းသားအုပ်စုက မန်္တလေးမြို့ခံတွေချည်း ဆိုတော့ ကိုယ့်မန်္တလေးမှာ လာပြီး နယ်က နေရာယူတာမျိုး ဘိုးစဉ်ဘောင်ဆက် ငြိမ်ခံခဲ့ကြတာမှ မဟုတ်တာ။ ကိုယ့်မြို့သားမှ အကောင်းထင် တတ်ကြတဲ့ ဒေသစွဲကလည်း ကြီးခဲ့ကြတာ မဟုတ်လား။ ထို့ကြောင့် အနုပညာအသင်း ဖွဲ့စည်းသည့်နေ့မှာ သိကြရောပေါ့ကွာ ဟုဆိုပြီး “နေသေးသပ ခြုံထဲက၊ ချိုသွေးသပ တမြမြ” လုပ်နေကြသည်။ အစည်းအဝေးနေ့မှာ ကျွန်တော်တို့ ဒုတိယနှစ် ကျောင်းသားတွေ အစည်းအဝေးခန်းထဲ အစောကြီး ကတည်းက နေရာယူထားကြသည်။ အစည်းအဝေးခန်းထဲ မလာသေးတဲ့ သူတွေကိုလည်း အတန်းထဲထိ သွားခေါ်ထားကြကာ လူအင်အား စုထာသည်။ အစည်းအဝေးစတော့ ထုံးစံအတိုင်း တာဝန်ခံဆရာက မိန့်ခွန်းခြွေပြီး အသင်းဖွဲ့စည်းဖို့ ပြင်ဆင်သည်။
ဥက္ကဋ္ဌက ဗဟိုဦးစီးစနစ်အရ ရွေးပြီးသား။ ထိုဂုဏ်ထူးတန်း ကျောင်းသားကြီးပါပဲ။ အတွင်းရေးမှူး အနေနဲ့ တောင်ကြီးကောလိပ်က ပြောင်းလာတဲ့ ကျောင်းသူကို လျာထားတာ အတည်ပြုပေးဖို့ ထိုခေတ်ထုံးစံအတိုင်း ဗဟိုဦးစီးအမိန့်နှင့် ဆုံးဖြတ်တာမျိုး ကြိုတင် ပြောကြား အသိပေးသည်။ ဒီတော့ ဘယ်ရလဲ။ ကျောင်းသား အခွင့်အရေးနှင့် ဆန္ဒသဘောထားကို ချုပ်ချယ် ပိတ်ပင်တာပဲ ဆိုပြီး ကျွန်တော်တို့ ကျောင်းသား အုပ်စုက ကန့်ကွက်ကြသည်။ အနုပညာအသင်း အတွင်းရေးမှူးနှင့် အလုပ်အမှုဆောင်အဖွဲ့ကို ကျောင်းသားများ၏ မဲဆန်္ဒနှင့်ဟာ ရွေးရမယ်ဟု တောင်းဆိုကြသည်။ ထို့ကြောင့် အနုပညာ အသင်း အတွင်းရေးမှူးအဖြစ် ဒုတိယနှစ်က ကျွန်တော့်ကို အဆိုတင်ကြ၏။ ဒီတော့ အစည်းအဝေး ဦးဆောင်သူ ဆရာမှာလည်း မျက်စိမျက်နှာပျက်ပျက်နှင့် “ဒါဆိုရင် အတွင်းရေးမှူးနေရာမှာ ထိပ်တိုက်တွေ့နေတဲ့ ဒီနှစ်ယောက်ကို ပြောင်မဲစနစ်နဲ့ မဲခွဲမယ်၊ မဲနိုင်သူ အတွင်းရေးမှူး တာဝန်ယူစေပါမယ် ””ဆိုပြီး ဆုံးဖြတ်သည်။
ကဲ စာဖတ်သူပဲ စဉ်းစားကြည့်။ ကျွန်တော့်မှာက အနုပညာနှင့် ပတ်သက်ပြီး ဘာမှမယ်မယ်ရရ လုပ်ဆောင်ချက်မှ မရှိတာ။ လူပုံကလည်း သေးသေး ညှက်ညှက ်မည်းမည်း၊ (အဲဒီအချိန်က) ဆံပင်စုတ်ဖွား ကောက်ကောက်။ ရုပ်ရေက ခပ်ညံ့ညံ့ ဆိုင်းနောက်ထလောက်တောင် အရည်အရောင် မရှိသူ။ ဟိုဖက်က ကျောင်းသူက အဲဒီခေတ်ရုပ်ရှင်မင်းသမီးတွေ နဲ့ နင်လား ငါလား၊ ခေတ်ဆန်ဆန်နဲ့ ချောလိုက်တာ။ အသားအရေကလည်း တောင်ပေါ်သူမို့ ပြောစရာမရှိ၊ မျက်ခုံး နက်မှောင်၊ အရပ်အမောင်း ကိုယ်လုံး ကိုယ်ပေါက် စံမီ တန်းမီ၊ဖူးလို့ ညွန့်လို့၊ လူကလည်း ကိုယ့်ကိုကိုယ် ယုံကြည် စိတ်ချရမှု အပြည့်နဲ့ မော့လို့၊ ကြော့လို့။ ဒီနှစ်ယောက်ကို အစည်းအဝေး ခန်းမရှေ့မှာထွက်ရပ်စေပြီး ပြောင်မဲစနစ် နဲ့ ရွေးချယ်စေသည့်် ရွေးချယ်တင်မြှောက်ပွဲပေါ့လေ။
