သူတို့အိမ် အခန်း (၉၈)

ဆူးငှက်

ကျောင်းတောင်ဘက်က လမ်းကလေး
—————————————–

သစ္စာဆောင်နောက်ကျော သင်္ချာဆောင် ဝါးကပ်တဲများမှာ ခက်ခဲ နောက် ကျိဖွယ် ကဲကုလ သင်္ချာ ပုစ္ဆာများကို အဖြေထုတ်ပြီးနောက် စာသင်ချိန် ပြီးဆုံး သောအခါ နေ့လယ် ၁၂နာရီ ထိုးချေပြီ။ ပူပြင်းလှသော မန္တလေး နွေကြောင့် အိမ်သို့ ချက်ချင်းမပြန်နိုင်သေး။ ရူပဗေဒဆောင်ရှေ့ တယ်ပင်ရိပ်အောက်က မန်ကျည်း ဖျော်ရည်တစ်ခွက် သောက်ချင် သောက်။ သို့တည်းမဟုတ် ရွှေပြည်အေးရှေ့ ကဲန်တင်းက မြီးရှည်စားချင်စား၊ ထမင်းသုတ် တစ်ပွဲ ဗိုက်ဖြည့်ချင် ဖြည့်ပြီး နောက် ဦးပုညလမ်းကို ဖြတ်ကာ ကျောင်းဝင်းတောင်ဘက်ဆီ ထွက်ခဲ့ရသည်ချည်း ဖြစ်သည်။ တစ်ခါတစ်ရံတော့ မတ္တရာမြင့်မြင့်သန်း၊ မိုးကုတ် မာမာအေး၊ မုံရွာ တင့်တင့်၊ ပျော်ဘွယ်မဖြူတို့နှင့်အတူ ဗောဓိကုန်း မြတ်မွန် ဆောင်ဘက် လိုက်ပြီး သူတို့ ထမင်းဘူးတွေ မွှေနှောက် စားချင်စားမည်။ သို့တည်းမဟုတ် ပျဉ်းမနား ကိုမြင့်သိန်းကြီး၊ မိတီ်္ထလာ ကိုခင်မောင်စောတို့ ရှိရာ အောင်မင်္ဂလာအဆောင် သွားချင်သွားမည်။

သို့ပေမယ့် များသောအားဖြင့်တော့ ကျောင်းတောင်ဘက်ကိုပဲ ထွက်ဖြစ်ပါသည်။ များသောအားဖြင့် ကျောင်းတောင်ဘက် ထွက်ဖြစ်တိုင်း တစ်ခါတစ်ရံ မြင်းစာရေးကြီး ကိုမြင့်အောင် ပါချင်ပါမည်။ ရသာတန်း ကိုအုန်းမြင့် ပါချင်ပါမည်။ အိမ်တော်ရာ ကိုဝင်းအောင် ပါချင်ပါမည်။ ပိုက်ကျုံး ကျော်ရွှေ ပါချင်ပါမည်။ ဒေါင်းရိုး ဟီးရားလား ပါချင်ပါမည်။ မည်သို့ဆိုစေ မိမိသွားဖြစ်သော ကျောင်းတောင်ဘက်ဆိုသည်မှာ ကျောင်းဝင်း နယ်နိမိတ်အစွန် ရေနီမြောင်းပေါင်လေးပဲ ဖြစ်ပါသည်။ မြောင်းကလေးကို ခနော်ခနဲ့ သစ်သားတံတားလေးက ကျော်လိုက်တော့၊ လယ်ကွင်းတွေ တစ်မျှော် တစ်ခေါ်ကြီး ရှိ၏။ ခပ်လှမ်းလှမ်း တောင်ဘက်နားမှာ တံခွန်လုံး အဖြူတစ်ခု တိုင်မြင့်မြင့်ထိပ်က တလူလူလွင့်နေတာ လှမ်းမြင်ရသည်။ ချမ်းမြသာစည် လေယာဉ်ကွင်းဖြစ်၏။ အသံသြသြ ဒါကိုတာ လေယာဉ်ကြီးတွေ ဆင်းသက်သံ နားဆူအောင်လည်း ကြားရတတ်ပါသည်။ ကျွန်တော်က ရေနီမြောင်းပေါင်ပေါ်က တမာပင်ရိပ်ကလေးမှာ ထိုင်သည်။ ပါလာသည့် နေကြာစေ့လှော် ထုပ်ကလေး ဝါးသည်။ ဟို အဝေး လယ်ကွင်းတွေကို ဖြတ်ကာ ခပ်ဝါးဝါး မြင်ရသည့် ဗိုလ်ရရွာကလေးဆီ လှမ်းကြည့်သည်။

တောင်ဘက် မြောင်းပေါင်မှာ ကောက်ရိုးလှည်း တစ်စီး တအိအိ ဖြတ်မောင်း သွား၏။ အနောက်နား စိုက်ပျိုးရေး သိပ်္ပံရုံးရှေ့က မြောင်းပေါင်မှာတော့ စက်္ကူပန်းပင်အုပ်အုပ်လေးနှင့် အသားထိုင်ခုံလှလှလေး ရှိသည်။ သည်နေရာက အစော ကြီးကတည်းက ဦးထားမှရသည်။ ချစ်သူစုံတွဲတွေ အများဆုံး ထိုင်ကြတာပေါ့။ သူတို့ရှိနေမှတော့ တော်တော်နှင့် ထမှာမဟုတ်။ တစ်ခါတစ်ရံ သည်ထိုင်ခုံမှာ စစ်ကိုင်းက မြင့်မြင့်အေးတို့၊ ခင်မျိုးထွန်းတို့၊ ဝင်းဝင်းတို့ မချိုတို့အုပ်စု ထိုင်တတ်သည်။ သူတို့ကတော့ ခဏပါပဲ။

စုံတွဲလေးတွေထိုင်ပြီး “ဖိုမမောင်နှံ သောင်ယံထက်က၊ လည်ချင်းယှက်” နေလျှင်ဖြင့် ဒေါင်းရိုး ဟီးရားလား သည်…

““ဒူးနဲ့မျက်ရည်သုတ်၊ ဒူးနဲ့ မျက်ရည်သုတ်…”” ဟု အော်ဟစ်တတ်၏။

ကျွန်တော်တို့ ထိုင်ဖြစ်သည့် မြောက်ဘက် မြောင်းပေါင်ရိုးသည် နွားအုပ်ကြီးများ ဖြတ်သွားလို့ဖြစ်စေ။ လယ်တောသွား လှည်းနွား၊ ထွန်ထယ်တွေ ဖြတ်သွားလို့ ဖြစ်စေ။ ရွှံ့စေးမြေမို့ မညီမညာ၊ ချိုင့်ခွက်၊ လှည်းဘီးရာ၊ နွားခြေရာခွက်တွေနှင့် ကချော်ကချွတ်နိုင်လှ၏။ ယာသမား၊ လယ်သမားကလွဲလျှင် အသွားအလာနည်း ပါးသော လမ်းမို့ လူသူကင်းရှင်း တိတ်ဆိတ်သည်။ ထို့ကြောင့် ချစ်သူစုံတွဲတွေ စတည်းချ၏။ ကျောင်းပိတ်လုဆဲ နွေဦးကာလများတွင် ကျွန်တော်တို့သည် ကျောင်းအတွင်း အရိပ်ကောင်းသည့် သစ်ပင်ကြီးများရှိစေကာမူ ထိုမြောင်းပေါင်လေးရှိ စက္ကူ ပန်းရုံလေးအောက်ရှိ ခုံကလေးဆီသို့ ရောက်တတ်ကြသည်။

မှတ်မှတ်ရရ နွေဦး
——————

အဲဒီလိုနွေဦးမှာပဲ အအေးဓာတ်ဆုတ်စ နွေဦးနံနက်ခင်းစောစောတွင် စိတ္တဇအလွမ်းသီချင်းသံလေးတွေ တစ်စစီ ကျဲဖြန့် အလှဆင်ထားသော ၇၃လမ်းမကြီးပေါ် စက်ဘီးကို ခတ်သုတ်သုတ် နင်းနေရ၏။ ဈေးချိုပြန် မြင်းလှည်းလေး တစ်စီးစ နှစ်စီးစကိုပင်ကျော်တက်ခဲ့ရသည်။

“ အား.. ခုနစ်နာရီခွဲလုပြီ၊ အခမ်းအနားက ရှစ်နာရီ စမှာဆိုတော့..” ဟူသောအတွေးဖြင့် မြိုင်သာယာခြံအလွန် ရေနီမြောင်းတံတား ရောက်တော့ စက်ဘီးကို အရှိန်ထပ်မြှင့် လိုက်ရ၏။ နောက်ကျနေမှာ စိုးတာကြောင့် ပင်မဆောင်ကြီး အနောက်ဖက်က စက်ဘီးစတင်းကို မသွားတော့ဘဲ သစ္စာလမ်းဖက်က စာသင်ဆောင် ကတ်တဲတွေဖက် ဦးလှည့်ကာ ခတ်သွက်သွက်နင်းလိုက်သည်။