လူတည်မြဲ၊ မဲသန့်ရှင်း
———————–
မဲခွဲလိုက်တော့ ကျွန်တော့်ဖက်က သေချာပေါက်လို့ တွက်ထားတဲ့ ဒုတိယနှစ် ကျောင်းသားတွေထဲကကိုပဲ ပါမလာတော့ဘူး။ “လူတည်မြဲ၊ မဲသန့်ရှင်း ”ဆိုသလိုပေါ့။ “၂၆နှစ်သာမက ၂၆ရက်နေ့အထိ အညာခံလိုက်ရတယ်” ဆိုသလိုပေါ့။ အကုန် ဟိုဘက်ပါကုန်တယ်။ ကိုယ်နဲ့ထပ်တူ ပေါင်းဖက်သင်းဖက် လက်ဖက်ရည် သောက်ဖက် ၅ယောက်လောက်ပဲ ကိုယ့်ဖက်ပါတယ်။ သူတို့ကလည်း ကိုယ့်ဘေးတစ်ခုံတည်း ထိုင်နေတာဆိုတော့ အားနာလို့နေမှာ။ ကိုယ့်လူလို့ သတ်မှတ်ထားတဲ့ ဒုတိယနှစ် ကျောင်းသား ၂၀လောက်ရော ကျန်တဲ့ တတိယနှစ်၊ စတုတ်္ထနှစ်တွေရော လူ ၁၀၀ကျော်လောက်က သူ့ဖက်ကိုပဲ မဲပေးလိုက်ကြသည်။ ကျွန်တော် ခွက်ခွက်လန် ရှုံးတာပေါ့။ မှတ်ဟ။ ဟုတ်တယ်။ ဥက္ကဋ္ဌ ကျောင်းသားကြီးကလည်း ကျွန်တော့်ကို မှတ်ပြီလား ဆိုတဲ့ အကြည့်နဲ့ သရော်ပြုံးပြုံးသည်။ ကျွန်တော်တို့ သူငယ်ချင်းတစ်စု ခေါင်းမဖော်ရဲဘဲ မိန်းအနောက်ဘက် ရေနီမြောင်းနားက ချိုကြီးကဖေးဆီ ပြေးခဲ့ကြတာပေါ့။ ကိုယ့်ဖက်လို့ သေချာ ပေါက်ထင်ထားတဲ့ သူငယ်ချင်းတွေက “တောင်ကြီးသူလေးက တအားချောတာကိုး ဘယ်သူ စိတ်မပြောင်းဘဲ နေမှာလဲ” တဲ့။ လုပ်ကြပုံ။
ကိုင်း၊ ချုပ်လိုက်သောအခါ ထို ရွေးကောက်ပွဲမှာ ကျွန်တော် အပြတ်အသတ် ခွက်ခွက်လန် ရှုံးသည်။ ရှက်စရာကောင်းလိုက်ပုံက ခေါင်းပင် မဖော်နိုင်ခဲ့ပေ။
နောက်ထပ် အမှတ်မရှိပုံ
————————–
တစ်ဆက်တည်း အသစ်ချပ်ချွတ် သင်္ချာဌာန အနုပညာအသင်း၏ ကနဦး လှုပ်ရှားမှု အနေနှင့် မကြာခင်မှာ မောင်မယ်သစ် လွင်ကြိုဆိုပွဲနှင့် မိတ်ဆုံစားပွဲ ပြုလုပ်မည်။ ပဒေသာကပွဲ အစီအစဉ်ပါမယ်။ အဲဒီပွဲမှာ အဖွင့်သီချင်း တစ်ပုဒ် သီဆိုကြမယ်။ ပါဝင် ရေးစပ်နိုင်ကြတယ်လို့ အနုပညာအသင်း ဥက္ကဋ္ဌက ကြေညာသည်။ ဥက္ကဋ္ဌက ဆက်ပြောသည်မှာ ပွဲရက်ကလည်း နီးကပ်နေသောကြောင့် အဖွင့်သီချင်းကို လောလောဆယ် အများကြားနေကျ သီချင်းတွင် သင်္ချာနှင့် ပတ်သက်သော စာသားများအစားထိုး စပ်ဆိုလျှင် အဆင်ပြေနှိုင်ကြောင်းလည်း ဆက်ပြောသည်။
ကျွန်တော်လည်း အမှတ်မရှိဘူး ပြောရမလား၊ တတ်သည့် ပညာ မနေသာလို့ပဲ ပြောရမလား။ စိတ်ထဲက ယားကျိကျိ ဖြစ်လာပြီး သီချင်းတစ်ပုဒ် စပ်သည်။ ကိုယ်တိုင်က ဆရာအောင်လင်း ဝတ္ထုုတွေဖတ်၊ ရုပ်ရှင်မင်းသား မြတ်လေး ရုပ်ရှင်ကားတွေ နှစ်သက်လေတော့ ထိုအချိန်က ခေတ်စားနေသည့် သီချင်းအလိုက်တွေမှာ စာမြှောင်ကပ်ပြီး သီချင်းစပ်ဖို့ ဆိုသော လွယ်လင့်တကူ ကိစ်္စကို ခါးခါးသီးသီး ငြင်းပယ် ဆန့်ကျင်သည့် စိတ်ဓာတ်ဓာတ်နှင့်မို့ ကျွန်တော့်သီချင်းက ကိုယ်ပိုင်သံစဉ်၊ ကိုယ်ပိုင်စာသား….၊ ကဲ…။
ဆူးငှက်

Related posts

Leave a Comment

VOM News

FREE
VIEW