“ ဟေး.. ဟေး… ကျော်ဆန်း.. ကျော်ဆန်း…”

ပင်မဆောင် လှေကားပေါ်က လက်ခုပ်တီးပြီး ကျနော့်နာမည် ခေါ်သံကိုပင် ပြန်မထူးအား။ လက်ပြရုံပဲ တုံ့ပြန်နိုင်ခဲ့သည်။ စာသင်ဆောင်ဘေးမှာ ဖြစ်စေ၊ ဌာနအောက် လှေကားရင်းမှာ ဖြစ်စေ စက်ဘီးကို ခဏသော့ခတ် ထားခဲ့ပြီး အခမ်းအနားကျင်းပမည့် အားကစားရုံဖက်ကို သူငယ်ချင်းများနှင့် ခြေကျင် လျှောက်သွားတော့မှာပေါ့။ အခုလောက်ဆို စောင့်နေရတဲ့ သူငယ်ချင်းတွေက ကျိန်ဆဲလောက်ရောပေါ့။ သည်လိုအတွေးနှင့် သစ္စာဆောင်အလွန်မှာ စက်ဘီးပေါ်ကဆင်းပြီး သစ်သားတံတားလေးပေါ် စက်ဘီးတွန်းကျော်ရင်း စာသင်ဆောင်ရှေ့က စောင့်နေမည့် သူငယ်ချင်း တွေဆီလှမ်းကြည့်မိသည်။

အလို တစ်ယောက်မှ မရှိကြပါလား၊ မစောင့်နိုင်လို့ သွားကြပြီထင်ရဲ့၊ မဟုတ်သေးပါဘူး။ အခုမှ ရှစ်နာရီမတ်တင်း ရှိသေးတာပဲ၊ သွားနှင့်တောင်မှ တစ်ယောက်စ နှစ်ယောက်စ ကျန်ရစ်ဦးမှာပေါ့။ အခုဟာက တစ်ယောက်မှမရှိ၊ ခြောက်ကပ်လို့။ ဌာနပေါ်မှာလည်း လူသူမရှိသလို တိတ်ဆိတ်ငြိမ်သက်။ ကျနော်က စက်ဘီးလေး သော့ခတ်ရင်း ဟိုဟိုသည်သည် လှမ်းကြည့်နေဆဲ ရူပဗေဒဌာနဖက်က ဖြတ်ပြီး အမောတကော ဝင်လာသော ကိုတင်မောင်ဦးကို လွယ်အိတ် ဖို့ရို့ဖားရားနှင့် မြင်လိုက်တော့ သူက

“မင်းကွာ….ငါမိန်းရှေ့က လက်ခုပ် တီးခေါ်နေတာ မကြားဘူးလား”ဟု ပြောသည်။

“ကျွန်တော်ကလည်း နောက်ကျနေမှာစိုးလို့ လှည့်မကြည့်ဖြစ်ဘူးဗျ၊ခင်ဗျားမှန်းလည်း မသိဘူး။ ဒါ့ကြောင့် အသားကုန် နင်းတာ။ကျန်တဲ့ အဖွဲ့တွေရော သွားနှင့်ကြပြီလား။ မနေ့ညက ကျွန်တော် ပြန်သွားတော့ ကျန်တာတွေရော အဆင်ပြေရဲ့လား။ ဖိတ်စာကရော ရော ပြီးရဲ့လား“

ကိုတင်မောင်ဦးက၊ မင်းဘာမှ မသိဘူးလား။ ဒါနဲ့မင်း အဲဒီနေ့က ဘက်ဂရောင်း ဒီဇိုင်းဆွဲပြီးအပြန် ရွှေပြည်အေးက ကိုမြင့်သိန်း အခန်းဝင်အိပ်တာ မဟုတ်ဘူးလား၊ မနက်ကရော မြင့်ဆွေတို့ အုပ်စုနဲ့ သီတာဦးမှာ မထိုင်ဖြစ်ဘူးလား“ ဟု ဆက်တိုက် မေးသည်။

ကျွန်တော်က ကိုတင်မောင်ဦး ကို မျက်မှောင်ကြုံ့ကြည့်မိပြီးး…

“ဟာ…. ဘယ့်နှယ် မေးခွန်းတေ ွပြန်မေးနေတာလဲ ။ ကျွန်တော် မေးတာ အရင်ဖြေပါဦး“ ဟု ပြန်ပြောသည်။
“ကိုင်း ဒါဆို မင်းဘာမှ မသိသေးတာ သေချာပြီ။ ဒီနေ့ ပွဲပျက်တယ်။ အခမ်းအနားလုပ်ခွင့် မပေးဘူး။ မနေ့ညက လင်းအားကြီးမှ အဆောင်တိုင်း အခန်းစေ့လိုက်ပြီး ဖိတ်စာတွေအစ သိမ်းတယ်။ ဒါတွေအားလုံး မင်းသိလို့မြို့ထဲမှာ ရှောင်နေတယ် ထင်တာ။ ညကြီးကျမှ ပါမေက္ခချုပ်ဆီ ရန်ကုန်က ဖုန်းဝင်လာလို့တဲ့။ ပါမေက္ခချုပ်က တော်တော် စိတ်ဆိုးနေပြီ။ ဘယ်သူ လုပ်တာလဲ။ ဘယ်အဖွဲ့အစည်းကလဲ ဆိုတာထိ မေးခိုင်းနေသတဲ့။ အဲဒါ ဆရာ ဒေါက်တာဘကြည်က မင်းကိုတွေ့တွေ့ချင်း သူ့ဆီ အမြန်လွှတ်ပေးပါဆိုလို့။ ငါလည်း မင်းနဲ့ဆက်သွယ်ဖို့ စီစဉ်နေတုန်း မင်း ဝင်လာတာတွေ့လို့ လှမ်းခေါ်တာ”

ကိုတင်မောင်ဦး အသံမှာ စိုးရိမ်သံနှင့်အတူ မောပန်းမှုတွေ ရောစွက်နေသည်။ ကျွန်တော်လည်း မျက်လုံးများ ပြာသွားမတတ် အံအားသင့်သွားသည်။

ပွဲဖျက်သတဲ့..”
အခမ်းအနားလုပ်ခွင့်မပေးဘူးတဲ့….”
ဖိတ်စာတွေသိမ်းသတဲ့….”
ဘယ်သူလုပ်တာလဲ….”
ဘယ်အဖွဲ့အစည်းကလဲ….”

ကျျွန်တော် အံသြမှုနှင့်အတူ တွေဝေသွားသည်။ ကိုတင်မောင်ဦးက ကျှွန်တော့် ကျောကိုပုတ်ပြီး
“ကိုင်း၊ စဉ်းစားမနေနဲ့ ကောင်လေး..” ဆရာဒေါက်တာဘကြည် သူ့အခန်းထဲက စောင့်နေတယ်။ မြန်မြန် သွားလိုက်ဦး။ ငါ ချိုကြီးဆိုင်က စောင့်မယ်“ ဟု ပြောရင်း ဟိုဟိုသည်သည် ကြည့်ကာ ကျန်ရစ်သည်။ ကျွန်တော်က ဌာန၏ ကွန်ကရစ် လှေကားထစ်တွေ အတိုင်း တစ်လှမ်းချင်း တက်ရင်း ဘာများ မှားလို့လဲ၊ ပွဲက “နောက်ဆုံးနှစ် ကျောင်းသူ ကျောင်းသားများ၏ နှုတ်ဆက်ပွဲနှင့် အာစရိယပူဇော်ပွဲ” မင့်ဟာ။ ကျွန်တော် ထိုနေ့က အဖြစ်အပျက်ကို ပြန်စဉ်းစားမိသည်။

ဖိတ်စာ ဒီဇိုင်း ချက်ချင်းရေးပေးပါဆိုလို့
—————————————–

“ဟာကွာ၊ နောက်ဆုံးနှစ် ကျောင်းသူ ကျောင်းသားများ၏ နှုတ်ဆက်ပွဲနှင့် အာစရိယပူဇော်ပွဲ ခေါင်းစဉ်ပဲကွာ၊ စာသားချည်း မဖြစ်စေချင်ဘူး။ မင်းက ဒီဇိုင်းလေးဘာလေး စိတ်ကူးပြီး ထည့်ပေးဖို့ပါ“
ကိုတင်မောင်ဦး ၏ အသံက တက်ကြွနေသည်။ “ဖိတ်စာက ဒီနေ့ ချက်ချင်းရိုက်ရမှာ မင်းအခုပဲ တခါတည်း ဆွဲပေးခဲ့“ဟု လောနေသည်။ ဒီကနေ့ ကျောင်းသို့အလာ အခန်းထဲမဝင်ခင် ကိုတင်မောင်ဦးက ကျွန်တော် ပုံလေးဘာလေး မတောက်တခေါက် ရေးတတ်မှန်း အခုပွဲအတွက် ဖိတ်စာ ဒီဇိုင်းလေး ချက်ချင်း လက်ပူတိုက် ရေးခိုင်းခြင်း ဖြစ်သည်။ ကျနော်က လွယ်အိတ်ထဲ အသင့်ပါလာသော စကက်ချ်ဘုတ်နှင့် ပီလီကင် ပုံဆွဲဘောပင် ကို ထုတ်သည်။ ဟုတ်ပြီ..

“နောက်ဆုံးနှစ် ကျောင်းသူကျောင်းသားများ၏ နှုတ်ဆက်ပွဲ….“

အမိတက္ကသိုလ်မှာ ၄နှစ်လေးမိုးပညာသင်ယူပြီး ဇာတိရပ်ထံ ပြန်ကြမှာမို့ အဝေးဆီသို့ ပျံသည့် ငှက်လေးများအုပ်ဖွဲ့မည်။ ကျောခိုင်းတာက အမိရင်ခွင်မို့ မန္တလေးဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်၏ အမှတ်အသား ပင်မဆောင် နိမိတ်ပုံ…“ဟုတ်ပြီ…“။ ပြီးတော့ အာစရိယပူဇော်ပွဲ။ ဒါကမခဲယဉ်း။ လက်အုပ်မိုးထားသော လက်အစုံမှာ ကြာငုံလေးတွေ။ ရည်မှန်းသည်က အာစရိယဟူသော အလင်းရောင်ပေးသည့် နေဝန်း။

ဒီပုံရိပ်တွေကို ဒီဇိုင်း အမျိုးအစားကျအောင် ဖွဲ့စည်းလိုက်တော့ လွတ်နေသော ထောင့်ချိုး တစ်နေရာမှာ မန္တလေးဟန် ကနုတ်အခွေလေး ကော့ပျံထည့်လိုက်သည်။ ပုံဆွဲစက္ကူ အဖြူပေါ် ခဲနှင့်လျာပြီး ပီလီကင် ပုံဆွဲဘောပင်နှင့် အချောကောက်ကြောင်း လိုက်ပေးလိုက်တော့ ကိုတင်မောင်ဦးက သဘောအကျကြီး ကျသွားပြီး…..

“ကောင်လေး .ဒါကြောင့် မင်းကို အားကိုးတာ။ ဒါကို ဖိတ်စာမျက်နှာဖုံးလည်း လုပ်မယ်။ တစ်လက်စတည်း အခမ်းအနား နောက်ခံ ဘက်ဂရောင်းမှာ ဒီပုံစံအတိုင်း တစ်ဖက်ချောဂ ျပ်စက္ကူအဖြူတွေ လှီးပြီး ပုံဖော်မယ်။ ဒီတော့ ရော့လက်ဖက်ရည်သောက် ဒီဇိုင်းခ။ ပြီးရင် စမူဆာသုတ်စား အဲဒါက ညကျ မင်းကိုယ်တိုင်လိုက်ပြီး အခမ်းအနားမှာ ဒက်ကရေးရှင်း ဆင်ပေးဖို့“ဟု အားရဝမ်းသာ ပြောသည်။

ကျွန်တော်က ကိုယ့်နဖူးကိုယ ရိုက်ပြီး“ သေပါပြီဗျာ“ ဒီနေ့တစ်ညတော့ ကျောင်းမှာတင ်မိုးလင်းပြန်ပြီပေါ့“ ဟု ဆိုတော့….

“ကောင်လေး၊ ဂျပ်ပေါ်ပုံတွေပဲလျာပေး၊ ကျန်တာ အားလုံး ဖြတ်ညှပ်ပြီး ငါတို့ဆင်မယ်။ မင်းလျာထားပေး ပြီးရင် ရွှေပြည်အေးက ကိုမြင့်သိန်း အခန်းသွားပြီး အိပ်တော့၊ မိုးမလင်းစေရဘူး“ဟု ကိုတင်မောင်ဦးက ပြောသည်။ ကျွန်တော်က ဖိတ်စာ မျက်နှာဖုံး၏ ထောင့်ချိုးက ကနုတ်ပန်း အထောက်လေးမှာ ဒီဇိုင်းရေချိန် မှန်သွားအောင် အညွန့်လေးတစ်ခု ထပ်ကွန့်ပြီး၊ အနက်ဝိုင်းစက်လေးတွေ ထည့်လိုက်သည်။

ဒေါင်းတော့ဒေါင်း၊ ဘာဒေါင်းလဲ
——————————–

ဆရာဒေါက်တာဘကြည်က သူ့အခန်းထဲ ဝင်လာသော ကျွန်တော့်ကို ပြုံးကြည့်ပြီး “မင်း ဒေးဗစ်ချမ်းဦးထုပ် ငါဆောင်းကြည့်ဦးမယ်၊ ထားခဲ့ဦး။ အေး လောလောဆယ် မင်း အရှေ့ဖက်က အခန်းထဲ သွားလိုက်ဦး၊ မနက် အစောကြီးလာတည်းက ကေဒါကြီးများက မင်းကို စောင့်နေကြတာ“ ဟုပြောရင်း ဆရာညွှန်သော အခန်းဖက်သို့ ခြေဦးလှည့်သည်။ အခန်းထဲမှာ ဆရာသုံးယောက် ထိုင်နေပြီး ကျွန်တော် ဝင်လာတာကို မျက်ထောင့်နီကြီးတွေနှင့် လှမ်းကြည့်သည်။ တူးအိုစစ် ဆရာက တိုက်ပုံကို လက်ပင့်၊ ပုခုံးပေါ်က တဘက်လေးနှင့် အဆီပြန်နေသော မျက်နှာကို သုတ်ပြီး ၊ မျက်နှာချင်းဆိုင် ကျောက်သင်ပုန်းပေါ်က ပုံတွေဆီ လက်ညှိုးထိုးရင်း…။

“ကိုင်း…၊ ဟေ့ကောင် မင်းဆွဲတဲ့ပုံက အဲဒါတွေ မဟုတ်လား…“ ခပ်ငေါက်ငေါက် မေး၏။ ကျောက်သင်ပုန်းပေါ် လှမ်းကြည့်တော့ မြေဖြူဖြင့် ဆွဲထားသော ခွပ်ဒေါင်းပုံများ။ ဒေါင်းမြီး တည့်တည့်။ ဒေါင်းမြီး ထောင်လျက်၊ ခေါင်းမြီး ကွေးလျှက် ၊ ဒေါင်းမြီး ညွှတ်လျှက် ၊ ကျွန်တော့် ဖိတ်စာပေါ်က ကနုတ်ပန်းနှင့် ဒေါင်းမြီးများ နှိုင်းယှဉ်ထားသည့် ပုံများ။

တူးအိုစစ် ဆရာက “မင်းဒီဇိုင်းက ခွပ်ဒေါင်းပုံကို မသိမသာ ဖော်ထားတယ်။ ပျံနေတဲ့ ငှက်တွေက ချိုးဖြူတွေ လန့်ပျံသွားပုံမျိုး။ အောက်က အနက်စက်ခုနစ်စက်က ဆဲဇင်းဇူလိုင်ကို အဓိပ္ပာယ်ဖော်တာ။ ထိပ်ထောင့်က အဝိုင်းက အရုဏ်ဦး နေဝန်းနီ။ အနီသို့ ဦးတည်ခြင်း သဘော။ အားလုံးက အဓိပ္ပာယ် ရှိတယ်။ ရည်ရွယ်ချက် ရှိတယ်။ ဒါကြောင့် ဖြုတ်လိုက်ရတယ်။ အခုမနက်မှာတင် ပြသနာက ရန်ကုန်အထိ ရီပို့တက်သွားလို့၊ ပွဲပါ ဖျက်ခိုင်းလိုက်ရတယ်။ မင်း ရည်ရွယ်ချက် ရှိရှိ လုပ်တာ မဟုတ်လား။ မင်း ဘယ် အဖွဲ့အစည်းကလဲ။ဒါတွေ သက်ဆိုင်ရာက မင်းကို ဆက် ဖော်ထုတ်လိမ့်မယ်။ တို့ဌာနအနေနဲ့ သတိပေးတာ။ အဲဒါပြောချင်လို့။ ဆရာဒေါက်တာဘကြည်နဲ့ တွေ့ပြီးရင် သူက မင်းကို မှာစရာရှိတာ မှာလိမ့်မယ်။ ဆရာကြီး မှာတဲ့အတိုင်း လိုက်နာပါ။ ဒါပဲ။ သွားတော့ အတော်ဒုက္ခပေးတဲ့ ကောင်လေး….“

ကျွန်တော် ဘာပြန်ပြောရမှန်း မသိအောင် အံ့အားသင့် သွားသည်။ သွေးတွေ ပူလာသည်။ ပြန်ပြောဖို့ အားယူသည်။ ဒါပေမယ့် ဆရာဒေါက်တာဘကြည်ဆီပဲ ပြန်တွေ့ဖို့ အခန်းထဲက ချာကနဲလှည့်ထွက်လိုက်သည်။

“အေး….ထိုင်။ ကေဒါကြီးတွေလေကွာ ရဲရဲတောက်တွေပေါ့။ ဒါသူတို့ အလုပ်လို့ပဲ အောက်ေ့မလိုက်။ ဒါထက် နေပါဦးကွ၊ အခု မင်းဦးထုပ်က ဒေဗစ်ချမ်းဦးထုပ်ဟုတ်လား။ မင်းက ဒီဦးထုပ်တော့ အတော်ကြိုက်ပုံပဲ၊ ခေါင်းကကို မချွတ်တော့ဘူး။ မင်းနဲ့တော့ လိုက်သားကွာ။ ဘယ့်နှယ်လဲ၊ ငါနဲ့ရော လိုက်ရဲ့လား။ မင်းက ဒေးဗစ်ချမ်းလို သိုင်းသမားပဲ နေမှာပါကွာ။ နိုင်ငံရေးသမား မဟုတ်လောက်ပါဘူး။ နေပါဦးကွ မင်းဖိတ်စာ ဒီဇိုင်းက သူတို့ စွပ်စွဲသလို မဟုတ်ပါဘူး။ ငါသိပါတယ်။ နေပါဦး။ သူတို့စွပ်စွဲသလို မင်းက ရည်ရွယ်ချက်နဲ့ ဆွဲတာမဟုတ်ဘူး မဟုတ်လား။ ရည်ရွယ်ချက်နဲ့ လုပ်တာ မဟုတ်ဘဲနဲ့တော့ မနစ်နာစေနဲ့မောင်။ဟုတ်လား..။ ကိုင်း..မင်းရှင်းပြပါဦး၊ ဖိတ်စာကပုံတွေ..” ဟု ပြောရင်း ဆရာဘကြည်က သူ့စာပွဲပေါ်ရှိ ဖိတ်စာလေးကို ကောက်ယူသည်။

ကျွန်တော်က ဆရာ့ခေါင်းပေါ် မတော်ဘဲဆောင်းထားသော ကျနော့်ဒေးဗစ်ချမ်းဦးထုပ်လေးကို လှမ်းကြည့်ရင်း
“ ဘာရည်ရွယ်ချက်မှ မရှိပါဘူး ဆရာ၊ ဖိုင်နယ်ကျောင်းသားတွေ နှုတ်ဆက်တာမို့ အဝေးကိုပျံထွက်သွားတဲ့ ငှက်တွေ..၊ အာစရိယပူဇော်ပွဲမို့ လက်အုပ်ချီထားတဲ့ ကြာပန်း..၊ ဆရာတွေ ဂုဏ်ကိုဖော်တာမို့ အလင်းရောင်ပေးတဲ့ နေဝန်း..၊ ဒါတွေပါ ဆရာ ။ ကျန်တာ ဒီဇိုင်းသဘောနဲ့ ဖြည့်ထားတာပါ။ ဒီဖိတ်စာကို လုပ်ရမယ် ဆိုတာလည်း ကြိုမသိ ပါဘူး။ ကိုတင်မောင်ဦးးနဲ့ တွေ့တော့ သူခိုင်းလို့ ချက်ချင်းစိတ်ကူးပေါ်သလောက် ဆွဲပေးလိုက်တာပါ။ ” ဟု ရှင်းပြ လိုက်သည်။

ဒေးဗစ်ချမ်းနှင့် ပလေးဘွိုင်း
——————————–

ဆရာဒေါက်တာဘကြည်က“အေးလေ..ငါလည်း အဲဒီလိုမြင်တာပဲ..၊ သူတို့မို့ ရှာရှာပေါက်ပေါက် အတွေးခေါင်ပြီး ရေးကြီးခွင်ကျယ်လုပ်နေတာ..။ ဘယ့်နှယ် ကိုယ့်ကျောင်းသားကို ကြံဖန်အပြစ်ရှာပြီး အရေးယူရမယ်လို့..၊ ဟို.. ရိုက်တာဆိုတဲ့ သူက ပိုကြောက်တတ်သေး၊ တစ်ညလုံး ဖုန်းတဂွမ်ဂွမ ်ဆက်ပြီး အဲဒီ ကျောင်းသားကို ဖော်ထုတ်ပါလေး ဘာလေး ဒီမယ် ဟေ့ကောင် (လေသံတိုးတိုးဖြင့်) နောက်တစ်ခါ မင်း ရည်ရွယ်ချက်ရှိရှိ လုပ်ချင်ရင် ငါ့ကို ကြိုပြီးပြောထား၊ ငါ ကြိုသိထားတော့ ကြည့်ကြက် ရွှီးပြီး ကာကွယ်လို့ ရတာပေါ့။ သိလား..” ဟု ပြောသည်။ ဆရာက အနားရှိ ခပေါင်း စီးကရက်ဘူးထဲက တစ်လိပ်ကို ထုတ်ကာ မီးညှိပြီး..

“ အေး အခု ငါ ရိုက်တာနဲ့လည်း ပြောပြီးပြီ။ ကျုပ်ကျောင်းသားကို တာဝန်ယူတယ်၊ ဘာမှ ဖော်ထုတ်စရာမှ မလိုဘူး၊ ကျုပ်အိမ်မှာ စားသောက်နေတဲ့ ကောင်..၊ သူ့မှာ ဘာရည်ရွယ်ချက်မှ မရှိဘူး၊ ဘာအရောင် ဘာနောက်ခံမှလည်း မရှိဘူး၊ ဘာအဖွဲ့အစည်းမှလည်း မရှိဘူး၊ တကယ်လို့ တစ်ခုခု ညိစွန်းတယ်ဆိုရင် ကျုပ်ကိုသာ လာဖမ်း၊ ကျုပ်ကျောင်းသားကို ကျုပ်တာဝန်ယူတယ်လို့ အပြတ်ပြောလိုက်တယ်။ ဘယ်ရမလဲကွာ၊ သူတို့ ထုတ်ပြန်ထားတာက ကျောင်းတွင် ချိတ်ဆွဲ ထုတ်ေ၀ ဖြန့်ချိ ဝေငှမည့် ပြက္ခဒိန် ပိုစတာ စာစောင် မဂ္ဂဇင်း ပို့စကတ်များကို ကြိုတင်ပေးပို့ ခွင့်ပြုချက် ယူရမည်ဆိုတဲ့ စည်းကမ်းမှာ ဖိတ်စာလို့လည်း မပါဘူး၊ အခမ်းအနား ဘက်ဂရောင်းလို့လည်း မပါဘူးလို့ ပြောလိုက်တာပေါ့ကွ။

ကိုင်း.. ဒါတွေ ပြီးပါပြီ၊ နေဦး မြို့ထဲက တရုတ်တန်းဇာတ်ရုံမှာ ပလေးဘွိုင်းအဖွဲ့ရုံသွင်းနေတာဆို၊ ပလေးဘွိုင်က ဘာနာမည်ကြီးတာလဲ ငါသိချင်တာ။ ခေတ်နောက်ကျတော့ မခံနိုင်ဘူးမောင်၊ ငါက ရိုက်တာကို ငါ့အိမ်က မင်း စားအိမ် သောက်အိမ်ပဲလို့ ပြောခဲ့တာ မုသား မဖြစ်ရအောင် အခု ငါ့အိမ် လိုက်ခဲ့၊ အိမ်ကျမှ ထမင်းစား ၊ ဟုတ်ပြီလား။ အခု လောလောဆယ် ချိုကြီးမှာ လက်ဖက်ရည် သောက်မယ်။ ညကျ တင်မောင်ဦးကိုပါ ခေါ်ပြီး ပလေးဘွိုင် ကြည့်ကြမယ်ကွာ ဟုတ်ပြီလား” ဟု ဆိုကာ တဟားဟားရယ်သည်။

ကျွန်တော်က “ဆရာကြီး လက်မှတ်ကမလွယ်ဘူး” ဟုဆိုတော့ “ ဟ ကောင်ရ ရုံဝင်ခပေးပြီး မင်းလမ်းက ဖိနပ်ဖင်ခုထိုင် ကြည့်ကြတာပေါ့” တဲ့၊ ပြောရင်း ကျွန်တော့် ဦးထုပ်လေး ဆောင်းလျှက်နှင့် ရှေ့က သွားနှင့်လို့ ဆရာ့ သားရေအိတ် အနက်ကြီးကို ဆွဲကာ လိုက်ရသည်။ မန္တလေး ဝိဇ္ဖာနှင့် သိပ္ပံတက္ကသိုလ်မှာ သင်္ချာအဓိက ဒုတိယနှစ်ဖြင့် ကျောင်းတက်စဉ် ပါမောက္ခဒေါက်တာဘကြည်နှင့် မှတ်မှတ်ထင်ထင် ထပ်မံ ကြုံတွေ့ခဲ့ရမှုကို အခုတလော သတိတရ ရှိနေတော့သည်။

ထိုဖြစ်စဉ်နောက် ဌာနမှ ဆရာဦးအောင်ကြီးက ကျွန်တော့်ကို တွေ့တိုင်း ဘယ့်နှယ်လည်း ရတနာပုံ တံဆိပ်တော်ဆရာလေး ဟု အမြဲ နောက်ပြောင်သည်။ ရတနာပုံတံဆိပ်တော်က က ဒေါင်းလေ။

 

ဆူးငှက်

Related posts

Leave a Comment

VOM News

FREE
VIEW